September 26, 2009

Advanced Using Kaspersky 7.0

အချိန်ရလို့ Kaspersky ရဲ့ Setting ထဲမှာ လိုက်မွှေကြည့်မိတယ်။ အရမ်းအသုံးတည့်တဲ့ Features တွေ ပါဝင်နေတာကို တွေ့လိုက်ရပါတယ်။

Setting page ရဲ့ ဘယ်ဘက် panel မှာ
Protection
Scan
Threats and exclusions
Update
Proxy Server
Traffic Monitoring
Reports and data files
Service
Appearance ဆိုပြီး အုပ်စုလိုက် ခွဲထားပါတယ်။

Protection
Protection ထဲမှာ File Anti-Virus ဆိုပြီး ရှိပါတယ်။ သူ့ထဲမှာ Security Level ဆိုတဲ့ slider လေးပါပါတယ်။ Default အနေနဲ့ အလယ်မှာပဲ ထားလေ့ရှိပါတယ်။ ဒါပေမဲ့ ကိုယ့်စက်ကို ပိုလုံခြုံသထက် လုံခြုံချင်ရင်တော့ အပေါ်ဆုံးထိ တင်ထားလိုက်ပါ။ ပြီးရင် Customize ကိုနှိပ်ပြီး လုပ်လို့ရတာလေးတွေ ရှိပါသေးတယ်။ Kaspersky ဟာ ပုံမှန်အားဖြင့် Scan စစ်တဲ့အခါမှာ Programs တွေနဲ့ Documents တွေကို စစ်လေ့ရှိပါတယ်။ Documents တွေမှာ ဗိုင်းရပ်စ်ကပ်တယ်ဆိုတာ အရမ်းရှားပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Scan programs and documents (by extension) ကိုရွေးလို့ရပါတယ်။ ဒါဆိုရင် Kaspersky က executable တွေကိုပဲ Scan စစ်ပါလိမ့်မယ်။ ဒါကြောင့် Scan စစ်တဲ့ကြာချိန် လျော့နည်းသွားပါလိမ့်မယ်။

အဲဒီ Customize ထဲမှာပဲ heuristic analyzer ဆိုတာပါပါတယ်။ သူ့ကို On ထားရင် ဗိုင်းရပ်စ်တွေကို ပိုပြီး ထိရောက်စွာနဲ့ ကာကွယ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စက်ရဲ့ performance လည်း အရမ်းကျသွားပါလိမ့်မယ်။ heuristic ဆိုတဲ့ စကားလုံးကတော့ မိမိဘာသာဝေဖန်ဆန်းစစ်နိုင်ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။

Customize ကနေ ထွက်လိုက်ပါ။ File Anit-Virus ထဲမှာပဲ Action ဆိုတာ ပါပါသေးတယ်။ သူက ဗိုင်းရပ်စ်တွေ့ရင် ဘယ်လိုလုပ်ချင်တာလဲဆိုတာ ရွေးပေးလို့ရပါတယ်။ ရွေးစရာအနေနဲ့ Prompt for action နဲ့ Block access ဆိုတာ ပါပါတယ်။ Prompt for action ဆိုတာကတော့ ဗိုင်းရပ်စ်တွေ့ရင် user ကို disinfect လုပ်မှာလား၊ delete လုပ်မှာလားဆိုပြီး မေးပါလိမ့်မယ်။ Block access ကို ရွေးလိုက်ရင်တော့ Kaspersky ဟာ ဗိုင်းရပ်စ်ကို တွေ့တဲ့အခါမှာ အရင်ဆုံး Disinfect (ဖိုင်တွင်ကပ်နေသောဗိုင်းရပ်စ်ကို ခွဲထုတ်သတ်ခြင်း) လုပ်ပါလိမ့်မယ်။ Disinfect မလုပ်နိုင်ရင် ဖျက်ပစ်ပါလိမ့်မယ်။

ဒီနည်းလမ်းဟာ ဗိုင်းရပ်စ်တွေ ထောင်ချီဝင်နေတဲ့ hard disk ကို scan စစ်တဲ့အခါမှာ အရမ်း အသုံးဝင်ပါတယ်။ Kaspersky က မေးသမျှကို အချိန်ကုန်ခံပြီး ထိုင်ဖြေနေစရာမလိုတော့ဘူးလေ။ Scan နှိပ်ပြီး ပစ်ထားလိုက်ရုံပါပဲ။ Kasper က သူ့အလိုလို သတ်သွားမှာပါ။

Kasper 2007 2009 နဲ့ 2010 မှာ ဒီ Feature ဟာ Default ဖြစ်သွားပါတယ်။ ဗိုင်းရပ်စ်တွေ့ရင် Disinfect လုပ်တယ်၊ မလုပ်နိုင်ရင် Delete လုပ်ပစ်ပါတယ်။ တချို့က အဲဒါကို နည်းနည်း မျက်စိလည်ကုန်ကြပါတယ်။ အဲဒီလို ဘာမှမမေးတဲ့အတွက် kaspersky က သူ့သဘောနဲ့သူ ဖိုင်တွေ ဖျက်ပစ်ရင် ဘယ်လိုလုပ်မလဲဆိုပြီး စိုးရိမ်စိတ်ဝင်တဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။
ဒါကို ကျွန်တော် အနည်းငယ်ရှင်းပြချင်ပါတယ်။ Kasper ဟာ မသတ်နိုင်ရင် အလိုလို ဖျက်တာကို ကြောက်စရာမလိုပါဘူး။ သူက ဗိုင်းရပ်စ်အစစ်ကို ဖျက်တာပါ။ ကြောက်စရာမလိုပါဘူး။

ဆိုပါစို့. Stick ထဲမှာ abc ဆိုတဲ့ Folder လေးရှိတယ်။ ကိုယ့် data တွေ ထည့်ထားတယ်။ Stick ကို ဗိုင်းရပ်စ်ရှိတဲ့ စက်မှာ သွားထိုးလိုက်တယ်။ အဲဒီအခါမှာ Stick ထဲမှာ ရှိနေတဲ့ abc ဆိုတဲ့ Folder ကို ဗိုင်းရပ်စ်က ဖျောက်ပစ်ပါတယ်။ ပြီးတော့ abc ဆိုတဲ့ Folder အတု ဖန်တီးလိုက်ပါတယ်။ တကယ်တမ်းတော့ အဲဒါဟာ Folder မဟုတ်ဘဲ abc.exe သာ ဖြစ်ပါတယ်။

Kasper က ဖျက်တဲ့အခါမှာ အဲဒီ abc.exe ကိုသာ ဖျက်ပါတယ်။ မူရင်း abc Folder ကို လုံးဝ မဖျက်ပါဘူး။ ဒါပေမဲ့ abc ကို ဗိုင်းရပ်စ်က hidden လုပ်ပစ်ခဲ့တဲ့အတွက် user က မမြင်တော့ဘူး။ အဲဒီအခါမှာ Kaspersky က ငါ့ data တွေ ဖျက်တယ်ဆိုပြီး ဖြစ်ကုန်တော့တာပါ။

ဆက်ပါဦးမည်..

September 20, 2009

Problems With Dremweaver CS3

Website တစ်ခုရေးဖို့ လာအပ်တာနဲ့ မလုပ်တာကြာပြီဖြစ်တဲ့ Web ပိုင်းကို ပြန်လည် ခြေဦးလှည့်ဖြစ်ပါတယ်။ Web ကို အရူးအမူးလုပ်ခဲ့တုန်းက Dreamweaver က Version 8 အခုဆိုရင် CS4 (ver 10) တောင် ရောက်နေပါရော။ CS3 ရော CS4 ရော ခွေသာဝယ်ထားတာ။ တစ်ခါမှ မတင်ရသေးဘူး။ အဲဒါနဲ့ပဲ ကဲ ဒီ Website ကိုတော့ CS3 နဲ့ လုပ်မယ်ဆိုပြီး Dreamweaver CS3 ကို ကောက်တင်ပါလေရော။ Install လုပ်ချိန်က အရင်ကထက် ပိုကြာသွားတယ်ဆိုတာ သတိထားမိတယ်။ Install ပြီးတော့ Crack ဖြည်ပြီး သုံးဖို့ စဖွင့်တယ်။ နောက် သီချင်းနားထောင်ဦးမယ်ဆိုပြီး Windows Media Player ကို ဖွင့်တယ်။ WMP ဖွင့်ချိန်ဟာ တော်တော်လေးကြာသွားတယ်ဆိုတာ သတိပြုမိတယ်။ မသင်္ကာတာနဲ့ Task Manager ကို ဖွင့်ကြည့်တော့ Dreamweaver CS3 ဟာ CPU Usage 100% ပြနေတာကို တွေ့ရပါတယ်။ CS3 ဟာ အဲဒီလောက် ယူသုံးသလားဆိုတာ မတွေးတတ်အောင်ကို ဖြစ်ရပါတယ်။ Install လုပ်တဲ့စက်က Celeron D, 512 MB ပါ။

Crack ကြောင့် ဖြစ်တာလားဆိုပြီး Dreamweaver ကိုဖြုတ်၊ ပြန်တင်၊ Crack မဖြည်ဘဲ Trial Version နဲ့ run လည်း CPU Usage က 100% ကနေ ကျကိုမကျတော့ဘူး။ အဲဒါနဲ့ပဲ Dual Core စက်တစ်လုံးမှာ သွားတင်ကြည့်တယ်။ Dual Core မှာတော့ 50% ထိပဲ သူက သုံးတယ်။ ဒါပေမဲ့ 50% သုံးတယ်ဆိုတာ နည်းနည်းနောနောမှ မဟုတ်တာ။

နောက်တစ်ချက် စဉ်းစားမိတာက Installer ထဲမှာ အကောင်တွေဘာတွေ ပါလို့များလားလို့ တွေးမိသေးတယ်။ Kaspersky နဲ့တော့ စစ်သေးတယ်။ မတွေ့ဘူး။ နောက် အားတဲ့ရက်ကျမှ Dreamweaver CS3 ကို Adobe ကနေ Download ဆွဲပြီး တင်ကြည့်ရဦးမယ်။ အဲဒါမှ အဖြေပေါ်မှာပဲ။

