January 27, 2010

Kaspersky ၀ယ်ပြီးတဲ့အခါ

Kaspersky ခွေ ၀ယ်ပြီးတဲ့အခါမှာ (သို့မဟုတ်) Acer Laptop ၀ယ်လို့ Kaspersky ခွေ ရလာပြီးတဲ့အခါမှာ ခွေထဲမှာပါလာတဲ့ serial number ကိုသုံးပြီး
http://www.thaikaspersky.com/2010eng/register_product.html
မှာ register လုပ်ပါ။ အဲဒီအခါမှာ Activation code ရလာပါလိမ့်မယ်။ အဲဒီ Activation code ကနေ Key file ထုတ်လို့ ရပါတယ်။ Key file ထုတ်ဖို့အတွက်
http://support.kaspersky.com/personalcabinet ကိုသွားပါ။ Customer ID အသစ်တစ်ခု လုပ်ပါ။ Customer ID ရပြီးသွားရင် login ၀င်ပါ။ အဲဒီအခါမှာ activation code ထည့်ပေးလိုက်ရုံနဲ့ Key file ကို download လုပ်နိုင်မှာဖြစ်ပါတယ်။

Core i7 အကြောင်း သိကောင်းစရာ


တစ်နေ့က မန္တလေးသွားပြီး အင်းဝကွန်ပျူတာဆိုင်မှာ ကွန်ပျူတာတွေ သွားဝယ်ပါတယ်။ ပစ္စည်းတွေ ၀ယ်နေရင်းနဲ့ လူတစ်ယောက်ရောက်လာပါတယ်။ သူက ဆိုင်က ၀န်ထမ်းတွေနဲ့ ရင်းနှီးပုံ ရပါတယ်။ စကားတွေ တဖွာဖွာပြောနေလေရဲ့။ သူပြောတဲ့စကားတွေထဲမှာ ကျွန်တော် ပြုံးမိတာလေး တစ်ခုပါတယ်။ သူက အခု အရင်လိုကွန်ပျူတာတွေ ၀ယ်မပေးတော့တဲ့အကြောင်း၊ Video Edit လိုင်းဘက် လုပ်နေတဲ့ အကြောင်းကို ပြောနေပါတယ်။ ကွန်ပျူတာတွေက အရင်လိုလည်းမဟုတ်တော့ဘူး၊ 775 တင်လည်း မကတော့ဘူး၊ နောက်ထပ်လည်း ဘာတွေထွက်မှန်းမသိတော့ စက်ဝယ်ပေးရတာ တော်တော်လေး ခေါင်းစားရတယ်လို့ ပြောပါတယ်။ ကျွန်တော်က အဲဒါကို ပြုံးမိတာပါ။ ဟုတ်ပါတယ်၊ သူပြောသလိုမျိုးပဲ၊ အခုအချိန်မှာ ပီစီတစ်လုံး ဆင်မယ်ဆိုရင် ရွေးစရာတွေက အများကြီးဖြစ်နေတာကိုး။

CPU ထဲက ကြည့်မယ်ဆိုရင် လောလောဆယ် ဈေးကွက်ထဲမှာ Socket 775 သုံးတာရယ်၊ Socket 1156 သုံးတဲ့ CPU ရယ်၊ ပြီးတော့ Socket 1366 သုံးတဲ့ CPU ရယ်ဆိုပြီး CPU သုံးမျိုး ရှိပါတယ်။ Pentium Dual Core, Core2 Duo နဲ့ Core2Quad တို့ဟာ Socket 775 ကို အသုံးပြုပါတယ်။ အခု နောက်ထွက်လာတဲ့ CPU တွေကတော့ Socket 1366 သုံးတာလည်း ရှိပါတယ်။ Socket 1156 သုံးထားတာလည်း ရှိပါတယ်။

Core i7
Socket 1366 ကိုသုံးထားတဲ့ i7 Bloomfield ရှိပါတယ်။ Socket 1156 ကိုသုံးထားတဲ့ i7 Lynnfield လည်း ရှိပါတယ်။ ဒါကြောင့် ဘယ် i7 ကိုသုံးရမှာလည်းဆိုတာက ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။ Bloomfield ကို သုံးမလား၊ Lynnfield ကို သုံးမလားပေါ့။ သေချာတာကတော့ Lynnfield ဟာ Bloomfield လောက်တော့ စွမ်းဆောင်ရည် မမြင့်ပါဘူး။

i7 မှာ Core လေးခု ပါပါတယ်။ Core2Quad နဲ့ တူပါတယ်။ သို့ပေမယ့် မတူတာက HyperThreading ပါတဲ့ အတွက် နောက်ထပ် Virtual Core လေးခု ထပ်ရပါလိမ့်မယ်။ ဒါကြောင့် i7 ဟာ Core ရှစ်ခု ပါတဲ့ ပုံစံ ဖြစ်သွားပါတယ်။ ပြီးတော့ i7 ကစပြီး အရင် CPU တွေတုန်းမှာပါခဲ့တဲ့ FSB (Front Side Bus) ဆိုတာ မပါတော့ ပါဘူး။ FSB အစား QPI (Quick Path Interconnect) ဆိုတာ ပါလာပါတယ်။ FSB ဘာကြောင့် ပျောက်သွားတာလည်း ဆိုတော့ i7 မှာ Memory Controller ဟာ Chiptset ထဲမှာ မရှိတော့ပဲ CPU ထဲကို ရောက်သွားတာမို့ပါ။ ဒါကြောင့် i7 CPU ရဲ့ ဘူးခွံမှာ အရင် CPU တွေတုန်းက FSB က ဘယ်လောက် MHz ရှိပါတယ်လို့ ရေးထားတာကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ စကားမစပ် i7 ရဲ့ QPI Speed ဟာ 25.6 GB/s ရှိပါတယ်။

i7 ရဲ့ ဘူးခွံမှာ Intel က ဦးစားပေး ရေးထားတာက Number of Threads ရယ် Frequency ရယ်ပါ။ Threads ဆိုတာကို တချို့ မကြားဖူးသေးရင်း ရှင်းပြချင်ပါသေးတယ်။ ဒီလိုပါ။

