November 16, 2012

Interview By Internet Journal About Myanmar Communication Draft Law




 စစ်ကိုင်းတိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်း အတွင်းရေးမှူး ဦးဇော်သူရိန်ထွန်းနှင့် ဆက်သွယ်ရေးဥပဒေကြမ်းအကြောင်း မေးမြန်းခြင်း


၁။ ဒီလ ၇ ရက်နေ့က ဆက်သွယ်ရေး ဥပဒေကြမ်းထွက်လာပါတယ်။ ပထမဦးဆုံးအနေနဲ့ ဒီဥပဒေအကြမ်းအပေါ်ကို တစ်ဦးတည်းအမြင်နဲ့ ခြုံငုံသုံးသပ်ချက်လေး ပြောပေးပါလား။

ဥပဒေကြမ်း ထွက်လာတာကို ကြိုဆိုပါတယ်။ ပြည်တွင်းကွန်ပျူတာပညာရှင်တွေ၊ လုပ်ငန်းရှင်တွေနဲ့ သုံးစွဲသူတွေရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖြစ်အောင် ဒီထက်ပိုကောင်းအောင် ပြင်ဆင်နိုင်ရင်တော့ ပိုကောင်းပါလိမ့်မယ်။

၂။ အိုင်စီတီနယ်ပယ်ကလူတွေ အရင်ကပြောနေကြတာက ဥပဒေမရှိလို့ အလုပ်မဖြစ်တာတဲ့ အခုဥပဒေကြမ်းထွက်လာပြီလေ။ ဒီတော့မကြာခင်မှာ အတည်ပြုနိုင်မယ်လို့ ယုံကြည့်ရတာပေါ့။ ဒါဆိုရင် အရင်ကအလုပ်မဖြစ်ဘူးလို့ပြောနေတဲ့နေရာမှာ ဘယ်အတိုင်းအတာအထိ အလုပ်ဖြစ်လာနိုင်မှာလဲ။

အရင်က ဥပဒေမရှိလို့ အလုပ်မဖြစ်ဘူးလို့ ပြောကြာတာတွေတော့ ရှိပါတယ်။ ဥပဒေမရှိလို့ အလုပ်မဖြစ်တာထက် ရှိတဲ့ဥပဒေကလည်း အလုပ်ဖြစ်ဖို့ လိုပါတယ်။ အခု ဥပဒေကြမ်းအရတော့ Operator တွေ လျှောက်ထားလို့ ရလာပြီ၊ ISP လုပ်ကိုင်ခွင့်တွေ လျှောက်ထားလို့ ရလာပြီဖြစ်တဲ့အတွက် ဒါဟာ အတိုင်းအတာတစ်ခုအထိ တိုးတက်လာတယ်လို့ ပြောနိုင်ပါတယ်။


၃။ ဥပဒေကြမ်းဆိုတာ လေ့လာအကြံပြုနိုင်ဖို့အတွက် ထွက်ရှိလာတာလေ။ ဒီတော့ ဒီဥပဒေအကြမ်းအပေါ်မှာ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်၊ မလိုအပ်ချက်တွေကို ဘယ်လိုမျိုး လေ့လာအကြံပြုချင်ပါလဲ။