အခုတော့ CS4 ကို တင်ပြီး လုပ်နေတယ်။ လက်ရှိသုံးနေသလောက်ကတော့ တော်တော်ကောင်းတယ်။ CSS ပိုင်းမှာ အရမ်းပြည့်စုံသွားတယ်။ ပြီးတော့ Ajax ပိုင်း။ Ajax အတွက် Adobe က သူတို့ရဲ့ Spry ကို တစ်ခါတည်း ထည့်ပေးလိုက်တယ်။ Marketing ဆင်းတာနဲ့တူပါတယ်။ ကျွန်တော်တောင် တခြား Ajax Framework တွေကို လေ့လာမလို့။ သူက အခုလို Spry ကိုပဲ ထည့်ပေးလိုက်တော့ Spry ပဲ သုံးဖြစ်တော့မယ်နဲ့ တူပါတယ်။ မှတ်မိသေးတယ်။ Spry ထွက်ခါစက နေ့နေ့ညည စမ်းသပ်ပြီးရေးကြည့်ခဲ့တဲ့ coding တွေက အခုကျ built-in တွေဖြစ်သွားရော။ ရင်နာလိုက်တာ။

Wallcoo.com


Quality ကောင်းကောင်း wallpaper တွေလိုချင်သူတွေ အတွက် www.wallcoo.com ဆိုတဲ့ဆိုဒ်တစ်ခုကို ညွှန်းချင်ပါတယ်။ ဒီဆိုဒ်မှာ Resolution အနေနဲ့ အနိမ့်ဆုံး 800x600 ကနေ 2560x1600 တွေလောက်အထိရှိပါတယ်။ ဒါ့အပြင် Dual-Screen တွေအတွက် 3200x1200 တွေလည်းရနိုင်ပါတယ်။
Category တွေအနေနဲ့ Landscapes, Animal, Celebrity, Illustration, Art, Photography, Anime, Holiday, Flower, Advertising, Movie, Travel, Auto, Sport, Game, Calendar စသဖြင့်စုံစုံလင်လင်ရှိပါတယ်။

တစ်ခုပဲပြောစရာရှိတာက China Site ဖြစ်တဲ့အတွက် အများစုကတော့ တရုတ်လိုရေးထားမှာပါ။ ဒါပေမယ့် တချို့ ကို English လိုလဲရေးထားပေးလို့ အဆင်ပြေပါတယ်။ English version အနေနဲ့ www.wallcoo.net ကိုကြည့်နိုင်ပေမယ့် www.wallcoo.com လောက်တော့ ပုံမများပါဘူး။
ဒီဆိုဒ်တွေက ပုံကောင်းကောင်း စုဆောင်းလိုသူတွေ အကြိုက်ဖြစ်ပါလိမ့်မယ်။

September 19, 2009

Photo Compressing Techniques

တစ်ရက်က သူငယ်ချင်းတစ်ယောက်က Gmail မှာ ပုံတွေကို attachment လုပ်ပြီး ပို့နေတာကို မေးလ်က မထွက်နိုင်ဘဲ ဖြစ်နေလို့ အတော် ညည်းတွားနေရှာတယ်။ ကော်နက်ရှင်..ကော်နက်ရှင်နဲ့ ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောနေလေရဲ့။

ကျွန်တော်လည်း ဘေးကနေပြီး မနေနိုင်တော့ဘူး။ နေစမ်းပါဦးဟဆိုပြီး သူပို့တဲ့ ပုံတွေရဲ့ File size ကို ကြည့်လိုက်တယ်။ အမယ်လေး တစ်ပုံကို 2.5 MB လောက်တောင် ရှိသဗျ။ သူက ဒီဂျစ်တယ် ကင်မရာနဲ့ ရိုက်ထားတဲ့ပုံတွေကို ဒီအတိုင်းပို့နေတာတဲ့လေ။ အေး မင်းမေးလ်က မထွက်တာတောင်မှ နည်းသေးတယ်။ ပုံတွေကို size လျှော့ဦးလေကွာလို့ ပြောရတယ်။

ပုံတွေရဲ့ File Size ကို လျှော့ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Paint ပဲဗျ။ အဟဲ အံသြသွားလားမသိဘူး။ ဒီလိုပါ။ ကိုယ် size လျှော့ချင်တဲ့ပုံကို Paint နဲ့ ဖွင့်လိုက်ပါ။ ပြီးရင် Paint ရဲ့ Menu ထဲကနေ File>Save ကို ရွေးလိုက်ပါ။ တခြား ဘာမှလုပ်စရာမလိုပါ။ ဒါဆိုရင် file size က အလိုလိုလျော့သွားပါလိမ့်မယ်။ စမ်းသပ်ချက်အရ 2.5MB ရှိတဲ့ ပုံကို Paint နဲ့ လျှော့လိုက်တာ 656 KB ပဲ ရှိပါတော့တယ်။

ပုံတွေရဲ့ အရွယ်အစားကို ချုံ့ချင်တယ်ဆိုရင်တော့ Office တင်ထားတဲ့စက်တိုင်းမှာရှိနေတဲ့ Microsoft Office Picture Manager ကိုသုံးခြင်းပါပဲ။ အများအားဖြင့် Digital Camera နဲ့ရိုက်ထားတဲ့ ပုံတွေရဲ့ Dimension ဟာ အရမ်းကြီးလွန်းနေတတ်ပါတယ်။ ဥပမာ 3264*2176 အထိ ရှိနေနိုင်ပါတယ်။ အဲဒါကို Office Picture Manager နဲ့ Dimension ကို 640*480 အထိ ထားလိုက်ရင် File size က အရမ်းကို သေးသွားပါလိမ့်မယ်။