Program တစ်ခု အလုပ်လုပ်ဖို့အတွက် အနည်းဆုံး Process တစ်ခု လိုအပ်ပါတယ်။ ဥပမာ Microsoft Word ဆိုတဲ့ Program အလုပ်လုပ်ဖို့ နောက်က winword.exe ဆိုတဲ့ Process လိုပါတယ်။ Nero နဲ့ ခွေကူးနေတဲ့ အချိန်မှာတော့ nero.exe ဆိုတဲ့ Process နဲ့ imapi.exe ဆိုတဲ့ Process နှစ်ခု လိုအပ်ပါတယ်။ Thread ကတော့ အဲဒီ Process ထက် သေးပါတယ်။ Process တစ်ခုကို Thread ပေါင်းများစွာ ခွဲပြီး run ခိုင်းရင် Performance တက်လာပါတယ်။ သို့ပေမဲ့ အဲဒီလို Thread ခွဲရေးတာဟာ Programmer နဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် Program > Process > Thread ဆိုပြီး ယူဆနိုင်ပါတယ်။ i7 ဟာ တစ်ချိန်တည်းမှာ Thread ရှစ်ခုကို run ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်တယ်လို့ ပြောကြတာပေါ့။

အောက်က ဇယားလေးကတော့ i7 နဲ့ Core2 Quad ကို ယှဉ်ပြထားတာပါ။ intel က ထုတ်ပေးထားတာပါ။

i5 အကြောင်းကို ဆက်လက် ဖော်ပြပေးပါဦးမယ်။ ဆရာ ဖိုးနိုင်ဝင်းကတော့ i7 ဟာ ဈေးကြီးပေးရပြီး တကယ့် high end တွေမှာသာ သုံးစွဲသင့်တဲ့ပုံစံမျိုးအနေနဲ့ PC Word မှာ ရေးသားထားပါတယ်။ i5 ကတော့ ဈေးသက်သာပြီး အဆင်ပြေတာမို့ i5 ခေတ် ဖြစ်လာလိမ့်မယ်လို့ သူက ရေးသားထားပါတယ်။
ကဲ i5 ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းကြရအောင်…

January 21, 2010

Windows 7 and System Reserved Partition


Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။

ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။

အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။

ကဲ စာဖတ်သူရော System Reserved Partition ထည့်မလား၊ မထည့်ဘူးလား။

January 19, 2010

Windows XP 64 Bit All Versions



ရှာဖွေလေ တွေ့ရှိလေ ဆိုသလိုပေါ့။ ဖိုရမ်တွေမှာ ၀င်မွှေလိုက်တာ Windows XP 64 Bit ဆိုတာကိုတွေ့ပါတယ်။ ထူးခြားတာ တစ်ခုတွေ့လိုက်ပါတယ်။ All versions ( Windows XP x64 Retail, Windows XP x64 Corporate, Windows 2003 x64 Enterprise Retail , Windows 2003 x64 Enterprise Corporate, Windows 2003 x64 Standard Retail, Windows 2003 x64 Standard Corprate) ဆိုပြီး ခြောက်မျိုးပါ ပါတယ်။ ဒါပေမယ့်ပေါ့ဗျာ . . . အဲဒီထက်ပိုထူးတာက ဖိုင်ဆိုဒ်က 9MB ပါတဲ့ဗျာ။ ကျွန်တော်လည်း မယုံသင်္ကာနဲ့ ဒေါင်းကြည့်ပါတယ်။ ဒေါင်းလိုက်တော့ RAR ဖိုင်ရလာပါတယ်။ ဖြည်ကြည့်လိုက်တော့ နောက်ထပ် 9.28MB ရှိတဲ့ RAR တစ်ဖိုင်ထပ်ထွက်လာပါတယ်။ အဲဒါကို ဖြည်လိုက်တော့မှ 3.49GB ရှိတဲ့ ISO တစ်ခုရလိုက်ပါတယ်။ ကဲ . . . . မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဆိုသလိုပေါ့။ DVD တစ်ချပ်စာ Windows 6 ခုကို 9MB လောက်နဲ့ဆိုတော့ . . အံ့သြမိပါတယ်။ အိုင်တီမန်း ပရိသတ်များ မယုံလို့ စမ်းကြည့်မယ်ဆိုရင်တော့ ကိုသူရိန်ဆီကိုပို့ပေးထားပါတယ်။ သူကနေ တစ်ဆင့်တောင်းနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်ဆီ ( leonhart(dot)blz(at)gmail(dot)com ) ကိုမေးပို့ပြီးတောင်းဆိုနိုင်ပါတယ်ဗျာ။

