August 19, 2008
Blog မလုပ်ခင် စဉ်းစားပါ
Blog ရေးတာ အိမ်ဆောက်တာနဲ့ တူပါတယ်။ အိမ်သာတော့ ဧည့်လာတယ်ဆိုတော့လည်း ကိုယ့်အိမ်လေးကို လူတွေအလာများအောင် နည်းအမျိုးမျိုးနဲ့ လှအောင်ပအောင် စုံလင်အောင် ရေးကြ၊ ဖိတ်ကြတာပါပဲ။ ကိုယ့် blog လေးကို လူအလာများရင် ရလာတဲ့ ပီတိကိုတော့ blogger တိုင်း သိကြမှာပါ။ blogger မဟုတ်တဲ့သူတွေကျတော့လည်း ဟိုအိမ်သွားလည်၊ ဒီအိမ်သွားလည်နဲ့ ခြေတွေလည်း အတော်ညောင်း ကြတာပေါ့လေ။ အများအားဖြင့် Blog တွေဖတ်တာများလာရင် ကိုယ်ကိုယ်တိုင်လည်း ကိုယ်ပိုင် Blog လေးတစ်ခုလောက်တော့ ရေးချင်စိတ်ပေါ်လာကြတာပါပဲ။ ဒါပေမဲ့ Blog ရေးတာဟာ ဘယ်လောက် တာဝန်ကြီးတယ်ဆိုတာ သိရင် နည်းနည်းလေးများ လက်တွန့်သွားကြမလားပဲ။
နံပါတ်တစ်- ရေးမည့်အကြောင်းအရာကို သေချာရွေးချယ်ပါ
Blog ရေးမယ်လို့ ပထမဆုံးစဉ်းစားလိုက်တာနဲ့ ဘယ်အကြောင်းအရာကို ရေးမှာလဲဆိုတာကို စဉ်းစားပါ။ ဟိုဟာလျှောက်ရေး၊ ဒီဟာလျှောက်ရေးနေလို့တော့ မဖြစ်ပါဘူး။ ကိုယ်ဟာ ဘယ်အပိုင်းမှာ ကျွမ်းကျင်သလဲ၊ ကိုယ်ကျွမ်းကျင်တဲ့အပိုင်းကိုသာ ရေးပါ။ ဘယ်ဟာကိုမှ ပိုင်ပိုင်နိုင်နိုင်မသိပဲနဲ့ Blog ရေးမယ်ဆိုရင် အလကားနေရင်း လူအထင်သေးခံရနိုင်ပါတယ်။ အင်တာနက်သုံးနေတဲ့သူတွေ၊ ဘလော့ခ်တွေကို လိုက်ဖတ်နေတဲ့သူတွေထဲမှာ ပညာရှင်တွေ ပါတယ်ဆိုတာ သတိထားပါ။ ကိုယ်က သီချင်းတွေကို ခံစားတတ်ရင်၊ သုံးသပ်ဝေဖန်တတ်ရင် အဲဒီအကြောင်းတွေကို ရေးပေါ့။ ဒါတောင်မှ တကယ်တမ်းပြောရရင် မတိကျသေးပါဘူး။ သီချင်းအကြောင်း ရေးတာတောင်မှ အနောက်တိုင်းသီချင်းတွေလား၊ မြန်မာသီချင်းအကြောင်းလား၊ မြန်မာသီချင်းတောင်မှ Rock အကြောင်းရေးမှာလား၊ Hip Hop အကြောင်းရေးမှာလား စသည်ဖြင့် တိတိကျကျ ရွေးချယ်မှ ဖြစ်မှာပါ။
နံပါတ်သုံး- Home Page ကို လှအောင် လုပ်နိုင်ရဲ့လား
ကိုယ့် Blog ကို ဖွင့်ဖွင့်ချင်း တက်လာတဲ့ Home Page ဟာ Main Point ပါ။ ဒီ Page ဟာ အရမ်းကြီး မဟုတ်တောင်မှ ဆွဲဆောင်နိုင်စွမ်းရှိရပါ့မယ်။ အရောင်တွဲစပ်မှုတွေ မှန်ရမယ်၊ Navigation လုပ်တာလွယ်ရမယ်၊ Font တွေရဲ့ Color, Size တွေကို သတိထားရမယ်။ အဖြူရောင် စာမျက်နှာပေါ်မှာ အနက်ရောင်စာလုံးနဲ့ ရေးရင် လူ့မျက်လုံးဟာ ကြာကြာဖတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြူရောင်ဟာ အရောင်ပျော့မို့လို့ပါ။ နောက်ခံအရောင်ကို အရောင်ပြင်းတွေ မသုံးမိပါစေနဲ့။ နောက်တစ်ခု သတိထားသင့်တာက ကိုယ့် Blog ကို ဖွင့်ရင် ကြာမယ့်အချိန်ပါ။ Blog တစ်ခုကိုဖွင့်လို့ အကြာကြီးစောင့်နေရရင် ဘယ်သူမှ စိတ်ရှည်မှာ မဟုတ်ပါဘူး။ နာမည်ကြီး Blog ဆိုရင်တော့ ရေးထားတာတွေ ဖတ်ချင်လွန်းလို့ စောင့်ချင်စောင့်ကြပါလိမ့်မယ်။ ကိုယ်က အခုမှ အသစ်လုပ်ထားတာ၊ ကိုယ့် Blog ရဲ့ Value ကိုလည်း ဖွင့်တဲ့သူက သိဦးမှာ မဟုတ်ဘူး။ အဲဒီမှာ ဖွင့်ရတာ မြန်ဖို့ အရေးကြီးပါတယ်။ Blog ကို ဖွင့်ရတာမြန်ဖို့ လုပ်နည်းထဲက တစ်ခုကတော့ Object တွေ နည်းနည်းထည့်တာပါပဲ။ ကိုယ့် Blog မှာ မလိုအပ်တဲ့ Widget တွေ၊ ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို တတ်နိုင်သလောက် လျှော့ပြီး ထည့်တာပါပဲ။ ကိုယ်က ဖတ်တဲ့သူကို ဘာပေးချင်တာလဲ၊ အဲဒါကိုပဲ အဓိကထားပေးပါ။ တခြားမလိုတာတွေ မထည့်ပါနဲ့။ သူများ ဘလော့ခ်လုပ်ထားတိုင်းလည်း လိုက်မလုပ်ပါနဲ့။
နံပါတ်လေး- Language တွေ တတ်ထားရမယ်
Blog ရဲ့ Home Page ကို စိတ်ကြိုက်ချယ်လှယ်နိုင်ဖို့ ကိုယ့်မှာ Web Language အကြောင်းတွေကိုတော့ အနည်းငယ်သိထားရပါမယ်။ HTML ဆိုတာဘာလဲ၊ အဲဒီ code ထဲမှာ Head အပိုင်းက ဘယ်နေရာမှာရှိသလဲ၊ ဘာတွေထည့်လို့ရသလဲ၊ Javascript တွေကိုရော HTML ရဲ့ ဘယ်နားမှာ ထည့်ရသလဲ စသည်ဖြင့် သိထားရပါ့မယ်။ Blog ရဲ့ Page Formatting အပိုင်း (Font, Color, Page Width…) ကို လှလှပပ ကစားနိုင်ဖို့ CSS ကိုလည်း သိထားရပါမယ်။
နံပါတ်ငါး- ပုံမှန် Update လုပ်ရပါမယ်
အဲဒါဟာလည်း အရေးကြီးတဲ့အချက်ပါပဲ။ Blog တစ်ခု တစ်ခါဖွင့်လည်းဒါ၊ နောက်တစ်ပတ်လောက်ဖွင့်လည်း ဒါပဲဆိုရင် သေချာပါတယ်၊ နောက်လာတော့မှာ မဟုတ်ပါဘူး။ ငါ ဒီနေ့ဘာတင်မှာလဲဆိုတာ Offline မှာကတည်းက သေချာစဉ်းစားပါ။ ကြိုရေးထားပါ။ ပုံမှန်ရေးနိုင်ဖို့က အရေးကြီးဆုံးပါ။ တစ်ခုခုလုပ်ရမှာမို့ မအားသေးလို့ မရေးနိုင်သေးဘူးဆိုရင်လည်း ဘာကြောင့်မရေးနိုင်သေးတာ၊ ဘယ်အချိန်မှာ ပြန်လာလည်ပါဆိုပြီး information အတိအကျပေးပါ။
နံပါတ်ခြောက်- ကိုယ်ပိုင်ဖန်တီးမှုတွေဖြစ်ပါစေ