ချုံ့ချင်တဲ့ပုံကို Office Picture Manager နဲ့ဖွင့်ပါ။ ပြီးရင် Toolbar မှာရှိတဲ့ Edit Pictures ကိုနှိပ်ပါ။ ညာဘက် Panel ကနေ Resize ကိုရွေးပါ။ Predefined Width and Height ကနေ ကိုယ်အဆင်ပြေမယ့်ဟာကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ပြီးရင် File>Save ကို နှိပ်လိုက်ပါ။ ဒါဆိုရပါပြီ။

အဆင်ပြေကြပါစေ။

September 15, 2009

Memory Stick များ My Computer မှာ မပေါ်တဲ့ပြဿနာ

Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။

အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။

ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။

အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။

အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။

ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။

အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။

နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။

ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။

September 14, 2009

My Computer ထဲကို Fonts folder ထည့်ခြင်း

ကျွန်တော်လည်း အလုပ်ထွက်ပြီး ကတည်းက itmenမှာ ဘလော့ပုံမှန်မရေးဖြစ်တာကြာပြီဗျာ။
ဒီတစ်ခေါက်တော့ Regisity ထဲ ခဏလောက် သွားလည်ကြတာပေါ့။
Fonts တွေကို အလွယ်တကူ ထည့်လို့ရအောင် My Computer ထဲကို Fonts folder လေးထပ်ထည့်ကြည့်ကြရအောင်ဗျာ။
Fonts မှမဟုတ်ပါဘူး ClassID မှာပါတဲ့ My Computer, Recycle Bin, History, My Document, Administrative Tools, Fonts, Ptinters and Faxes အစတာတွေကိုလည်းထည့်နိုင်ပါတယ်။
ကျွန်တော် Fonts ဖိုလ်ဒါလေး ထည့်ပြပါမယ်
Run ကနေ regedit ရိုက်ပြီး Regisity ထဲဝင် [HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\MyComputer\NameSpace\]
အောက်ကို ရောက်အောင်သွား NameSpace ပေါ်မှာ Right Click နှိပ်ပြီး New ကနေ Key ကိုရွေး Key တစ်ခုတည်ဆောက်ပါ Name ကို {D20EA4E1-3957-11D2-A40B-0C5020524152} လို့ပေးလိုက်တယ်
ကဲအခု My Computer ကို ဖွင့် ကြည့်လိုက်ပါ Fonts ဆိုတာလေး ပေါ်နေပါပြီ.....double click နိပ်ပြီး fonts folder ထဲကို အလွယ်တကူသွားလို့ရပါပြီပေါ့..

အော်ဒါများ Fonts ဆိုတာလေး Desktop ပေါ်မှာ Shortcut လုပ်ပြီး ထားလိုက်လည်းရတာပဲ... လို့ ဆိုကောင်းဆိုနိုင်ပါတယ် ဟုတ်ပါတယ် သို့ပေမယ့် My Computer ထဲမှာ ထည့်ကြည့်ခြင်း နဲ့ ClassID ကို သုံးတတ်စေလိုခြင်းအတွက် ကျွန်တော် ဒီ post လေး ကိုတင်လိုက်ရတာပါ
ClassID တွေက ကိုယ်သုံးတတ်လျှင် သုံးတတ်သလို အသုံးဝင်ပါတယ် ဥပမာဆိုပါတော့ ကျွန်တော့ ရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်လေးတွေကို MyFolder လို့ နာမည်ပေးပြီးထည့်ထားမယ် လူတိုင်းဖွင့်ကြည့်လို့မရအောင် လုပ်ထားချင်တယ်ဆိုကြပါစို့ လွယ် လွယ်လေး MyFolder ကို MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} လို့ ပြောင်းလိုက်ရင် ကျွန်တော့ရဲ့ MyFolder ကိုကြိုက်သလောက်သာဖွင့် Fonts folerကိုပဲသွားသွားပွင့်နေတော့မှာပေါ့ MyFolder.{D20EA4E1-3957-11D2-A40B-0C5020524152} မဟုတ်ပဲနဲ့ MyFolder.{645FF040-5081-101B-9F08-00AA002F954E} ဆို My Computer ပဲပွင့်လာတော့မှာပေါ့

ကျွန်တော်သိသလောက် ClassID တွေကို ရေးပေးလိုက်ပါတယ်
My Computer {20D04FE0-3AEA-1069-A2D8-08002B30309D}
Fonts {BD84B380-8CA2-1069-AB1D-08000948F534}
Recycle Bin {645FF040-5081-101B-9F08-00AA002F954E}
Printers and Faxes {2227A280-3AEA-1069-A2DE-08002B30309D}
Administrative Tools {D20EA4E1-3957-11d2-A40B-0C5020524153}
History {FF393560-C2A7-11CF-BFF4-444553540000}
Run... {2559a1f3-21d7-11d4-bdaf-00c04f60b9f0}
**ဒီထက်ပိုသိလိုပါက regisity ထဲမှ [HKEY_CLASSES_ROOT\CLSID\] အောက်တွင် ရှာဖွေနိုင်ပါတယ်

ကြိုးစားပါဦးမည်.....