A litte Explanation about Joomla


Joomla ကိုသိထားခဲ့တာ ကြာလှပြီ။ Download ဆွဲ၊ Ebooks တွေ ရှာထားပြီးတော့မှ မလေ့လာဖြစ်ခဲ့ဘူး။ အခု ဒေါ့ကွန်းရပြီဆိုတော့ Joomla ကို သုံးမှ အဆင်ပြေတော့မှာလေ။ အခုလိုကျတော့လည်း Joomla ကို မိုးလင်းထိအောင် တစ်ထိုင်တည်း လေ့လာဖြစ်သွားတယ်။ (တွန်းအားရှိမှ လုပ်ဖြစ်သွားတယ်ဆိုတာ တကယ် မှန်တာပါပဲ)

Joomla ဆိုတာ ဘာလဲလို့မေးလိုက်ရင် Content Management System ဆိုပြီး ပြောကြမှာပါ။ ကျွန်တော်က တော့ Joomla ဆိုတာကို လုံးဝမသိသေးတဲ့သူတွေ ပိုစိတ်ဝင်စားသွားအောင် Joomla ဆိုတာကကွာ Website လုပ်တဲ့ Website လို့ ပြောချင်ပါတယ်။ အတိအကျမမှန်ကန်ပေမဲ့ အဲဒီလိုသုံးလိုက်တာဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားမယ်လို့ ယူဆမိပါတယ်။

XAMPP တင်၊ Joomla installer ကို joomla.org ကနေ download ဆွဲ၊ Documentation တွေကိုလည်း အဲဒီကနေ ဆွဲလိုက်တယ်။ ဒီကြားထဲ joomla.org က ပေးတဲ့ တချို့ documentation တွေက odt format တွေ ဖြစ်နေလို့ ဖွင့်မရဘူး။ odt ဆိုတာ ဘာကြီးပါလိမ့်လို့ Google မှာ ရှာလိုက်တော့မှ open document ဆိုတာ သိခဲ့ပြီး openoffice နဲ့ ဖွင့်ရမှာဆိုတာ သိသွားပါတယ်။ OpenOffice ကြီးက File Size ကြီးတော့ down ရမှာ ပျင်းတာနဲ့ Online ပေါ်ကပဲ PDF ပြောင်းပြီး ယူခဲ့ရတယ်။

Joomla ကို install လုပ်ပြီးတော့ Control Panel ထဲ ၀င်တဲ့အခါ စိန်ခေါ်ခံရတော့ပဲ။ ဘာတွေမှန်းမသိဘူး။ Articles တဲ့၊ Section တဲ့။ သေချာ လုပ်ကြည့်တော့မှ Articles ဟာ blog တွေရဲ့ Post နဲ့ တူတာကို သိသွားပါတယ်။ အဲဒီထဲမှာ Section ကတော့ အကြီးဆုံးပေါ့။ အရင်ဆုံး Section ခွဲရတယ်၊ ပြီးတော့မှ အဲဒီ Section ထဲကို Categories တွေ ထည့်ရတယ်။ နောက်ဆုံးမှ Articles တွေကို Categories တွေထဲ ထည့်ရပါတယ်။ ဥပမာ ကွန်ပျူတာအရောင်းဆိုင်ရဲ့ Website ဆိုပါတော့။ သူ့မှာ Sales ပိုင်း ရှိမယ်၊ Contact ပိုင်းရှိမယ်။ Sales အတွက် Sales ဆိုတဲ့ Section ဆောက်ရပါတယ်။ ပြီးတော့ အရောင်းပစ္စည်းတွေကို အုပ်စုခွဲကြည့်လိုက်ရင် Motherboard, Hard Disk, Memory စသည်ဖြင့် ရှိမှာပေါ့။ အဲဒီတော့ Motherboard ဆိုတဲ့ Categories ဆောက်ပြီး Sales Section ထဲမှာ ထည့်ရပါတယ်။ နောက်ဆုံးကျမှ ဆိုင်ကရောင်းတဲ့ Motherboard တစ်ခုချင်းစီရဲ့ ပုံတွေနဲ့ description တွေကို Articles အနေနဲ့ ရေးပြီး Motherboard Categories ထဲမှာ ထည့်ရပါတယ်။ ဒါကြောင့်မို့
Section>Categories>Articles
ဆိုပြီး ယူဆနိုင်ပါတယ်။

Joomla ကိုသုံးရင် ကိုယ့် Site အတွက် အဲဒီလိုနည်းနဲ့ Data တွေကို စနစ်တကျ ထည့်ရပါတယ်။ Data ထည့်တဲ့ အပိုင်းပြီးသွားရင် Template ကို ကိုယ်ကြိုက်သလို ပြင်လို့ရပါတယ်။ သူ့ထဲ built-in ပါလာတာက Template သုံးခုတည်း ပါပါတယ်။ (အဲဒါတွေကလည်း တော်တော်လှပါတယ်) Template ပြင်နိုင်ဖို့ကတော့ CSS ရယ် XHTML ရယ်ကို တတ်ထားမှ ရမှာပါ။ တချို့ကလည်း အင်တာနက်ထဲကနေ အသင့်ရေးပြီးသား Joomla Template တွေကို သုံးကြတာရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုကျ Specific မဖြစ်တော့ဘူးလေ။

