November 20, 2008

How to Format a Ebook

တခြားဟာတော့ မဟုတ်ပါဘူး။ ဘာလုပ်နည်း၊ ညာလုပ်နည်း စသည်ဖြင့် ရေးတဲ့အခါမှာ အများစုက Microsoft Word ထဲမှာ ရိုက်ပြီး pdf ဖိုင်လေးတွေ ထုတ်လိုက်တယ်။ ပြီးတော့မှ သူငယ်ချင်းတွေဆီ၊ ဒါမှမဟုတ် blog စာမျက်နှာဆီ ရှယ်ယာလုပ်လိုက်ကြပါတယ်။ ဒါပေမဲ့ အခု အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး မြန်မာလိုရေးထားတဲ့ ebook တော်တော်များများမှာ typography ပိုင်း အားနည်းနေတာကို တွေ့ရပါတယ်။

Typography အားနည်းတယ်ဆိုတာက Font Size တွေကို ခေါင်းစဉ်အလိုက်၊ စာကိုယ်အလိုက် အဆင်ပြေအောင် သတ်မှတ်ထားခြင်းမရှိတာ၊ Body Text တွေရဲ့ Font Size ဟာ အရမ်းကြီးလွန်းနေတာ၊ တချို့ စာအုပ်တွေများဆိုရင် Text Alignment ကို Justify တောင် လုပ်ထားခြင်းမရှိတာ စတာတွေကို ရည်ညွှန်းပါတယ်။

Ebook တစ်အုပ် Standard နဲ့ ညီဖို့ဆိုတာက အဲဒီ typography ပိုင်းတင် မကပါဘူး။ Page Composition တွေ၊ Index တွေ၊ Bookmark၊ TOC အဲဒါတွေပါ သေသပ်ပြည့်စုံဖို့၊ ပါဝင်ဖို့ လိုပါသေးတယ်။ Ebook တစ်အုပ်မှာ ဒီအတိုင်း အစဉ်လိုက်ပါသင့်ပါတယ်။

၁။ မျက်နှာဖုံး
၂။ မာတိကာ (အကျဉ်း)
၃။ မာတိကာ (အကျယ်)
၎။ စာရေးသူ၏ ကိုယ်ရေးအကျဉ်း
၅။ အခန်း (၁)
၆။ အခန်း (၂)
……..

.
ရ။ ကိုးကားချက်များ
၈။ အက္ခရာအညွှန်း

Ebook တစ်ခုရဲ့ ပထမဆုံး စာမျက်နှာဟာ စာအုပ်မျက်နှာဖုံးပါ။ Cover Design မပါမဖြစ် ထည့်သင့်ပါတယ်။ Cover မှာ စာအုပ်ရဲ့အမည်၊ စာရေးသူအမည် ကို ပြည့်စုံအောင် ဖော်ပြသင့်ပါတယ်။ Ebooks တွေကို စီးရီးလိုက် ထုတ်မယ့်သူတွေအတွက်တော့ Cover Design ကို သီးသန့်ဖန်တီးထားပြီး အဲဒီ Design ကိုပဲ Repeat လုပ် သုံးသင့်ပါတယ်။ ဥပမာ- နာမည်ကြီး Publisher တွေဖြစ်တဲ့ SAMS, Apress, Microsoft, Orielly တွေကထုတ်တဲ့ Ebook တွေရဲ့ Cover Design ကို ကြည့်လိုက်ရုံနဲ့ ဘယ် Publisher ဆိုတာ ချက်ချင်း တန်းပြောလို့ရပါတယ်။

Cover Page ပြီးသွားတဲ့အခါမှာ TOC လို့ အတိုကောက်ခေါ်တဲ့ Table of Contents သို့မဟုတ် မာတိကာ ထည့်ပေးသင့်ပါတယ်။ ဥပမာ-
အခန်း(၁) Network ဆိုသည်မှာ……………………………………………. ၅
အခန်း(၂) Network အမျိုးအစားများ ……………………………………...၁၁

အဲဒီလိုမျိုး အခန်းနံပါတ်တွေနဲ့ အခန်းခေါင်းစဉ်တွေနဲ့ စာမျက်နှာနံပါတ်ကို တွဲထည့်ပေးသင့်ပါတယ်။ တစ်ခု သတိထားသင့်တာက အခန်းတစ်ခန်းအစဟာ မ စာမျက်နှာမှာ ရှိရမယ်ဆိုတာပါ။ ကွန်ပျူတာနဲ့ ဖတ်ရင်တော့ မသိသာပေမဲ့ Print ထုတ်ဖတ်တဲ့အခါမှာ အခန်းတွေရဲ့ အစဟာ မ စာမျက်နှာမှာ ရှိခြင်းအားဖြင့် ရှာဖွေရတာ လွယ်ကူမှု၊ အဆင်ပြေမှု ဖြစ်စေပါတယ်။