September 9, 2009

Intel Processors

Pentium 4 ကို လူတိုင်းသိကြပါတယ်။ ပီဖိုး ပီဖိုးဆိုပြီးတော့ အရမ်းရေပန်းစားခဲ့ပါတယ်။ အခုတော့ ပီဖိုးကွန်ပျူတာဆိုတာ အတော်လေးကို ဒိတ်အောက်သွားပါပြီ။ ဒါ့အပြင် ပီဖိုးနောက်ပိုင်း ထွက်လာတဲ့ Intel ရဲ့ CPU တွေအကြောင်းကို သေချာစွာသိတဲ့သူ အလွန်နည်းပါးလှပါတယ်။ ဘာကြောင့်လဲဆိုတော့ P4 နောက်ပိုင်းမှာ နည်းပညာပြောင်းလဲမှု အရမ်းမြန်ဆန်လွန်းခဲ့တယ်၊ ပြီးတော့ ရှုပ်ထွေးလှတဲ့ technology တွေ ပေါ်ထွန်းခဲ့တာရယ်ကြောင့်ပါ။

Intel Company က Pentium 4 နောက်ပိုင်း အစဉ်လိုက်ထုတ်ခဲ့တဲ့ Processor တွေကတော့
1. Pentium D & Celeron D
2. Pentium (Dual Core) & Celeron (Dual Core)
3. Core2 Duo
4. Core2 Extreme
5. Core2 Quad
6. i7 တို့ ဖြစ်ပါတယ်။

သေချာလေ့လာကြည့်မယ်ဆိုရင် Pentium 4 ပြီးတော့ Pentium D ထုတ်တယ်။ Pentium D ပြီးတော့ Pentium ဆိုပြီး နောက်က ဘာမှမပါပဲ ထုတ်လိုက်ပါတယ်။ ဒါပေမဲ့ အခု အဲဒီ Pentium ကို Dual Core လို့ပဲ လူသိများကြပါတယ်။

Pentium 4 ထိ 32bit ဖြစ်ပြီး Pentium D ကစပြီး 64bit တွေ ဖြစ်လာပါတယ်။ 32bit 64bit တွေဆိုတာက CPU ထဲမှာပါတဲ့ register တွေထဲမှာ သိမ်းဆည်းနိုင်တဲ့ data ပမာဏကိုပြောတာပါ။

Dual Core ဆိုတာက CPU ထဲမှာ Core နှစ်ခုပါတယ်လို့ပြောတာပါ။ သာမန် CPU တစ်လုံးမှာ Core တစ်ခုပဲ ပါပါတယ်။ Core ထဲမှာ ALU(Arithmetic Logic Unit), CU (Control Unit) နဲ့ Register ဆိုပြီး သုံးပိုင်း ပါဝင်ပါတယ်။ Dual Core နည်းပညာဟာ သာမန် CPU နှစ်လုံးကို တစ်လုံးတည်းဖြစ်အောင် ပေါင်းစည်းလိုက်တာနဲ့ တူပါတယ်။

Dual Core ပြီးတော့ သူတို့ထုတ်လိုက်တာက Core2 Duo ပါ။ Core2 Duo နဲ့ Dual Core လို့ လူတွေခေါ်ကြတဲ့ Pentium နဲ့ ဘာကွာသလဲဆိုတော့ Features အသစ်တွေ ပါတာ မပါတာပဲ ကွာပါတယ်။ ဒါ့အပြင် Core2 Duo က Dual Core ထက်ပိုကောင်းတယ်လို့လည်း ယတိပြတ်ပြောလို့မရပြန်ပါဘူး။ ဥပမာအားဖြင့် Intel Pentium E5300 နဲ့ Intel Core2Duo E4300 ကိုယှဉ်ကြည့်မယ်ဆိုရင် Pentium E5300 ကတောင်မှ Clock Speed ပိုများတာကို တွေ့ပါလိမ့်မယ်။ ဒါကြောင့် Dual Core (Pentium) နဲ့ Core2 Duo ကို နှိုင်းယှဉ်တဲ့အခါမှာ Process Number (Exxxx) တွေကိုပါ အတိအကျသိမှ နှိုင်းယှဉ်လို့ရပါလိမ့်မယ်။

Core2 Duo နဲ့ Core2 Extreme လည်း အလားတူပါပဲ။ ဒါပေမဲ့ မြန်မာပြည်ဈေးကွက်ထဲမှာတော့ Core2 Extreme ကို အတွေ့ရနည်းပါတယ်။

Core2 Duo နဲ့ Core2 Quad ရဲ့ ကွာခြားချက်ကတော့ အရမ်းသိသာပါတယ်။ Core2 Quad က Core လေးခု ပါတယ်လေ။

i7 အကြောင်းကတော့ လေ့လာပြီးပါပြီ။ နောင်အလျဉ်းသင့်မှ ရေးသားဖော်ပြပါဦးမယ်။
စာဖတ်သူများ မှန်ကန်တဲ့ Processor များကို ရွေးချယ်နိုင်ကြပါစေ။