Joomla မှာက Web Site ရဲ့ Home page ကို Front end လို့ သုံးစွဲပါတယ်။ Front end ပေါ်မှာ ဘယ် Article ကို ပေါ်စေချင်တယ် ကိုယ်က သတ်မှတ်နိုင်ပါတယ်။
နောက် Menu Manager ကို သုံးပြီး Menu bar တွေ ထည့်နိုင်တယ်၊ ပြင်နိုင်ပါတယ်။ Menu မှာကျ Main Menu, Top Menu, User Menu ဆိုပြီး ထပ်ခွဲထားပါသေးတယ်။ Site မှာ မဖြစ်မနေ ထည့်ရမှာကတော့ Main Menu ပေါ့။ ကိုယ်က အဲဒီ Main Menu ထဲက Link ကို နှိပ်လိုက်ရင် Section သို့မဟုတ် Categories တစ်ခု ပေါ်စေချင်ပါတယ် ဆိုပြီး သတ်မှတ်နိုင်သလို External Link ဆီ သွားပါလို့လည်း သတ်မှတ်နိုင်ပါသေးတယ်။ သို့မဟုတ် ဘယ် Module ဆီသွားပါဆိုပြီး သတ်မှတ်နိုင်ပါတယ်။

Module ဆိုတာက Site ပေါ်မှာရှိတဲ့ အပိုင်းလေးတွေကို ခေါ်တာပါ။ ဥပမာအားဖြင့် Site တစ်ခုပေါ်မှာ ရှိတဲ့ Search ဆိုတဲ့ textbox လေးဟာလည်း Module တစ်ခုလို့ ခေါ်နိုင်သလို့ Site တစ်ခုပေါ်မှာရှိနေတဲ့ Navigation bar ဟာလည်း Module တစ်ခုပါပဲ။ Joomla မှာ အဲဒီလို Module တွေကို ထည့်နိုင်တယ်၊ ဖြုတ်နိုင်ပါတယ်။ Module တစ်ခုကို Site ပေါ်မှာ တင်ရင် Site ရဲ့ ဘယ်နေရာမှာ တင်မလဲဆိုတာ စဉ်းစားရတာကတော့ ကျွန်တော့်အတွက် တော်တော်ခေါင်းခြောက်ရပါတယ်။

Module နဲ့ တွဲပါလာတာက Component ပါ။ Joomla မှာ ပုံမှန်အားဖြင့် Articles တွေရဲ့အောက်မှာ Comments ရေးလို့ မရပါဘူး။ ရဖို့အတွက် JComments ဆိုတဲ့ Component လေးကို Joomla ထဲ ထည့်သွင်းလိုက်ရင် Article တွေရဲ့အောက်မှာ Comments ပေးလို့ ရသွားပါတယ်။

Module, Component , Plugins နဲ့ Template တွေကို Joomla ကိုယ်တိုင်က သူ့ Site မှာ Extension လို့ သုံးနှုန်းထားပါတယ်။ သူ့ site မှာ Extension ပေါင်း မြောက်မြားစွာပေးထားပါတယ်။ သို့ပေမဲ့ သူတို့ကတော့ Extension ကို Begineer တွေအနေနဲ့ မစမ်းသင့်သေးပါဘူးလို့ ပြောပါတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ Joomla ရဲ့ Core ပိုင်းကို နိုင်ပြီဆိုတော့မှ Extension ဘက်ကို လှည့်သင့်ပါတယ်။ Joomla ရဲ့ Core နဲ့တောင် Site တစ်ခုဟာ လည်ပတ်လို့ ရနေပါပြီ။ Registration စနစ်တွေ တစ်ခါတည်း ထည့်သွင်းပေးပြီးသား၊ Email Activation တောင် ပါလိုက်သေးတယ်။ Login လုပ်ရတာတွေကို ကိုယ်က PHP နဲ့ ရေးစရာတောင် မလိုတော့ပါဘူး။ သူ့ထဲမှာ ထည့်ပေးပြီးသားပါ။ Searching လုပ်လို့ရအောင်လည်း သူက တစ်ခါတည်း လုပ်ပေးပြီးသားပါ။ Polls တွေ၊ Newsflash တွေ၊ Feed ထုတ်ပေးတာတွေ၊ Who is online စတာတွေဟာ သူ့ထဲမှာ တစ်ခါတည်း ပါပြီးသားပါ။

နိဂုံးချုပ်ရရင်တော့ Joomla ကိုသုံးစွဲရင် Site တစ်ခု ဖန်တီးရတယ်ဆိုတာ အချိန်အကြာကြီး ယူစရာ မလိုတော့ပါဘူး။ ပြီးတော့ Site ထဲမှာထည့်ထားတဲ့ Content တွေကို Management လုပ်ရတာ အရမ်း လွယ်ကူသွားပါတယ်။ အခုအချိန်ဟာ Dreamweaver ထဲမှာ Site တစ်ခုလုံးကို အစအဆုံး ရေးရတဲ့ ခေတ်မဟုတ်တော့ဘူးလို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ Joomla ကို Web သင်တန်းကျောင်းတွေအနေနဲ့ Course တစ်ခုအနေနဲ့ကို ထည့်သွင်းပြီး သင်ကြားသင့်တယ်လို့တောင် ကျွန်တော်ကတော့ ထောက်ခံလိုက်ချင်ပါတယ်။