Blog ပေါ်မှာ ရေးတဲ့ Post တွေဟာ ကိုယ့်ရဲ့ Own Creation တွေ ဖြစ်ရင် ပိုကောင်းပါတယ်။ ကိုယ့် Blog ရဲ့ role မြင့်စေနိုင်ပါတယ်။ အဲဒီလိုမဟုတ်ပဲ ဟို Blog ဟာကူး၊ ဒီ Blog ဟာကူးဆိုရင် အလိုလိုနေရင်း Role ကျသွားပါလိ့မ်မယ်။ တချို့ကျတော့လည်း မသိနိုင်ပါဘူးဆိုပြီး ကူးတာမျိုးတွေရှိပါတယ်။ Myanmar Blog ဆိုတာ အများအစားကြီး မရှိသေးပါဘူး။ တစ်ရက်ကျရင် မိမှာပဲလေ။ တချို့ကျတော့လည်း တကယ့်ကို သဘောရိုးနဲ့ link တွေ ထည့်ပေးထားတယ်၊ အများသိစေချင်လို့ ပြန်ဖြန့်ဝေတာမျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ ဖတ်တဲ့သူတွေဟာ အဲဒီ Original Site ကိုပဲ ရွေ့သွားတတ်ကြတယ်ဆိုတာ သတိထားပါ။
နံပါတ်ခုနစ်- စာဖတ်သူနဲ့ အမြဲထိတွေ့ပေးရမယ်
ကိုယ့် Blog ထဲကို ရေးသွားတဲ့ Comment တွေ၊ Cbox ထဲပြောသွားတဲ့စကားတွေ၊ ပို့လာတဲ့ mail တွေကို ပုံမှန် ပြန်ဖြေတာဟာလည်း ကိုယ့် Blog နဲ့ Blog reader တွေကို Stick ဖြစ်စေတဲ့နည်းတစ်ခုပါ။ အဲဒါတွေကို ပုံမှန် reply ပြန်နိုင်ဖို့ ကိုယ်ဟာ internet ကို ပုံမှန်သုံးနေတဲ့သူဖြစ်ဖို့လိုပါတယ်။ ကိုယ့်မှာ အဲဒီအတွက် အချိန်ရှိရဲ့လား ဆိုတာ သေချာသုံးသပ်ပါ။
နံပါတ်ရှစ်- ဝေဖန်တာခံနိုင်ရဲ့လား
ကိုယ်ကရေးပြီဆိုမှတော့ ကိုယ်ရေးတဲ့အကြောင်းအရာကို လက်ခံတဲ့သူတွေရှိသလို လက်မခံတဲ့သူတွေ၊ ရန်တွေ့လာတဲ့သူတွေ ရှိမှာပါ။ အဲဒါတွေကို ကြိုတွေးထားပါ။ ဖြစ်လာရင်ကော ကိုယ့်ဘက်က ဘယ်လိုတုံ့ပြန်မလဲ။ တချို့ရှိသေးတယ်။ အလကားနေရင်း Cbox မှာ ၀င်ဆဲသွားတာမျိုး။ ကိုယ့်ကိုဆဲတာဆိုတာ့ ဒေါသထွက်မိမယ်၊ စိတ်တိုမိမယ်၊ အဲဒီဒဏ်တွေကို ခံနိုင်ရဲ့လား။
နံပါတ်ကိုး- လူအ၀င်နည်းရင် စိတ်အားငယ်ရတယ်
Blog လေးဖန်တီးပြီးပြီ၊ ပုံမှန်လည်း Update လုပ်ရဲ့သားနဲ့ လူအ၀င်နည်းပြီဆိုရင် စိတ်ဓာတ်ကျစရာ တော်တော်ကောင်းပါတယ်။ သူများဘလော့ခ်တွေရဲ့ တစ်နေ့တစ်နေ့ ၀င်ကြည့်သူအရေအတွက်ကို ကိုယ့်ဘလောခ့်က မမီဘူးဆိုရင် အလိုလိုနေရင်းကို စိတ်အားငယ်ရပါတယ်။ ကျွန်တော်ဆိုရင် မအိပ်နိုင်တဲ့ထိကို ဖြစ်ခဲ့ရပါတယ်။ ကဲ..အဲဒီလိုမျိုးတွေအတွက် တောင့်ခံနိုင်ရဲ့လားဆိုတာ စဉ်းစားပါဦး။
နံပါတ်တစ်ဆယ်- ရေရှည်လုပ်ငန်း ဖြစ်နေတယ်