MPT ကို ဒေါသထွက်တယ်

F-secure ကထုတ်တဲ့ Conflicker (သို့) Kido သတ်တဲ့ removable tool ကို download ဆွဲဖို့ ကြိုးစားတယ်။ သူတို့က FTP နဲ့ပဲ ပေးထားတာ။ အခုတစ်ပတ်လောက်အတွင်း ဘယ်လိုဖြစ်တယ်မသိပါဘူး။ လိုချင်တဲ့ဟာတွေ တော်တော်များများက FTP နဲ့ ပေးတာတွေချည်းပဲ ဖြစ်နေတယ်။ ခက်တာက ဒီနိုင်ငံမှာ FTP ကို ပိတ်ထားတယ်။ ဘာကြောင့် ပိတ်မှန်းလည်းမသိဘူး။ ရတယ် ပိတ်ပေါ့။ net2ftp နဲ့ ကျော်တယ်။ ရတော့ရတယ်။ ဒါပေမဲ့ လိုချင်တဲ့ဟာက File size ကြီးနေတော့ net2ftp က လက်မခံဘူး။ အဲဒါနဲ့ပဲ စလုံးမှာရှိတဲ့ အစ်ကိုကြီး၊ အစ်မကြီးတွေကို အကူအညီတောင်းရတယ်။ သူတို့ကို download ဆွဲခိုင်း၊ ပြီးမှ ifile နဲ့ ပြန်တင်ခိုင်းရတယ်။ အလုပ်ကို ရှုပ်သွားတာပါပဲ။ စလုံးနဲ့ မလေးရှားကနေ ကူညီပေးခဲ့တဲ့ friday june, netlynker နဲ့ dirty duck တို့ကို ကျေးဇူးအရမ်းတင်မိတယ်။
နောက်ရက်ကျရင်တော့ အဲဒီ FTP နဲ့ပေးနေတဲ့ ဆော့ဖ်ဝဲတွေကို စာဖတ်သူတွေထဲက တိုက်ဆိုင်သူတွေများရှိရင် ဆွဲရတာလွယ်အောင် http နဲ့ ပြန်တင်ပေးပါဦးမယ်။

September 7, 2009

MPT ရဲ့အပြောင်းအလဲများ

MPT လိုင်းသုံးသူတွေအတွက် အရင်ကလို ygncache.mpt.net.mm ကို သုံးစရာမလိုပဲ no proxy ဖြင့် အင်တာနက် ချိတ်ဆတ်နိုင်သွားပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် Direct Connection ပေါ့။ Browser မှာ no proxy ထားပြီး သုံးရုံပါပဲ။ ကောင်းကျိုးကတော့ အရင်ကလို သူတို့ရဲ့ proxy ဒေါင်းတဲ့အတွက် အင်တာနက်လိုင်းကျတာမျိုး မဖြစ်နိုင်တော့ပါဘူး။ no proxy လုပ်ပစ်ရတဲ့အကြောင်းရင်းကိုတော့ အခုထိမသိသေးပါဘူး။ သီအိုရီအရတော့ Proxy ထားခြင်းဟာ site တွေကို မြန်ဆန်စွာကြည့်နိုင်ပါတယ်။ (သူတို့ cache ထဲမှာရှိရင်ပေါ့)

ဒါ့အပြင် ယခင်ပိတ်ထားတဲ့ site တော်တော်များများကိုလည်း ဖွင့်ပေးထားတာကို တွေ့ရပါတယ်။ ဖွင့်ပေးလိုက်တာလား။ မပိတ်သေးတာလားတော့ မသိပါဘူး။ scribd နဲ့ 4shared ဖွင့်ပေးလိုက်တာကိုတော့ တော်တော်ကျေးဇူးတင်ပါတယ်။ 4shared ပွင့်သွားပြီဆိုတော့ နောင်မှာ အိုင်တီမန်းက ပေးတဲ့ download တွေကို 4shared ကနေပဲ ပေးဖို့ စိတ်ကူးထားပါတယ်။ Virus Scan ပါတာရယ်၊ Download count ပြပေးတာရယ်၊ Comments တွေ ပေးလို့ ရတာရယ်ကြောင့်ပါ။

MPT မှာ တစ်ခုခက်တာက Access Denied Page မှာ Reason ထည့်မပေးတာပဲ။ ဘာကြောင့် ပိတ်တယ်ဆိုတဲ့အကြောင်းကတော့ user တွေကို ပြောသင့်တာပေါ့။ Bagan ခေတ်ကောင်းစဉ်က Reason ထည့်ရေးပေးပါတယ်။

Blogger.com ကိုတော့ ယောင်လို့တောင်မှ ဖွင့်ပေးမှာမဟုတ်ဘူးနဲ့တူတယ်။

September 5, 2009

Using Windows XP from Memory Stick

2008 ဖေဖော်ဝါရီတုန်းက တင်ခဲ့ဖူးတဲ့ Windows XP ကို Memory Stick က အသုံးပြုနည်းဟာ စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှုကို အတော်လေးရခဲ့ပါတယ်။ ကျွန်တော်က အီးမေးလ်ပို့လိုက်ပါ၊ အသုံးပြုနည်း PDF ဖိုင်ကို ပြန်ပို့ပါ့မယ်လို့ ရေးထားလို့ မေးလ်ပို့ပြီး တောင်းတဲ့သူတွေလည်း မနည်းပါဘူး။ တချို့တွေကိုတော့ reply လုပ်နိုင်ပေမဲ့ တချို့တွေကိုတော့ reply မလုပ်နိုင်ခဲ့ပါဘူး။ အခုအချိန်ထိလည်း စိတ်ဝင်စားတဲ့သူတွေရှိနေတဲ့အတွက် နည်းနည်းပြန် modify လုပ်ပြီး PDF နဲ့မလုပ်တော့ပဲ ပို့စ်အနေနဲ့ပဲ တင်လိုက်ပါတယ်။