January 17, 2010

Hostmonster


အိုင်တီမန်းကို .com ဖြစ်လာဖို့အတွက် Domain Name ၀ယ်ရပါတယ်။ တစ်နှစ်စာကို 10.69 ဒေါ်လာနဲ့ အလှူရှင်က ငါးနှစ်စာ ၀ယ်ပေးပါတယ်။ Domain Name ကို လက်ရှိနာမည်ကြီးနေတဲ့ Godaddy ကနေ သူက ၀ယ်ပေးပါတယ်။ Hosting ကိုတော့ Hostmonster ကနေ သူက ၀ယ်လိုက်ပါတယ်။ Hostmonster ကနေ သူက ၀ယ်လိုက်တဲ့အကြောင်းပြောတော့ အစပိုင်း သိပ်ဘ၀င်မကျဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ hosting ထဲမှာ နံပါတ်တစ်က justhost ပါ။ အဲဒီတော့ ကျွန်တော်လည်း justhost ကနေ ၀ယ်ချင်တာပေါ့။ ဒါပေမဲ့ အခုတော့ justhost ကို မကြိုက်တော့ဘဲ hostmonster မှ hostmonster ဖြစ်နေပါပြီ။ ဘာကြောင့်ပါလဲ ဆိုတော့…

Domain ကို Godday ကနေ ၀ယ်လိုက်တာဖြစ်လို့ hostmonster ကနေ hosting ၀ယ်ပြီးတဲ့အခါမှာ godaddy မှာ login ၀င်ပြီး hostmonster ရဲ့ namerserver ကို ပြောင်းပေးရပါတယ်။ godaddy မှာ hostmonster ရဲ့ nameserver ကို ရိုက်ထည့်ဖို့ ရှာလိုက်တာလည်း တော်တော်လေး ခေါင်းမူးခဲ့ပါတယ်။ ဘယ်လိုမှ ရှာမတွေ့ဘူး။ နောက်မှ godaddy က domain name ကို lock ချထားမှန်းသိတာ။ အဲဒီတော့မှ lock ကို ပြန်ဖြုတ်လိုက်တယ်။ lock ဖြုတ်လိုက်တော့မှ Nameserver ထည့်တဲ့ textbox က ပေါ်လာတာ။ အဲဒီမှာ နောက်ထပ် အဆင်မပြေ ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်ထင်တာက nameserver IP တွေ ထည့်ပြီးတာနဲ့ site ကို ချက်ချင်း access လုပ် နိုင်မယ်ထင်ခဲ့တာပါ။ လက်တွေ့မှာတော့ ချက်ချင်းမပြောင်းခဲ့ပါဘူး။ site ကို ခေါ်ကြည့်တယ်။ ဒီ domain ဟာ မရှိဘူးလို့ပဲ ပြောနေတော့ တော်တော်လေး စိတ်ပူသွားပါတယ်။ နောက်မှ DNS Propagation ကြောင့် အနည်းဆုံး 72 နာရီကြာမယ်ဆိုတာ သိတော့မှ စိတ်အေးသွားခဲ့ရပါတယ်။ (တကယ်တမ်းတော့ ဒီမှာ access ရဖို့အတွက် ၂၄ နာရီလောက်ပဲ ကြာခဲ့ပါတယ်)

အလှူရှင်က domain name နဲ့ hosting သာမကဘဲ Google apps ကိုပါ ၀ယ်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့ webmail အတွက် hostmonster ကပေးတဲ့ webmail ကို သုံးစရာမလိုတော့ဘဲ google ရဲ့ Gmail ကို ကိုယ့် domain နဲ့ သုံးစွဲခွင့်ရသွားပါတယ်။ ဒါတောင် အလွယ်တကူ ရတာမဟုတ်သေးပါဘူး။ hostmonster ထဲ ၀င်ပြီး MX Server တွေရဲ့ IP တွေကို hostmonster ရဲ့ IP အစား Google ရဲ့ MX server name တွေကို ရိုက်ထည့်ပေးလိုက်မှ အဆင်ပြေသွားတာပါ။

Hostmonster ကို သဘောကျတာက တစ်ခုခု အဆင်မပြေလို့ မေးလိုက်ရင် အများဆုံး ဆယ်မိနစ်လောက်ပဲ။ ချက်ချင်းပြန်ဖြေပေးတယ်။ သေသေချာချာ ရှင်းရှင်းလင်းလင်းကို ပြန်ပြောပေးကြတာ။ ကျွန်တော်က Cpanel ကို ၀င်လို့မရဘူး။ Cpanel က port 2086 ကို သုံးထားတာမို့ မြန်မာပြည် ISP တွေက Ban ထားတဲ့အကြောင်းကို ပြောပြလိုက်တော့ သူတို့က Cpanel ကို တခြား port တစ်ခုနဲ့ access လုပ်ခွင့်ရအောင် လုပ်ပေးပါတယ်။ တကယ့်ကို ချက်ချင်းကို လုပ်ပေးလိုက်တာ။ Justhost ဆိုရင် Cpanel ကို မကျော်ဘဲ access လုပ်လို့ မရပါဘူး။ hostmonster က ရတယ်။ Justhost ၀ယ်ထားတဲ့သူတွေ Cpanel ကို access လုပ်ချင်ရင် CpanelProxy ကို သုံးကြရပါတယ်။

ဒီလင့်ခ်ကတော့ hostmonster ကနေ ၀ယ်ထားတဲ့ Package description ပါ။ အဲဒါတွေအတွက် တစ်နှစ်ကို 67 ဒေါ်လာပေးရပါတယ်။ သို့ပေမဲ့ hosting ၀ယ်တဲ့အတွက် domain တစ်ခုပါ အလကားရလိုက်ပါသေးတယ်။