အားနည်းချက်
အခုဖတ်နေသလောက်ကတော့ ပုဒ်မ (၆၆) (ခ)ကို ဥပဒေပညာရှင်များ ပြန်လည်သုံးသပ် စဉ်းစားဖို့လိုပါတယ်။ သူ့ထဲမှာ ရေးထားတာက
(ခ) မိမိနှင့်မသက်ဆိုင်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် ခွင့်ပြုချက်မရှိဘဲ လက်ခံခြင်း၊ ကြားဖြတ်ဖမ်းယူခြင်း၊ ပို့လွှင့်ခြင်း၊ ထုတ်လွှင့်ခြင်း၊ ဆက်သွယ်ခြင်း၊ ဖြန့်ချိခြင်း သို့မဟုတ် ပေးဝေခြင်း အဲဒီလို လုပ်ရင် ထောင်ဒဏ် သုံးနှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဆိုပြီး ရေးထားပါတယ်။ မရိုးမဖြောင့်သောသဘော ဆိုတဲ့ စကားလုံးဟာ အများကြီးအဓိပ္ပာယ်ထွက်ပါတယ်။ ဆိုလိုချင်တာက မိမိနှင့်မသက်ဆိုင်သော သတင်းအချက်အလက်ဆိုတာကို ဘယ်လိုသတ်မှတ်မလဲ၊ လူတစ်ဦးမှာ မင်းကတော့ ဘယ်သတင်းနဲ့ မဆိုင်ဘူး၊ ရေးစရာမလိုဘူး၊ ဖြန့်စရာမလိုဘူးလို့ သတ်မှတ်ပိုင်ခွင့် ဥပဒေမှာ ရှိသင့်သလားပေါ့။ သက်ဆိုင်သည်၊ မသက်ဆိုင်သည်ကို အဓိကမထားဘဲ  နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ နယ်မြေအေးချမ်းသာယာရေး၊ တိုင်းရင်းသားစည်းလုံးညီညွှတ်ရေး
၊ စီးပွားရေး ဒါမှမဟုတ် ယဉ်ကျေးမှုထိခိုက်စေမယ့် သတင်းအချက်အလက်မျိုးကိုပဲ Focus ထားရင် ပိုကောင်းပါလိမ့်မယ်။

၆၆ (က)မှာကျ မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံခြင်း ဆိုတာ ပါပြန်တယ်၊ သတင်းအချက်အလက် လက်ခံမှုဆိုတာက ဥပမာ အီးမေးလ်ဆိုရင် ကျွန်တော်တို့ လက်ခံလိုသည်ဖြစ်စေ၊ လက်မခံလိုသည်ဖြစ်စေ ပို့တဲ့သူက ပို့လိုက်တာနဲ့ ကျွန်တော်တို့ဆီ ရောက်လာမှာပါပဲ။ ရိုးဖြောင့်စွာ လက်ခံခြင်း ဟုတ်မဟုတ်က နောက်ပိုင်းကိစ္စ၊ ဒီ မမှန်ကန်တဲ့သတင်းအချက်အလက်ကတော့ ကိုယ့်ဆီရောက်လာပြီ။ ဒါဟာ အငြင်းပွားစရာ Clause ဖြစ်နေပါတယ်။ အရင် အစိုးရလက်ထက်တုန်းက အဲဒီ အီးမေးလ်လက်ခံမှုနဲ့ အမှုတွေ စီရင်ချက်ချခဲ့တာတွေ ရှိပါတယ်။ အီးမေးလ်ဆိုတာမျိုးက ကိုယ်က ရွေးချယ်ခွင့်မှ မရှိတာပဲ။ အဲဒါကို ဘယ်အီးမေးလ်လက်ခံထားလို့ဆိုပြီး ထောင်ဒဏ်ချခဲ့တဲ့ ဖြစ်ရပ်တွေ အများအပြားရှိပါတယ်။ ဒါကြောင့်မို့ မမှန်ကန်သော သတင်းအချက်အလက်ကို မရိုးမဖြောင့်သော သဘောဖြင့် လက်ခံပြီး ထိန်းသိမ်းထားခြင်းလို့ ပြင်သင့်ပါတယ်။ ကိုယ့်အီးမေးလ်ထဲ မဆိုင်တာတွေဝင်လာရင် ဖျက်သာပစ်လိုက်၊ ဒါဆို အကာအကွယ်တစ်ခု ရတယ်လို့ ပြောနိုင်ပါလိမ့်မယ်။

