November 10, 2008

Keylogger

အခုတစ်လော ကျင့်ဝတ်သိက္ခာမရှိတဲ့ Cyber Café တွေက ကွန်ပျူတာတွေမှာ Keylogger program တွေ တင်ထားပြီး user တွေ ကြည့်သမျှ Site တွေရဲ့ Screenshot တွေ၊ Keystrokes တွေကို ခိုးယူမှုတွေ အတော်လေး များပြားလာပါတယ်။ အဲဒါကြောင့် အဲဒီ Keylogger ရန်ကနေ ဘယ်လို ကာကွယ်နိုင်တယ်ဆိုတာကို လက်လှမ်းမီသလောက် စဉ်းစားပြီး တင်လိုက်ပါတယ်။

Keylogger ဆိုတာဘာလဲ
Keylogger ဆိုတာကို ကြားဖူးခဲ့တာ ကြာပါပြီ။ မျိုးစုံး စမ်းကြည့်ဖူးပါတယ်။ Keylogger ဆိုတာ Program တစ်ခုဖြစ်ပြီး နောက်ကွယ်ကနေ ကျွန်တော်တို့ Keyboard ပေါ်မှာ ရိုက်သမျှ စာတွေကို ဖမ်းယူထားပါတယ်။ တစ်ချို့ Keylogger တွေကတော့ တစ်မိနစ်တစ်ကြိမ် စသဖြင့် Monitor မှာ ပေါ်သမျှကို ဖမ်းပြီး ဖိုင်တွေအဖြစ် သိမ်းဆည်းပေးနိုင်ပါတယ်။ Function စုံတဲ့ Keylogger ဆိုရင် ဖမ်းရသမျှကို ဘယ် Email ကို ဘယ်အချိန်မှာ ပို့ပါလို့တောင် ခိုင်းထားလို့ရပါသေးတယ်။

ကွန်ပျူတာဟာ Keylogger ထည့်ထားမှန်း ဘယ်လိုသိနိုင်မလဲ
တော်ရုံတန်ရုံနဲ့တော့ မသိနိုင်ဘူးလို့ ပြောရပါ့မယ်။ အဲဒီ Program တွေဟာ Taskbar မှာလည်းမပေါ်ပါဘူး။ Tray Icon Area မှာလည်း မပေါ်ပါဘူး။ Install လုပ်တဲ့သူကိုယ်တိုင်တောင် ပြန်ဖွင့်ချင်တဲ့အခါ Install လုပ်စဉ်က သတ်မှတ်ခဲ့ရတဲ့ Hot Key နဲ့ ဖွင့်ရပါတယ်။ ဥပမာ- Ctrl+Alt+P စသည်ဖြင့်ပါ။

ဒါပေမဲ့ Keylogger ထည့်ထားတယ်ဆိုရင် စာရိုက်တဲ့အခါ ချက်ချင်းမပေါ်ပဲ လေးနေတာတို့၊ Screen ဟာ တိကျတဲ့ အချိန်အပိုင်းအခြားတစ်ခုစီမှာ ဖျက်ကနဲ လှုပ်သွားတာတို့ ဖြစ်တတ်ပါတယ်။

သေချာတဲ့ နည်းတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ Task Manager ကို ဖွင့်ပြီး ကြည့်တဲ့နည်းပါ။ Task Manager မှာ Processes ဆိုတဲ့ Tab ပါတာ အားလုံးသိမှာပါ။ အဲဒီမှာ ကွန်ပျူတာ လက်ရှိ run နေတဲ့ Processes မှန်သမျှ ပေါ်ပါတယ်။ ဥပမာ- ကျွန်တော်တို့ Firefox ကို ဖွင့်ထားတယ်ဆိုရင် firefox.exe ကို အဲဒီမှာ တွေ့မှာပါ။

Processes Tab မှာက အဲဒီလို Process နာမည်လေးတင် မကပဲ အဲဒီ Process ကို user က run တာလား၊ System က run တာလား၊ CPU သုံးစွဲမှု ဘယ်လောက်ရှိသလဲ၊ Memory သုံးစွဲမှု ဘယ်လောက်ရှိသလဲ အဲဒါတွေကို Column လေးတွေ ခွဲပြီး ပြပေးထားပါတယ်။
ဒါမျိုးပါ

Image Name User Name CPU Mem Usage
Firefox.exe Ko Thurein 01 29072k

အဲဒါကို ကြည့်လိုက်မယ်ဆိုရင် Ko Thurein account ကို သုံးပြီး Firefox ကို ဖွင့်ထားတယ်ဆိုတာ သိနိုင်ပါတယ်။ အဲဒီမှာ System က run နေတဲ့ process ဆိုရင်တော့ ဒါမျိုး ပေါ်ပါလိမ့်မယ်။

Image Name User Name CPU Mem Usage
Winlogon.exe System 00 3207k


Keylogger တော်တော်များများရဲ့ Process တွေဟာ ဒီမှာ လာပေါ်တတ်ပါတယ်။ Username မှာလည်း System နဲ့ မဟုတ်ဘဲ လက်ရှိ ကိုယ်သုံးနေတဲ့ account နာမည်နဲ့ run ပါတယ်။ အဲဒီ Process ကို ပိတ်လိုက်မယ်ဆိုရင် အဲဒီ Keylogger ဟာ အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။