တစ်လနှစ်လလေး ရေးပြီး နောက်မရေးတော့ဘူးကွာဆိုပြီး နေချင်နေလို့ရတာပါပဲ။ မအောင်မြင်လို့ နောက်ဆုတ်တဲ့သူလို့ ကိုယ့်ကိုယ်ကို အဖြစ်ခံမလား။ အောင်မြင်နေရဲ့သားနဲ့ မရေးတော့ဘူးဆိုပြန်တော့လည်း ကိုယ့်အောင်မြင်မှုကို မထိန်းသိမ်းနိုင်တဲ့သူ ဖြစ်သွားပြန်ရော။ အဲဒါကြောင့် ရေရှည်အလုပ်လို့ ပြောတာပါ။ အကြာကြီး လုပ်နိုင်ပါ့မလား။
နံပါတ်ဆယ့်တစ်- အသစ်တွေဖြစ်ရမှာနော်
ဘယ်သူမဆို အကြောင်းအရာအသစ်တွေဖတ်ချင်ကြတာပါပဲ။ ဂျာနယ်အဟောင်းနဲ့ ဂျာနယ်အသစ်ကို ယှဉ်ထားလိုက်ရင် ဂျာနယ်အသစ်ကိုပဲ အရင်ကောက်ကိုင်တတ်ကြတာပါ။ ကိုယ့် Blog မှာ တင်လိုက်တဲ့ အကြောင်းအရာတွေဆိုလည်း အသစ်တွေ ဖြစ်နေရပါ့မယ်။ ဒါမှ လူတွေ ပိုပြီး စိတ်ဝင်စားမှာပါ။ သတင်းတွေ ပေးတဲ့ Blog မျိုးဆိုရင် ပိုတာဝန်ကြီးပါတယ်။ နာရီပိုင်းနဲ့အမျှ အသစ်တင်နေရမှာပါ။ ကိုယ့်မှာ အဲဒီလို အသစ်တွေရှာဖို့၊ ရေးဖို့ အခြေအနေပေးရဲ့လား။
နံပါတ်ဆယ့်နှစ်- သတိလည်းထားရမယ်
ကိုယ်ရေးတဲ့ အကြောင်းအရာဟာ တိကျခိုင်လုံမှုရှိရပါ့မယ်။ ရမ်းဖြီးလို့ မရဘူးဆိုတာ သိထားပါ။ မဟုတ်ရင် ၀ိုင်းခွပ်မယ့်သူတွေ တစ်ပုံကြီးပဲ။
နံပါတ်ဆယ့်သုံး- အများအကျိုးဆောင်တဲ့အလုပ်ပါ
Blog ရေးတယ်ဆိုကတည်းက အကြောင်းအရာတစ်ခုခုကို လူအများသိစေချင်လို့ ရေးတာပါ။ အဲဒီမှာ ကိုယ်က လူထုကို ဘာပေးမှာလဲ၊ အကောင်းတွေပေးမှာလား၊ အကျိုးအပဲ့တွေ ပေးမှာလား။ အရွယ်ရောက်လို့ ကိုယ့်သမိုင်းကို ပြန်ကြည့်ရင် လိပ်ပြာမလုံရတဲ့ အကြောင်းအရာမျိုးတွေ မရေးရင် အကောင်းဆုံးပါပဲ။ အများအကျိုးရှိအောင်လုပ်ပေးတဲ့သူကို တန်ဖိုးရှိတဲ့လူလို့ ရှေးလူကြီးတွေ ပြောခဲ့ကြပါတယ်။
လက်မခံနိုင်သူများလွန်းသောကြောင့် အချက်တချို့ကို ပယ်ဖျက်ထားပါသည်။
7 comments:
  1. အကို ရေ ကွန်မန့်ရေးမလို့ ရောက်လာတာပါ.. အချက်တွေ စုစည်းထားတဲ့ အတွက်ကျေးဇူးတင်ပါတယ်.. တချို့ ပွင့်ပွင့်လင်းလင်းပြောရရင် အချက်တွေကိုတော့ သဘောမကျပါဘူး အကိုရေ.. နံပါတ် ၂ မှာ ပြိုင်ဖက်တွေထက် သာအောင် လုပ်နိုင်ရဲ့လားမှာဆို ပြိုင်ဖက်တွေထက်သာရင် ဘာလို အကျိုးမျိုးရှိမှာလဲ ခင်ဗျ ပြီးတော့ ဘလောခ့်ရေးတဲ့သူတွေက ကိုယ့် စာပေ၊ ကဗျာ တစ်ခုခုမျိုးလေးကို ရေးကြတာများပါတယ်.. အဲဒီမှာ ပြိုင်တယ်ဆိုတာမျိုးတော့ မဖြစ်သင့်ဘူးလားလို့ ခင်ဗျ.. စာဖတ်တဲ့သူအနေနဲ့ကတော့ သူကြိုက်တဲ့သူကတော့ ကြိုက်နေမှာပဲ ချောကလက်နဲ့ မုန့်ဟင်းခါး ဘယ်ဟာကောင်းလဲလို့ တော့ ပြောလို့ မရသလိုပါပဲ..
