လောကမှာလူဘယ်နှစ်ယောက်လောက်
အဘွားအိုဖြစ်ခွင့်ရှိပါသလဲ
မွေးခါစကနေ အဘွားအိုဘ၀ထိရောက်အောက် အရာရာကို
သူဖြတ်သန်းခဲ့တယ်
တွန့်တွနေတဲ့ ပါးရေနားရေတွေဟာ ဖျော့တော့အေးမြတဲ့
မျက်လုံးတွေကို ကွေ့ဝိုက်ထားပုံ
ချိုင့်နေတဲ့ပါး၊ ကျိုးနေတဲ့သွား၊ ကိုင်းနေတဲ့ခါး၊ ထိုင်းနေတဲ့နား၊
ဝါးနေတဲ့မျက်စိနဲ့ သား၊မြေး၊မြစ် ဘုစုခရုတွေကို ဆံပင်ဖြူ
နုတ်ခိုင်းနေတဲ့အဘွား
ကျွန်တော်ကိုယ့်အဘွားကိုကြည့်ပြီး ရယ်ချင်တယ်
သူ့အနားဗျောက်ဖောက်ရင် `ဘုရားကြီးငုတ်တုတ်´ လို့
ယောက်တတ်တဲ့အဘွား
ထန်းလျက်နဲ့လက်ဖက်ကို ကျောသားရင်သားမခွဲခြား
မှီဝဲတဲ့အဘွား
တုတ်ကောက်နဲ့ကုန်းကွကွ လမ်းလျှောက်တဲ့အဘွား
အိမ်ရှေ့ကွပ်ပျစ်ပေါ်ကနေ၀င်ရီမှာ ပြောင်းဖူးဖက်ဆေးလိပ်
တဖွားဖွား ဖွာနေပြန်တဲ့အဘွား
အဘွားဟာ ကျွန်တော်တို့အမျိုးရဲ့ သမိုင်းစာအုပ်
အဘွားဟာ ကျွန်တော်တို့ရဲ့ ပုံပြင်စာအုပ်၊
ဘုရားရှိခိုးအမျိုးမျိုးစာအုပ်
အဘွားဟာ ငါးရာ့ငါးဆယ်နိပါတ်တော်စာအုပ်ပေါ့
အဘွားဟာ အင်တာနက်မဖတ်တတ်ပေမဲ့ ပရိတ်ကြီး (၁၁) သုတ်
အလွတ်ရတယ်
အဘွားဟာ ကုလားကားမကြည့်ရပေမဲ့ ကုလားမုန့်လေးတွေ
ကျွေးတတ်တယ်
အိမ်တစ်အိမ်မှာ ကလေးတစ်ယောက်ရှိနေတာဟာ သာယာသလို
အိမ်တစ်အိမ်မှာ အဘွားအိုတစ်ယောက်ရှိနေတာလည်း ပျော်စရာပါ
ကြောင်အိုတော့ ကြွက်မလေးဆိုသလို
အဘွားရိုက်ရင် မနာဘူး
အဘွားဘာစားစား မကုန်ဘူး
အဘွားဟာ ဆန်မကုန်မြေမလေး သက်ရှိရုပ်ကြွင်းလား
မယားဆိုပျိုမှ
အဘွားဆိုအိုမှ
အိုတာကိုက လှတာပါပဲ
ဒီအဘွားဟာ
နောက်ထပ်အဘွားတွေဘယ်လောက်များများမွေးထုတ်ပေးမလဲ
ဆိုတာတော့
အဘွားရော အဘွားဖြစ်လာမယ့်သူတွေရော ဘယ်သူမှ ဖွင့်
ကြည့်ခွင့်မရခဲ့ဘူး။
ဝိုင်ချို
No comments:
Post a Comment