ပုဒ်မ (၃၂) ကမှာ လုပ်ငန်းလိုင်စင်ရရှိသူသည် ခွင့်ပြုပေးထားသော ၀န်ဆောင်ခနှုန်းထားနှင့်အညီ ၀န်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးရမည် လို့ ရေးထားပြန်ပါတယ်။ ၀န်ဆောင်ခနှုန်းထားကို အရင်ဆုံး ဦးစီးဌာနကို တင်ရမယ်၊ ဦးစီးဌာနက ခွင့်ပြုမှာသာ  အဲဒီနှုန်းထားနဲ့ ကောက်ခံလို့ ရမယ်။ အဲဒီတော့ Operator တစ်ဦးဦးက မိုဘိုင်းလ်ဖုန်းအတွက် ဆင်းကဒ်တန်ဖိုး တစ်ထောင်ယူမယ့်ကိစ္စမျိုးကို အဲဒီဦးစီးဌာနက ခွင့်ပြုပေးနိုင်မလား၊ ဒါတွေက စဉ်းစားစရာတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါးထောင်တန်ကိစ္စတုန်းက မဖြစ်နိုင်ပါဘူးဆိုပြီး ခါးခါးသီးသီး ငြင်းခဲ့တဲ့ သာဓကတွေက ရှိတာကိုး။ Price Regulation လုပ်ရင်းနဲ့ တစ်ဘက်က Price Limitation ဖြစ်သွားနိုင်ပါတယ်။ အမေရိကန်မှာဆိုရင် FCC က အများဆုံး ကောက်ယူနိုင်မယ့် နှုန်းကိုပဲ သတ်မှတ်ပေးတယ်။ အဲဒီနှုန်းထားထက် နည်းပြီး ကောက်တာ၊မကောက်တာက Operator ရဲ့ သဘောပါ။ အဲဒီ ၀န်ဆောင်ခနှုန်းထားတွေကိုလည်း အစိုးရက မယူသလို အဲဒီဝန်ဆောင်ခ နှုန်းထားတွေအပေါ်မှာ အခွန်ကောက်ခံခြင်းလည်း မလုပ်ပါဘူး။
ဒီဥပဒေကြမ်းမှာကျတော့ အဲဒီ သုံးစွဲသူတွေဆီက ရတဲ့ ၀န်ဆောင်ခ တွေကို လုပ်ငန်းလိုင်စင် ရှိတဲ့သူက အပြည့်အ၀ရမှာလား၊ ဒါမှမဟုတ် နိုင်ငံတော်ကို သွင်းရမှာလား အဲဒါကို သဲသဲကွဲကွဲ လုံးဝမပါပါဘူး။ ဒါဟာ တကယ့်ကို အရေးကြီးတဲ့အပိုင်းပါ။

ဥပဒေရုပ်သိမ်းလိုက်တာကလည်း Myanamr Telegraph Act နဲ့ Wirelesss Telegraph Act ကိုပဲ ရုပ်သိမ်းလိုက်တာ ဖြစ်ပါတယ်။ ၁၉၉၆ တုန်းက ပြဌာန်းခဲ့တဲ့ ကွန်ပျူတာဖွံ့ဖြိုးရေးဥပေဒ ပုဒ်မ ၃၁ နဲ့ ၃၂ ဟာ အခု ဆက်သွယ်ရေးဥပဒေနဲ့ဆိုရင် အဓိပ္ပာယ်တူတာတွေပါနေပေမယ့် ပြစ်မှုပြစ်ဒဏ်ကျ မတူပြန်တော့ဘူး။ အဲဒီတော့ ၉၆ ဥပဒေကိုလည်း ပြန်လည်ပြင်ဆင်ဖို့လိုပါတယ်။ ပြစ်မှုတစ်ခုအတွက် ဥပဒေနှစ်ခု ထပ်နေတာက ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ နောက်ပြီး နာမည်ကြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေကိုလည်း အခုထိ မဖျက်သိမ်းသေးပါဘူး။