Windows 7 မှာ Image Drive ဖန်တီးမရရင်


ပြဿနာက Nero 7 က စတာပဲ။ ကျွန်တော်က ကျွန်တော့်စက်ကို Windows 7 တင်လိုက်တယ်။ ပြီးတော့ Nero 7 ကို တင်တယ်။ ဘယ်လိုမှ တင်လို့မရဘူး။ အွန်လိုင်းက အသိတစ်ယောက်ကတော့ ကျွန်တော့်စက်မှာ တင်လို့ ရတယ်လို ပြောပြတော့ ဟိုက် Windows 7 က ငါ့ကျမှ ဘယ်လိုဖြစ်ရတာပါလိမ့်လို့ တွေးမိတယ်။ နောက် သေချာအောင် နေပါဦး ခင်ဗျားက Nero 7 ကို ဘယ် Version လဲလို့ မေးလိုက်တော့ Nero 7 Essential တဲ့။ ကျွန်တော် တင်လို့မရတာက Nero 7 Ultra Edition လေ။ ဘယ့်နှယ် Essential ကျ တင်လို့ရပြီး Ultra ကျ ဘာကြောင့် တင်မရတာပါလိမ့်လို့ စဉ်းစားကြည့်မိတယ်။ အဖြေတွေ့သွားပါတယ်။ Ultra Edition မှာ Image drive ပါပြီး Essential မှာကျ Image Drive မပါပါဘူး။ ပြသနာက အဲဒီ Image Drive က ပေးနေတာ။ Nero က တင်တဲ့ Image Drive ကို Windows 7 က လက်မခံဘူး။ ဒါကြောင့် Nero 7 Ultra Edition က Windows 7 မှာ တင်မရဖြစ်တာလေ။

ကျွန်တော်ကတော့ ဒါလေးများ Version မြင့်ရင် 7 က လက်ခံမှာပဲလို့ ယူဆပြီး Nero 8 တင်ပါတယ်။ တင်လို့တော့ ရပါရဲ့။ Image Drive ပါမလာဘူး။ မသေချာတာနဲ့ ဖြုတ်ပြီး Custom ရွေးပြီး တင်ကြည့်တယ်။ ဟုတ်တယ် Image Drive မပါဘူး။ အော် ဒါလေးများဆိုပြီး Nero 9 ကို တင်ပါတယ်။ ခွေတွေထဲပါတဲ့ဟာကို စိတ်မချလို့ Official Site ကနေကို Nero 9 ရဲ့ အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ Enterprise Edition ကို တင်ပါတယ်။ ဟုတ်ကဲ့ Image Drive ပါမလာတော့ပါ။ Nero ဟာ version 8 ကနေစပြီး Image Drive ကို မထည့်တော့ပါ။
သူတို့က မထည့်တော့တာက အကြောင်းမဟုတ်ဘူး။ ကျွန်တော့်ခမျာ ရှိသမျှ စီဒီ၊ဒီဗီဒီခွေ အကုန်လုံးကို nrg format နဲ့ image ရိုက်ထားတာဆိုတော့ အခုလို image drive မရှိတော့ အဲဒီ image တွေကို mount လုပ်လို့ မရတော့ဘူး ဖြစ်သွားတာပေါ့။

အဲဒါနဲ့ပဲ Windows 7 နဲ့ Compatible ဖြစ်မယ့်၊ Virtual drive ဖန်တီးပေးနိုင်ပြီး nrg format ကို mount လုပ်နိုင် မယ့် ဆော့ဖ်ဝဲကို လှည့်ပတ်ရှာရပါတယ်။ အဲဒီမှာ Free ပေးတဲ့ Virtual Clone Drive ကို တွေ့ပါတယ်။ သူက Elaborate Byte (CloneCD ကို ထုတ်တဲ့ Company) ကထုတ်တာပါ။ သူကတော့ Windows 7 နဲ့ အဆင်ပြေပေမယ့် nrg file တွေကို mount မလုပ်နိုင်ပါဘူး။

အဲဒါနဲ့ပဲ နာမည်ကြီးတဲ့ UltraISO ကို တင်ကြည့်ပါတယ်။ Version 9 ပါ။ သူကတော့ Free မပေးပါဘူး။ keygen လေး လှည့်ပတ်ရှာပြီး စမ်းတင်ကြည့်ပါတယ်။ ဟော သူကတော့ Windows 7 နဲ့ အဆင်ပြေပါတယ်။ nrg ကိုလည်း mount လုပ်နိုင်ပါတယ်။ သို့ပေမယ့် Virtual Clone Drive လို image file ပေါ် Right Click ထောက်ပြီး mount လုပ်လို့တော့ မရပါဘူး။ image ကို mount လုပ်ချင်ရင် သူ့ကို ဖွင့်ပြီးမှ လုပ်ရပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီ UltrISO ကိုဘဲ ကျွန်တော့်စက်ထဲမှာ တင်ထားလိုက်ပါတယ်။ နောင်လည်းပဲ သူ့ထက် ကောင်းတာမတွေ့သရွေ့တော့ သူ့ကိုပဲ သုံးနေဦးမှာပါ။

January 14, 2010

Download W3 Schools Website


W3 Schools ရဲ့ download link ကို http://mcyouthgroup.org/index.php?topic=152.msg293#msg293 မှာတွေ့လို့ ရှဲလိုက်ပါတယ်။

Part 1: http://www.multiupload.com/THE17C0RIV
Part 2: http://www.multiupload.com/THE17C0RIV

January 12, 2010

4shared Desktop

အခုဆိုရင် File တွေကို Upload လုပ်ကြတဲ့အခါမှာ အများအားဖြင့် Mediafire တို့လို Web based တွေကိုပဲ အသုံးများနေကြပါတယ်။ Web based တွေဟာ Connection မကောင်းတဲ့အခါမှာ တင်ရတာ အဆင်မပြေဘဲ connection ကောင်းတောင်မှ တစ်ခါတရံ error တက်လေ့ရှိပါတယ်။