အဲဒီတော့ ကိုယ်လက်ရှိသုံးနေတဲ့ Program ရဲ့ Process မဟုတ်ဘူးဆိုရင် အဲဒီ Process ကို ပိတ်ပစ်တာ အကောင်းဆုံးပါပဲ။ အောက်မှာတော့ အသုံးများတဲ့ Program တွေရဲ့ Process နာမည်တွေ ရေးထားပါတယ်။

Mozilla Firefox firefox.exe
Internet Explorer iexplore.exe
Google Chrome chrome.exe
Gtalk googletalk.exe
Internet Download Manager IDMan.exe

ဒါမျိုးလေးတွေ သိထားပြီဆိုရင် Task Manager ကို ဖွင့်ပြီး Process Tab မှာ ကိုယ်သုံးနေတဲ့ Program ရဲ့ Process မဟုတ်တဲ့ဟာတွေ့ရင် ပိတ်ပစ်လိုက်ပါ။ ပိတ်နည်းကတော့ အဲဒီ Process နာမည်ပေါ်မှာ Right Click နှိပ်ပြီး End Process ကို ရွေးလိုက်ပါ။

အကောင်းဆုံးကတော့ အင်တာနက်ဆိုင်က ကွန်ပျူတာမှာ ထိုင်လိုက်တာနဲ့ Task Manager ကို ဖွင့်ပြီး System က run နေတာမဟုတ်တဲ့ Process မှန်သမျှကို ကြိုပိတ်ပစ်တာက ဘေးအကင်းဆုံးပါပဲ။ အဲဒီ Process Tab မှာ System က run တဲ့ Process ရယ်၊ User က run တဲ့ process တွေကို ခွဲမြင်နိုင်ဖို့အတွက် အပေါ်က UserName ဆိုတဲ့ Column Header မှာ တစ်ချက်နှိပ်လိုက်ရင် ခွဲပြီး စီပေးသွားမှာပါ။ အဲဒီမှာ Username မှာ System, Network Service နဲ့ Local Service နဲ့ run တဲ့ Process ကလွဲလို့ ကျန်တဲ့ Process မှန်သမျှ အကုန် ပိတ်ပါ။ တစ်ခုတော့ရှိပါတယ်။ explorer.exe နဲ့ userinit.exe processes တွေကိုတော့ လုံးဝမပိတ်ပါနဲ့။

နောက်ထပ် အိမ်သုံး၊ ရုံးသုံးကွန်ပျူတာ ကိုင်သူများအနေနဲ့ Antivirus Program ရဲ့ Process ကိုလည်း မပိတ်သင့်ပါဘူး။ (မဟုတ်ရင် ကွိသွားမှာပေါ့) Kaspersky သုံးတဲ့သူဆိုရင် avp.exe ဆိုတဲ့ Process ကို မပိတ်ရပါ။

ဒါပေမဲ့ Internet Café တော်တော်များများမှာက User အင်တာနက်သုံးတဲ့အချိန်ကို မှတ်တဲ့ Software တွေ တင်ထားကြပါတယ်။ ဥပမာ- CafeZee, HandyCafe, CafeSuite စသည်ဖြင့်ပေါ့။ အဲဒီ Software တွေမှာလည်း သူတို့ Process တွေ ရှိတာပေါ့။ အဲဒီ Process တွေကို ပိတ်လိုက်မယ်ဆိုရင်တော့ အင်တာနက်သုံးတဲ့အချိန်ကို အဲဒီ Software က မမှတ်နိုင်တော့ပါဘူး။ (ထိုနည်းကို မေးမြန်းခြင်း သည်းခံပါ) ဒါကြောင့် သူတို့ကလည်း ကာကွယ်တဲ့အနေနဲ့ အဲဒီ Software တွေကို တင်လိုက်ပြီဆိုရင် Task Manager ကို ဖွင့်မရအောင် လုပ်ပစ်တတ်ကြပါတယ်။ အဲဒီလို အခြေအနေမျိုးကို ကြုံရပြီဆိုရင်တော့ တခြား Software တွေကို သုံးပြီး Process တွေ သိအောင် လုပ်ရပါတော့မယ်။ Taskkill တို့ ProcessExplorer တို့ကတော့ တော်တော် ကောင်းပါတယ်။ အဲဒီ Program တစ်ခုခုကို MemoryStick ထဲမှာ ထည့်ထားတာတို့၊ ဒါမှမဟုတ် Online Drive တစ်ခုခုမှာ ထည့်တာပြီး Task Manager ပိတ်ထားတဲ့ စက်မှာထိုင်ရပြီဆိုရင် ကောက်ဖွင့်ပြီး ဘာ Process တွေ run နေလဲဆိုတာ ကြည့်ရမှာပါ။ လုံးဝ သတိပြုရမှာက အင်တာနက်ကို လုံးဝ မသုံးသေးခင် ကြည့်ပါ၊ မသင်္ကာတာ တွေ့ရင် ပိတ်ပစ်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

(မှတ်ချက်- Username မှာ System အနေနဲ့ run နိုင်တဲ့ Keylogger ကို မတွေ့ဖူးသေးပါဘူး။ တကယ်လို့များ စာဖတ်သူထဲက တွေ့ဖူးထားတဲ့သူများရှိရင် အများအတွက် Comment ပေးခဲ့ပါဦး)

No comments:

Post a Comment