ပုဒ်မ ၇၃ မှာ ပြည်ထောင်စုအစိုးရအဖွဲ့က မည်သည့်သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးကိုမဆို ကြားဖြတ်ဖမ်းယူနိုင်ရေးအတွက် ညွှန်ကြားနိုင်သည်ဆိုပြီး ပါပါတယ်။ ဒါကို Lawful Inception လို့ ခေါ်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ရှိပါတယ်။ ဒါက နိုင်ငံတော်လုံခြုံရေးဘက်ကကြည့်ရင် ဖြစ်သင့်တယ်ထင်ရပေမယ့် ကိုယ်ရေးကိုယ်တာ လုံခြုံရေးရှုထောင့်ကနေ ကြည့်ရင်တော့ ဘယ်သူမှ လိုလားမှာ မဟုတ်ကြပါဘူး။ Lawfaul Inception ထက် Unlawful Inception တွေ ဖြစ်လာရင် User ဘက်က ဘယ်လို တန်ပြန် အရေးယူမှု လုပ်နိုင်တယ်ဆိုတာကျ မပါဘူးဖြစ်နေတယ်။ ၂၀၀၆တုန်းက ဂရိနိုင်ငံရဲ့ Vadafone ဆက်သွယ်ရေးကုမ္ပဏီဟာ သူ့ရဲ့ Customer တွေကို Unlawful Inception ကနေ ကာကွယ်မပေးနိုင်ခဲ့လို့ အမေရိကန်ဒေါ်လာ ၁၀၀၀၀၀၀ ဒဏ်ရိုက်ခံခဲ့ရတဲ့ အဖြစ်မျိုးတွေ ရှိပါတယ်။

၆၅ (က)မှာကျ ညစ်ညမ်းသော သတင်းအချက်အလက်များကို ပေးပို့ခြင်း၊ သို့မဟုတ် ဖြန့်ချိခြင်း သို့မဟုတ် ပါဝင်ဆောင်ရွက်ခြင်းလုပ်ရင် ထောင်ဒဏ် သုံးနှစ်ဆိုပြီး ရေးထားပါတယ်။ အဲဒီမှာ ကာယကံရှင်၏ ခွင့်ပြုချက်မရဘဲဆိုတာ ထည့်သွင်းသင့်ပါတယ်။ နောက်ပြီး ညစ်ညမ်းသော ဆိုတာကြီးက အများကြီး အဓိပ္ပာယ်ထွက်ပါတယ်။ လိင်မှုဆိုင်ရာ ကိုပြောတာလား၊ ဒါမှမဟုတ် တခြား ဘာရှိသေးလဲပေါ့။

အားသာချက်
အခုခေတ်စားနေတဲ့ ဆက်သွယ်ရေးကွန်ယက်တစ်ခုခုကို သုံးပြီး အသရေဖျက်တာတွေ၊ ခြိမ်းခြောက်တာတွေ အတွက် ပြစ်မှုပြစ်ဒဏ်တွေ ပါလာပါတယ်၊ နောက်ပြီး ဗိုင်းရပ်စ် ၀င်အောင် လုပ်တာ၊ မရိုးသားတဲ့စိတ်နဲ့ Hacking လုပ်တာတွေအတွက် ပြစ်မှုပြစ်ဒဏ်တွေ ပါလာတာက ကောင်းမွန်တဲ့ ထည့်သွင်းမှုတွေ ဖြစ်ပါတယ်။ မူပိုင်ခွင့်ကို အကာအကွယ်ပေးထားတဲ့ ပုဒ်မတွေလည်း  ပါပါတယ်။

လိုအပ်ချက်
ရှေ့ပိုင်းက ပြောခဲ့သလိုပါပဲ၊ ဆက်သွယ်ရေးကနေ ရရှိတဲ့ ၀န်ဆောင်ခတွေကို နိုင်ငံတော်ကို သွင်းရမှာလား၊ ကုမ္ပဏီက ရမှာလားဆိုတာ သဲသဲကွဲကွဲ မပါပါဘူး။ အဲဒါလိုပါတယ်။ ၉၃ခုနှစ်တုန်းက ထုတ်ပြန်ခဲ့တဲ့ ဂြိုလ်တုရုပ်မြင်သံကြား ဖမ်းစက်ဆိုင်ရာအမိန့်ဆိုတာကလည်း ဒီဥပဒေနဲ့ဆိုရင် မလိုတော့ပါဘူး။ ဖျက်သိမ်းသင့်ပါပြီ။