အခု ဒီ 4shared Desktop ကို စမ်းသုံးကြည့်ပါလားလို့ တိုက်တွန်းချင်ပါတယ်။ MB ရာချီရှိတာတောင်မှ နေ့လည်ခင်း connection နဲ့ အေးအေးဆေးဆေး upload လုပ်လို့ရပါတယ်။ ကျွန်တော့်အထင် သူက 80 port ကိုမသုံးဘဲ တခြား Port တစ်ခုကို သုံးထားလို့ အရမ်းမြန်နေတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် 4shared desktop ဟာ တခြား uploader နဲ့တောင် မတူပါဘူး။ upload လုပ်တာ အရမ်းမြန်တယ်၊ ပြုတ်သွားတာမျိုးလည်း မရှိဘူး။ အခုဆိုရင် upload လုပ်ချင်ရင် 4shared desktop ကိုပဲ Install လုပ်ပြီး တင်နေဖြစ်ပါတယ်။ နောင်လည်း ဒီအတိုင်းပဲ တင်သွားတော့မယ်။

http://www.4shared.com/file/50786419/76ca898d/4shared_Desktop_310.html ကနေ 4shared desktop ကို ရယူနိုင်ပါတယ်။

January 5, 2010

Windows 7 Keyboard Shortcuts

Windows 7 မှာ Keyboard Shortcuts အသစ်တွေ တော်တော်များများပါလာပါတယ်။ Shortcut တွေကို သိထားခြင်းအားဖြင့် အလုပ်လုပ်တဲ့အခါမှာ ပိုမိုမြန်ဆန်တာမို့ ဖော်ပြပေးလိုက်ပါတယ်။

Ctrl+Alt+Tab

Use the arrow keys to switch between open items.
Alt+Tab ကို အားလုံးသိကြမှာပါ။ ဖွင့်ထားတဲ့ Window တွေကို ပြောင်းချင်ရင် ကျွန်တော်တို့ သုံးခဲ့ကြတယ်။ အခု 7 မှာတော့ Ctrl+Alt+Tab ဆိုတာ ပါလာပါတယ်။ Alt+Tab လို နှိပ်ထားစရာ မလိုပါဘူး။ Ctrl+Alt+Tab ကို နှိပ်လိုက်တာနဲ့ လောလောဆယ်ဖွင့်ထားတဲ့ Window တွေကို Box တစ်ခုနဲ့ ပြပေး ထားပါလိမ့်မယ်။ ကိုယ်က ပြောင်းချင်တဲ့ဝင်းဒိုးပေါ်မှာ မောက်စ်နဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ။

Ctrl+Mouse Scroll Wheel

Change the size of icons on the desktop.
Desktop ပေါ်နေတဲ့အချိန်မှာ Desktop ပေါ်က icon တွေရဲ့ အရွယ်အစားကို ပြောင်းလဲချင်ရင် Ctrl ကို ဖိထားပြီး Mouse က Scroll Wheel ကို လှိမ့်လိုက်ရုံနဲ့ ပြောင်းလဲနိုင်ပါတယ်။

Alt+Esc

Cycle through items in the order in which they were opened.
ဖွင့်ထားတဲ့ Window တွေကို တစ်ခုပြီးတစ်ခု ပြောင်းပေါ်ချင်ရင် သုံးလို့ရပါတယ်။ Alt+Tab လို ပုံစံမျိုး ပေမဲ့ Alt+Tab လို box ပေါ်မလာဘဲ တစ်ခုပြီးတစ်ခု ပြောင်းပေးသွားမှာပါ။

F4
Display the address bar list in Windows Explorer.
Windows Explore ဖွင့်ထားတဲ့အချိန်မှာ Address bar ကို ဖွင့်ချင်ရင် F4 ကို နှိပ်လိုက်ပါ။

Alt+Up Arrow

View the folder one level up in Windows Explorer
A ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ A ထဲမှာရှိတဲ့ B ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ B ပွင့်သွားတယ်။ အဲဒီအချိန်မှာ A Folder အောက်ကို ပြန်ရောက်ချင်ရင် Alt နဲ့ Up arrow ကို နှိပ်လိုက်ပါ။


Windows logo Key + T
Cycle through programs on the taskbar.
Taskbar မှာ ပေါ်နေတဲ့ Program တွေ၊ Window တွေရဲ့ Preview ကို တစ်ခုချင်းစီ ကြည့်ချင်ရင် Windows logo Key နဲ့ T ကို တွဲနှိပ်လိုက်ပါ။

Windows logo Key + number

Start the program pinned to the taskbar in the position indicated by the number. If the program is already running, switch to that program.