မာတိကာမှာ အခန်း(၁) တွေ (၂) တွေ မရေးသေးခင် မပါမဖြစ်ပါရမှာကတော့ စာရေးသူ၏ ကိုယ်ရေးအကျဉ်း ပါ။ ဒါဟာ လုံးဝလိုအပ်ပါတယ်။ စာအုပ်ထဲမှာ ရေးထားတဲ့ အကြောင်းအရာတွေကို စာရေးသူက တာဝန်ယူရမှာပါ။ ပြီးတော့ သူဟာ စာအုပ်ထဲမှာ ရေးထားတဲ့ နည်းပညာနဲ့ ပတ်သတ်ပြီး ဘယ်လောက်အတွေ့အကြုံရှိသလဲဆိုတာ သူ့ရဲ့ကိုယ်ရေးအကျဉ်းကို ဖတ်ပြီး ဆုံးဖြတ်ရမှာပါ။ နိုင်ငံတကာ Ebook တွေမှာတော့ စာရေးသူရဲ့ Photo ကိုတောင် ဖော်ပြထားပါတယ်။
ပြီးရင်တော့ ကိုယ်ရေးသားတဲ့ အကြောင်းအရာအလိုက် အခန်းတွေခွဲပြီး ဖော်ပြရပါ့မယ်။

နောက်ဆုံးမှာတော့ ကိုးကားတဲ့စာအုပ်တွေ၊ Web Link တွေ စတာတွေကို ပြည့်စုံအောင် ဖော်ပြရပါ့မယ်။ ကိုးကားချက်တွေကို ဖော်ပြခြင်းအားဖြင့် မူရင်းစာရေးသူတွေကို ပူဇော်ရာရောက်သလို စာအုပ်ပါ အချက်အလက်တွေဟာ ယုံကြည်စိတ်ချရမှုရှိကြောင်းကိုပါ ဖော်ပြရာရောက်ပါတယ်။

အပေါ်မှာ ရေးခဲ့တဲ့အထိက Content ပိုင်းတွေမှာ သတိပြုရမယ့်အချက်တွေချည်းပါ။ စာအုပ်နောက်ဆုံးမှာ Index (သို့မဟုတ်) အက္ခရာအညွှန်းထည့်ပေးဖို့ကတော့ အချိန်လည်း ယူရပါတယ်။ ခက်လဲ ခက်ခဲပါလိမ့်မယ်။ စာအုပ်ဆိုင်တွေမှာ ရောင်းတဲ့ မြန်မာစာအုပ်တွေတောင် အက္ခရာအညွှန်းပါတဲ့ စာအုပ် ခပ်ရှားရှားပါ။ သတိပြုမိသလောက် ဆရာမောင်ဝံသရဲ့ အတ္တုပ္ပတ္ထိအဘိဓာန် စာအုပ်တစ်အုပ်ပဲ နောက်ဆုံးမှာ အက္ခရာအညွှန်း ထည့်ပေးထားပါတယ်။ သူကတော့ MyMyanmar Unicode System ကို သုံးပြီး Sorting စဉ်ထားပါတယ်။

စာအုပ်ရေးပြီးသွားပြီ၊ PDF ထုတ်တော့မယ်ဆိုရင်တော့ Bookmark တွေ ထည့်ရပါမယ်။ Microsoft Word မှာ ပါပြီးသားပါ။ Bookmark တွေ ထည့်ထားခြင်းအားဖြင့် Adobe Reader နဲ့ ဖတ်တဲ့အခါမှာ ဖတ်ချင်တဲ့အခန်းကို ပုံမှန်လို Scroll Bar နဲ့ ကျော်သွားစရာမလိုတော့ပါ။ Bookmark မှာပါတဲ့ အခန်းနာမည်ကို နှိပ်လိုက်ရင် အဲဒီအခန်းပါတဲ့ စာမျက်နှာကို ရောက်သွားစေပါတယ်။ ပြီးရင် မာတိကာမှာ ပါတဲ့ အခန်းနာမည်တွေကို နှိပ်လိုက်ရင် အဲဒီအခန်းပါတဲ့ စာမျက်နှာကို တန်းရောက်သွားစေဖို့ မာတိကာမှာ Link တွေပါ ထည့်ပေးသင့်ပါတယ်။

အကျယ်တ၀င့် ရေးသားထားတာမဟုတ်ပေမဲ့ ဒီလောက်ဆိုရင် အနည်းငယ် သတိပြုမိကြမယ်လို့ ယူဆပါတယ်။ ကိုယ်ရေးတဲ့ Ebook လေးတွေကို International Standard မှီအောင်တော့ ကြိုးစားစေလိုပါတယ်။ စာပါ အချက်အလက်တွေ ကောင်းရဲ့သားနဲ့ စာအုပ်အပြင်အဆင်ညံ့လို့ လူဖတ်နည်းတဲ့ စာအုပ်တွေကို အများကြီး တွေ့ဖူးလို့ပါ။ အကောင်းဆုံးကတော့ SAMS တို့ Microsoft တို့က ထုတ်တဲ့ Ebooks တွေရဲ့ ဖွဲ့စည်းထားပုံကို လေ့လာကြည့်ရင် ပိုသဘောပေါက်မှာပါ။

1 comment:

  1. content is so good. thanks for sharing
    p.s. how to format an ebook

    ReplyDelete