၎။ နိုဝင်ဘာလ ၂ ရက်နေ့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဆိုတာကို ပြည်ထောင်စုလွှတ်တော်ကနေ အတည်ပြုခဲ့ပြီးလည်း ဖြစ်တယ်။ ကျွန်တော်ထင်တယ် အင်အားကြီးမားတဲ့ ပြည်ပအိုင်စီတီရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ဆက်သွယ်ရေးဥပဒေတို့ရဲ့ အခြေအနေတွေကို စောင့်ကြည့်နေတာလို့ထင်တယ်။ ဒီတော့ သူတို့စောင့်ကြည့်နေတဲ့ ဥပဒေနှစ်ခုလုံးကို သူတို့တွေ အခုအချိန်မှာ မြင်တွေ့နေရပြီလို့လည်း ကျွန်တော်ထင်တယ်။ ဒီတော့ ပြည်တွင်းအိုင်စီတီနယ်ပယ်မှာ ပြည်ပရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ၀င်ရောက်လာနိုင်ပြီလို့ ယူဆပါလား။ ဘယ်လိုအတိုင်းအတာတွေ ဘယ်လိုမျိုးပုံစံမျိုးတွေနဲ့ ၀င်ရောက်လာမယ်လို့မျော်မှန်းထားပါလဲ။

ဟုတ်ပါတယ်။ စောင့်ကြည့်နေကြပါတယ်။ အခု ဆက်သွယ်ရေးဥပဒေကြမ်း အတည်ဖြစ်သွားပြီး နည်းဥပဒေတွေလည်း ထွက်လာမယ့်အချိန်လောက်ဆိုရင်တော့ ပြည်ပရင်းနှီးမြှပ်နှံမှုတွေ လာကောင်းလာနိုင်ပါလိမ့်မယ်။ Operator အနေနဲ့ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် ISP အနေနဲ့ ဖြစ်ချင်ဖြစ်မယ်၊ ဒါမှမဟုတ် မိုလ်ဘိုင်းလ်ဖုန်း ထုတ်လုပ်သူတွေအနေနဲ့ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် အခုဥပဒေကြမ်းအရ လုပ်ပိုင်ခွင့် ပေးခြင်း မပေးခြင်းက ဆက်သွယ်ရေးဝန်ကြီးဌာနအပေါ်မှာပဲ မူတည်နေပါတယ်။

၅။ ဆက်သွယ်ရေးဝန်ကြီးဌာနကပြောထားတာရှိတယ် အသစ်ထွက်ရှိလာမယ့် ဆက်သွယ်ရေးဥပဒေမှာ ပုဂ္ဂလိကအခန်းဏ္ဍလုပ်ပိုင်ခွင့်တွေ အများအပြားပါလာပါလိမ့်မယ်တဲ့။ အခု ဆက်သွယ်ရေးဥပဒေကြမ်းကို လေ့လာတဲ့အခါ သူတို့တွေပြောတဲ့အတိုင်း အများအပြားပါဝင်နေတယ်လို့ ယူဆမိပါလား။

ဥပေဒအရ ပုဂ္ဂလိကအခန်းကဏ္ဍကို လုပ်ပိုင်ခွင့်ပေးလိုက်တာတော့ ဟုတ်ပါတယ်။ ဒါပေမယ့် အားလုံးက ဆက်သွယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်တွေနဲ့ချည်းပါပဲ။ လျှောက်ထားမှုကို ငြင်းပယ်နိုင်ပါတယ်။ အစောက ပြောခဲ့သလို Operator လုပ်လိုသူတွေအတွက် အ၀င်အထွက်ခေါ်ဆိုခ ကို ဘယ်သူက ရမယ်ဆိုတာမျိုး မပါသေးပါဘူး။

၆။ ဆက်သွယ်ရေးဥပဒေ အတည်ပြုပြီးရင် နည်းဥပဒေဆိုတာကလည်း ဆက်လက်ထွက်ရှိလာမှာပါ။ နည်းဥပဒေထွက်ရှိလာတဲ့အခါမှာ ဘယ်လိုမျိုးအချက်အလက်တွေ ပါဝင်လာစေချင်ပါလဲ။
နည်းဥပဒေထက် ဒီဥပဒေကြမ်းကိုပဲ ထပ်မံပြင်ဆင်သင့်ပါသေးတယ်။ နည်းဥပဒေ ဘယ်လိုလဲရေးရေး မူလဥပဒေကို ကျော်လို့မရတာဖြစ်တဲ့အတွက် မူလဥပဒေကသာ ပြည့်စုံကောင်းမွန်နေဖို့လိုပါတယ်။