ဆိုပါစို့။ Notepad ဖွင့်တယ်၊ ပြီးတော့ Calculator ဖွင့်ထားတယ်။ အဲဒီတော့ Taskbar မှာ Notepad icon နဲ့ Calculator ရဲ့ icon လေးပေါ်နေတယ်။ Notepad က ပထမ၊ ပြီးမှ Calculator က ဒုတိယ အနေနဲ့ ပေါ်နေတာ။ အဲဒီအချိန်မှာ Notepad ကို မြင်ကွင်းရှေ့ ပေါ်လာစေချင်ရင် Windows logo key နဲ့ 1 ကို နှိပ်ကြည့်ပါ။ Calculator ကို မြင်ကွင်းရှေ့ ရောက်စေချင်ရင်တော့ Windows logo key နဲ့ 2 ကို နှိပ်ကြည့်ပါ။

Shift+ Windows logo Key + number

Start a new instance of the program pinned to the taskbar in the position indicated by the number.
အစောကအတိုင်းပဲ။ Notepad ဖွင့်ပြီး Calculator ဖွင့်မယ်ဗျာ။ Shift ရယ် Windows logo key ရယ် 1 ရယ် နှိပ်ကြည့်လိုက်ပါ။ နောက်ထပ် Notepad အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီလိုပါပဲ။ Shift ရယ် Windows logo key ရယ် 2 ရယ် နှိပ်ကြည့်လိုက်ပါ။ Calculator အသစ် ပွင့်လာပါလိမ့်မယ်။

January 4, 2010

Gmail Account အခိုးမခံရခင်

Gmail Team ကနေပြီး Gmail account အခိုးခံရတဲ့အခါ ပြန်ဆယ်နိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ ရှိပါတယ်။ သူက အခိုးခံရတဲ့ Account ပြန်လိုချင်ရင် Account creation date နဲ့ နောက်ဆုံးအသုံးပြုခဲ့တဲ့ password ကို မေးပါတယ်။ ပြန်ရနိုင်၊ မရနိုင်ကိုတော့ 100% အာမခံနိုင်ရဲ့လားတော့ မသိပါဘူး။

ဘာပဲပြောပြော Gmail အသုံးပြုသူ အားလုံးအနေနဲ့ တစ်ချိန်မှာ ကိုယ့် account လေးများ အခိုးခံလိုက်ရရင် ပြန်ဆယ်နိုင်ဖို့အတွက် အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိထားဖို့ ကြိုးစားထားသင့်ပါတယ်။

Recovery ပြန်လုပ်တဲ့ Link ကတော့ ဒီမှာပါ။
https://www.google.com/support/accounts/bin/request.py?ara=1

January 3, 2010

Blogger+Twitter+Facebook

အခုအချိန်မှာကျ Facebook နဲ့ Twitter က အရမ်းခေတ်စားနေတာလေ။ အွန်လိုင်းမှာ ရှိသမျှလူ အကုန်လုံးများ Facebook ထဲ ရောက်သွားသလားတောင် မှတ်ရတယ်။

ကျွန်တော်လည်း ဘာရမလဲ။ Facebook ထဲ register လုပ်တာပေါ့။ ပြီးတော့မှ ဒုက္ခရောက်ပါလေရော။ Facebook က မေးတဲ့ What’s on your mind? မှာ ဘာရိုက်ထည့်ရမှန်း မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပေါ့။ ရိုက်ပေးရမှာလေ။ ဒါပေမဲ့ ကိုယ်ပုံမှန်လုပ်ဖြစ်နေတာက Blog ရေးတာပဲ ဖြစ်နေတော့ ကိုယ့် Post လေးတွေပဲ ထည့်ရင် ပိုကောင်းမယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ Post တစ်ခါတင်တိုင်း Blogger ထဲသွားတင်လိုက်ရ၊ Facebook ထဲသွားတင်လိုက်ရ၊ Twitter ထဲ သွားတင်လိုက်ရလုပ်နေရင် မလွယ်ဘူးလေ။
အဲဒါနဲ့ပဲ Blogger ထဲမှာ Post တင်လိုက်ရုံနဲ့ Facebook ထဲနဲ့ Twitter ထဲ ချက်ချင်းရောက်သွားမယ့် နည်းလမ်းကို ရှာဖွေကြည့်တော့ တွေ့သွားပါတယ်။

အောက်မှာ Post တင်လိုက်ရုံနဲ့ Facebook နဲ့ Twitter ဆီ ရောက်သွားတာလေးတွေကို နမူနာ ပြထားပါတယ်။



(၁) Blogger to Twitter

ကိုယ့် Blog မှာ Post တင်လိုက်ရုံနဲ့ Twitter ထဲရောက်သွားချင်ရင် feedburner.google.com မှာ login ၀င်ပြီး လုပ်လို့ရပါတယ်။ Twitter ထဲမှာ ကိုယ့် Post ရဲ့ Title နဲ့ ကိုယ့် Post ရဲ့ URL ကို Google ရဲ့ URL Shortner ဖြစ်တဲ့ goo.gl နဲ့ ပေါ်သွားမှာပါ။

(၂) Blogger to Facebook

Facebook ထဲကို login ၀င်ပြီး Application ထဲက Notes ထဲကို သွားပါ။ Setting ထဲမှာ ကိုယ့် blog ရဲ့ Feed URL ကို ရိုက်ထည့်ပြီး လုပ်ရင် ရပါတယ်။ Facebook ကတော့ ကိုယ့် Blog ရဲ့ Feed တစ်ခုလုံးကို ဆွဲယူ ပေးသွားမှာပါ။ ကိုယ်က Post အသစ်တင်တိုင်းလည်း Facebook မှာ အပြည့်အစုံသွားပေါ်မှာပါ။

ကိုယ့်ဆီကို လူတွေလာလည်အောင် လုပ်နေတာထက် လူတွေအများကြီးရှိနေတဲ့နေရာမှာ ကိုယ်က ရောက်အောင်သွားပြီး ကိုယ်ပေးချင်တဲ့ Message ကို ပေးတဲ့နည်းကို ပိုကောင်းတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။

အဆင်ပြေကြပါစေ။