တချို့ကတော့ Windows XP ကို Memory Stick ကနေ တင်ချင်တာလို့ တောင်းဆိုကြပါတယ်။ ကျွန်တော်လည်း တတ်နိုင်သလောက်တော့ ရှာကြည့်ပါသေးတယ်။ စမ်းလည်းစမ်းကြည့်ပါသေးတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။ Windows Vista နဲ့ Windows 7 ကိုတော့ AskVG ကထုတ်တဲ့ Bootable USB ကိုသုံးပြီး Stick ကနေ တင်လို့ ရအောင် လုပ်လို့ရပါတယ်။

အခုနည်းလေးက Windows XP ကို Stick ကနေသုံးနည်းပါ။ တကယ်တမ်းပြောရရင် Windows XP လို့ ပြောတာထက် BartPE လို့ ပြောတာက ပိုမှန်ပါလိမ့်မယ်။ ပြီးတော့ ဒီနည်းလေးနဲ့ Hard Disk ထဲမှာရှိနေတဲ့ XP ကို ပစ်ပြီး Stick ထဲက Windows နဲ့ ကွန်ပျူတာကို အသုံးပြုဖို့ကတော့ မဖြစ်နိုင်ပါဘူး။ ဒါဟာ Troubleshooting လုပ်တာ၊ ဗိုင်းရပ်စ်သတ်တာတွေလောက်ပဲ အသုံးဝင်ပါလိမ့်မယ်။

ပြီးတော့ အခုလိုမျိုး Stick ထဲက Windows ကို ခဏခဏသုံးမယ်ဆိုရင် Memory Stick မြန်မြန်ပျက်ဖို့ အခွင့်အလမ်း များပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုမျိုးလုပ်ခြင်းဟာ Stick ကို read/write cycle တွေ တိုးလာစေလို့ပါပဲ။

ပြီးတော့ အောက်မှာ ကျွန်တော်ပြောထားတဲ့နည်းအတိုင်း လုပ်ကြည့်လို့ ကျိန်းသေပေါက်ရပါ့မယ်လို့ ကျွန်တော် အာမမခံရဲပါဘူး။ ကျွန်တော်ကတော့ ဒီနည်းအတိုင်းလုပ်တာ ရပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းရဲ့ နောက်ဆက်တွဲ ပြဿာနာတွေ၊ ဒီအတိုင်းလုပ်တာပဲ လုပ်မရလို့ဆိုပြီး အီးမေးလ်ပို့ပြီး မေးတာတွေကို ကျွန်တော် လုံးဝ ဖြေကြားပေးမှာ မဟုတ်ပါဘူး။


လိုအပ်ချက်များ
၁။ USB 2.0 Memory Stick (2GB)
၂။ Windows XP CD (SP2 or Higher)
၃။ PE Builder 3.1.1.0a
၎။ PeToUSB 3.0.0.7

Installation Process

၁။ PE Builder ကို Download လုပ်ပါ။ ထို့နောက် Install လုပ်ပါ။
၂။ PE Builder ကိုဖွင့်ပါ။
၃။ Windows XP CD ကို CD Drive ထဲသို့ထည့်ပါ။ PE Builder ၏ Main Screen ရှိ Source နေရာတွင် XP ခွေ ထည့်ထားသော CD Drive ကိုရွေးပါ။ Output ကို မပြောင်းလဲဘဲထားပါ။ Media Output ကို None မှာ ထားပါ။ Burn to CD/DVD ကို uncheck လုပ်ထားပါ။ ပြီးရင်တော့ Build ကိုနှိပ်လိုက်ပါ။
၎။ PE Builder မှ Windows ခွေအတွင်းမှ ဖိုင်များကို ကူးယူသော လုပ်ငန်းစဉ်ကို ပြီးဆုံးအောင် စောင့်ပါ။ အကယ်၍ Warning နှင့် Error များတက်ပါက အခြား Windows ခွေနှင့်ပြောင်းစမ်းပါ။
၅။ အသုံးပြုမည့် Memory Stick ကို ကွန်ပျူတာမှာ တပ်ဆင်ပါ။
၆။ PEtoUSB ကို Download လုပ်ပါ။ Extract လုပ်ပါ။ PEtoUSB.exe ကိုဖွင့်ပါ။
၇။ Destination Drive တွင် USB Removable ကိုရွေးပါ။ အောက်မှ list box ထဲတွင် မိမိတပ်ဆင်ထားသော Memory Stick ကိုရွေးပါ။
၈။ Enable Disk Format ကို Check လုပ်ပါ။ Quick Format ကို Check လုပ်ပါ။ ပြီးတာနဲ့ Start ကိုနှိပ်ပါ။
၉။ Continue လို့မေးရင် Yes ကိုရွေးပါ။
၁၀။ Format လုပ်နေတာကို ပြီးအောင် စောင့်ပါ။
၁၁။ Operation Completed Successfully ဆိုရင် OK ကိုနှိပ်ပါ။
၁၂။ Source Path to Build BartPE/WinPE Files: နေရာတွင် C:\pebuilder3110a\BartPE ကိုရွေးပါ။ Enable File Copy ကိုရွေးထားပါ။ Dropdown menu ထဲက overwrite always ကိုရွေးထားပါ။
၁၃။ ပြီးရင် Start ကိုနှိပ်လိုက်ပါ။ Installation လုပ်နေပါပြီ။
၁၄။ Operation Completed Successfully လို့ပေါ်လာရင် OK ကိုနှိပ်လိုက်ပါ။ PeToUSB ကိုပိတ်လိုက်ပါ။