၇။ ဥပဒေထွက်ရှိလာတဲ့အခါ အသုံးပြုသူတွေ၊ စီးပွားရေးသမားတွေ၊ ပညာရှင်တွေဟာ ဥပဒေကြောင့် ဘယ်လိုမျိုးအထောက်အကူတွေရရှိလာနိုင်လဲ။

ဒီဥပေဒကြမ်းထဲမှာောတ့ အသုံးပြုသူတွေအတွက် အကာအကွယ်ပေးမှု ထိထိရောက်ရောက် ရေးထားတာမတွေ့ပါဘူး။ ၃၃(က)မှာတော့ အသုံးပြုသူကို အကာအကွယ်ပေးသည့် သင့်လျော်သောစံနှုန်များအား ၀န်ကြီးဌာန၏ သဘောတူညီချက်ဖြင့် သတ်မှတ်ပေးရမည် ဆိုတာပါပေမယ့် အဲဒီ စံနှုန်းဆိုတာ အခုထိ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ ဦးစီးဌာနရဲ့ ခွင့်ပြုချက်ရသွားတဲ့ စီးပွားရေးသမားတွေအတွက်တော့ သူတို့စီးပွားရေးကို အထောက်အကူပြုသွားမှာ အမှန်ပါပဲ။ ပညာရှင်တွေအနေနဲ့တော့ Telecommuniation နဲ့ networking ဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါလာပါလိမ့်မယ်။

၈။ ဆက်သွယ်ရေး ဥပဒေကြောင့် ၁၀ နှစ်တာကာလအကျော် တိုးတက်ပြောင်းလဲခြင်းမရှိခဲ့တဲ့ အိုင်စီတီနယ်ပယ်မှာ ဘယ်လိုမျိုးတိုးတက်ပြောင်းလဲမှုတွေ ဖြစ်လာလိမ့်မယ်လို့ တွေးမြင်မိပါလဲ။
Operator အချင်းချင်း ပြိုင်ဆိုင်မှုတွေ၊ ISP အချင်းချင်းပြိုင်ဆိုင်မှုတွေကြောင့် ဈေးနှုန်းသက်သာလာမှုတွေ၊ အမြန်ဆုံး မြန်ဆန်လာမှုတွေ ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါကလည်း ပင်မ Gateway က Bandwidth များမှ ဖြစ်မှာပါ။ ပင်မ Gateway ကို Bandwidth မချဲ့ပဲနဲ့တော့ ISP ဘယ်နှစ်ခုပဲ ချပေးပေး လိုင်းမြန်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

၉။ ဆက်သွယ်ရေးဥပဒေကြမ်းနဲ့ ပတ်သက်၍ ဖြစ်စေ ပြဋ္ဌာန်းမယ့် ဆက်သွယ်ရေးဥပဒေနဲ့ဖြစ်စေ ထွက်ရှိလာမယ့် နည်းဥပဒေများနဲ့ဖြစ်စေ ရင်ထဲမှာပြောပြချင်တဲ့ အကြောင်းအရာများရှိပါသေးလား။

ပြည့်စုံကောင်းမွန်မှုမရှိသေးပါဘူး၊ ဆက်သွယ်ရေးဝန်ကြီးဌာနဲ့ ဦးစီးဌာနရဲ့ ကန့်သတ်မှုတွေ များလွန်းနေတယ်လို့ မြင်ပါတယ်။

1 comment:

  1. Talk with household, buddies, along with lawyers in regards to the divorce law firms that they have utilised. The information that you're going to receive from their website will allow you to find the appropriate divorce attorney. Whenever a couple of becomes married these people by no means anticipate winding up obtaining a divorce. Regrettably, divorce is now a lot more typical in the present modern society, where there is actually a lesser stigma that come with it. Nonetheless, it is always a difficult as well as mental quest.
    Divorce Attorney Virginia
    For those who have just about any buddies that have were required to proceed through this, ask them for an attorney's identify.

    ReplyDelete