    နောက် နံပါတ် ၄ မှာ language တွေ တတ်ထားရမယ်ဆိုတာ အခုမှ ဘလောခ့်လုပ်မယ့်သူတွေ အတွက် လန့်သွားစေနိုင်ပါတယ်.. လုပ်ပြီးသွားရင် အဲဒီ HTML, CSS လောက်က ကိုယ့်ဘာသာကို လေ့လာပြီးသားဖြစ်သွားမှာပါ.. ဘလော့ခ်လုပ်တာက တော့ မတတ်လဲ လုပ်နိုင်တယ် ထင်ပါတယ်.. အခြေခံလောက်က ကိုယ့်ဘလောခ့်ကို ပြင်ချင်တဲ့ စိတ်နဲ့ပဲ တတ်သွားမှာပါ...ကျွန်တော် ဘလောခ့်ရေးတုန်းကလဲ ဘာမှမတတ်ပါဘူး အခုမှ လုပ်ရင်းနဲ့ တချို့ ကုဒ်လေးတွေ အလွတ်ရတာပါ
    ReplyDelete
  2. လာရောက်မှတ်သားသွားပါကြောင်း။ ကျေးဇူး။
    ReplyDelete
  3. ကျွန်တော့် အမြင်ကို ပြောပါရစေ။
    အချက်တွေအားလုံးကို ခြုံငုံကြည့်ရင် အများစုက လက်ခံနိုင်ပါတယ်။ ဒါပေမယ့် နောက်ဆုံး နံပါတ် ၁၄ အချက်ကတော့ သိပ်လွန်လွန်ကျူးကျူး မဟုတ်ရင် တစ်ချို့တွေ ရေးထားတာက အတွေ့အကြုံဖလှယ်ရာ ရောက်ပါတယ်။ ပုံမှန်ဘလော့ရေးသူအများစုဟာ တကယ့်စာရေးဆရာကြီးတွေမှ မဟုတ်ကြဘဲ။ စာရေးချင်စိတ်ရှိတဲ့သူတွေကနေ ကြိုးစားဖန်တီးကြရင်းနဲ့ အရေးအသားတွေ ကောင်းလာကြတာပါ။ စာတကယ်ဖတ်တဲ့သူတွေက သိပါတယ်။ ဒိုင်ယာရီသဘောမျိုး ရေးထားတာချင်းပေမယ့် ရွေးဖတ်တတ်ကြပါတယ်။ အကိုတို့တောင်မှ အပေါ်က tab မှာ "Diary of IT Men" ဆိုပြီး တပ်ထားသေးတာပဲ။ ကိုယ်တင်တဲ့ အကြောင်းအရာတိုင်း အရေးအသားတိုင်းဟာ ဘာလိုပဲဖြစ်ဖြစ် ကြာရင် စာဖတ်သူက ကွဲထွက်သွားမှာပါ။ ရေးတဲ့သူမှာ ကိုယ့်အဆင့်နဲ့ကိုယ် ရှိသလို ဖတ်တဲ့သူမှာလည်း သူ့အဆင့်သူပါပဲ။
    မေတ္တာဖြင့်
    ReplyDelete
  4. စိတ်ကူးပေါက်တာလေးရေးပါရစေ..
    ReplyDelete
  5. ဘလော့ဂါ (စစ်စစ်) များ အားလုံးကို အထူးလေးစားပါကြောင်း..
    ReplyDelete
  6. အခုမှစ၀င်ဘူးတာပါ။ ဘယ်သူတွေဘယ်လိုရေးလည်းဆိုတာလေ့လာလိုက်ပါအုံးမယ် နောက်လည်းလာခဲ့ပါအုံးမယ်။
    ReplyDelete
  7. This is the first time I read,my friend recommended to this Blog which is providing best info about Blog. Quite useful. Most Appreciate and best wish to you all.
    Mandalay Antique
    ReplyDelete