BIOS ထဲတွင် USB မှ Boot တက်စေရန်အတွက် ပြင်ဆင်ခြင်း

ကွန်ပျူတာကို ပိတ်လိုက်ပါ။ အခု USB Stick ကို တပ်ဆင်ပါ။ ပြီးရင် ကွန်ပျူတာကို ဖွင့်ပါ။ BIOS ထဲသို့ ၀င်ပါ။ First Boot Device တွင် USB ကိုရွေးပါ။ အကယ်၍ USB ကိုမတွေ့ပါက Motherboard သည် USB မှ boot တက်မပေးနိုင်သောကြောင့် ဖြစ်သည်။ Boot Other Device ကို Disable ပေးပါ။ Save လုပ်ပြီး BIOS ကနေ ထွက်ပါ။ Restart ဖြစ်သွားပြီးနောက် သင့်ကွန်ပျူတာသည် USB Stick လေးမှ တစ်ဆင့် Windows တက်လာသည်ကို မြင်တွေ့ရပါလိမ့်မည်။

September 1, 2009

အရေးကြီးတဲ့ဖိုင်တွေ ပျက်သွားတဲ့အခါ

တကယ်လို့များ ကွန်ပျူတာထဲမှာရှိတဲ့ အရေးကြီးတဲ့ဖိုင်တစ်ဖိုင်ကို မှားဖျက်မိတယ်ဆိုပါစို့။ အဲဒီအချိန်မှာ ကွန်ပျူတာထဲကို နောက်ထပ်ဖိုင်အသစ်ထပ်ထည့်တာတွေ၊ ဖိုင်တွေထပ်ဖျက်တာတွေ လုံးဝ မလုပ်မိပါစေနဲ့။ အဲဒီလိုသာလုပ်မိရင် မှားဖျက်မိတဲ့ဖိုင်လေး ပြန်ရဖို့ အခွင့်အလမ်းနည်းသွားပါလိမ့်မယ်။

ဖျက်မိလိုက်ချင်းဘဲ မှားဖျက်မိတယ်ဆိုတာကို သိရင် Free ပေးတဲ့ Recuva ကိုသုံးပြီး ပြန်ရှာလို့ရပါတယ်။ လက်တွေ့စမ်းသပ်ပြီးသားပါ။ တကယ်ကောင်းပါတယ်။

အဲဒီလိုပါပဲ။ Memory Stick ထဲကဖိုင်တွေ၊ MP4 ထဲက File တွေ၊ Digital Camera ထဲကဖိုင်တွေ မှားဖျက်မိတယ် ဆိုရင်လည်း နောက်ထပ် ဓာတ်ပုံတွေ ထပ်ရိုက်တာတို့ ဖိုင်အသစ်ထည့်တာတို့သာ မလုပ်မိပါစေနဲ့။ Recuva နဲ့ ပြန်ယူလို့ရနိုင်ပါသေးတယ်။

တခါတလေကျတော့ ဗိုင်းရပ်စ်ကြောင့် ဖိုင်တွေ၊ဖိုလ်ဒါတွေက ပျောက်သွားတတ်ပါတယ်။ ပျက်သွားတာ မဟုတ်ပါဘူး။ အဲဒီအခါမှာ XYPlorer ကိုသုံးပြီး Hidden ဖြစ်နေတာတွေကို မြင်တွေ့နိုင်ပါတယ်။ ပြီးရင် ပြန်ဖော်လို့ ရပါတယ်။

နောက် Recovery Software တွေမှာ ကွာခြားချက်တွေရှိပါသေးတယ်။ တချို့က FAT32 မှာပဲ ကောင်းကောင်း အလုပ်လုပ်တယ်။ တချို့က NTFS မှာ ကောင်းတယ်။ အခုအချိန်မှာတော့ HDD တိုင်းဟာ NTFS ဖြစ်နေပါပြီ။ NTFS အတွက်တော့ Active Undelete က ကောင်းပါတယ်။ Active က ထုတ်သမျှကတော့ အကောင်းတွေ ချည်းပါပဲ။ သူတို့ရဲ့ Product တွေအကြောင်းနဲ့ NTFS အကြောင်းကို www.ntfs.com မှာ သွားကြည့်နိုင်ပါတယ်။

Memory Stick တွေ Memory Card တွေထဲက ဖိုင်တွေ မှားဖျက်မိတယ်ဆိုရင်တော့ Active ရဲ့ Product တွေ သုံးလို့မရပါဘူး။ ပုံတွေပြန်ရှာဖို့အတွက်တော့ PhotoRescue ကို သုံးလို့ရနိုင်ပါတယ်။ တခြားဖိုင် အမျိုးအစားဆိုရင်တော့ Pandora Recovery ကို အသုံးပြုနိုင်ပါတယ်။ (စမ်းမကြည့်ဘူးပါ။ ဒါပေမဲ့ site တော်တော်များများက ညွှန်းကြပါတယ်။ ပြီးတော့ Freeware လည်းဖြစ်ပါတယ်)