December 25, 2009

Beginner Guide to Digital Photography


တစ်နေ့ကပဲ Nikon Coolpix L19 ကင်မရာလေးတစ်လုံး ၀ယ်လာခဲ့ပါတယ်။ အရင်တုန်းကလည်း Digital Camera တွေကို ကိုင်တွယ်ခဲ့ဘူးပေမဲ့ စိတ်ကြိုက်ကလိခွင့်မရခဲ့ဘူး။ အခု ကိုယ့်ကင်မရာနဲ့ကိုယ် ဆိုတော့မှ စိတ်ကြိုက် ကလိကြည့်တယ်။ Manual စာအုပ်ဖတ်ပြီး အကုန်လိုက် စမ်းကြည့်တယ်။ ဓာတ်ပုံတွေ ရိုက်ကြည့်တယ်။ အဲဒီအခါမှ တစ်ချို့ပုံတွေက ကောင်းပေမဲ့ တစ်ချို့ပုံတွေကျ ၀ါးနေတာ၊ မှောင်နေတာ၊ လင်းလွန်းသွားတာမျိုးတွေ ကြုံရတဲ့အခါမှာ ဒါဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုပြီး ဓာတ်ပုံဆရာတွေ မေးကြည့်၊ အင်တာနက်ထဲ မွှေကြည့်တဲ့အခါမှာ အခုလို သိခဲ့ရပါတယ်။ တကယ်တော့ Digital Photography ဟာ အရမ်း အရမ်းကို နက်နဲကျယ်ပြန့်တဲ့ ပညာရပ်ကြီးတစ်ခုပါ။ ကျွန်တော်ဟာ အခုမှ Digital Photography ကို စတင် လေ့လာနေတာ ဖြစ်တာမို့ အခုရေးတဲ့ Post လေးဟာ Beginner တွေ အတွက်ပါပဲလို့ ကြိုတင် ပြောပါရစေ။ Pro များအနေဖြင့် မှားနေတာများရှိရင်၊ လိုအပ်တာများရှိရင် ပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။


အရင်က Digital Camera နဲ့ ဓာတ်ပုံရိုက်တယ်ဆိုတာ ချိန်ပြီး ခလုတ်နှိပ်လိုက်တာပါလို့ ထင်ခဲ့ပါတယ်။ ရတော့ ရပါတယ်။ ဒါပေမဲ့ ပုံကောင်းတစ်ပုံ မဖြစ်နိုင်ပါဘူး။ ဓာတ်ပုံမရိုက်ခင် Focus ပြတ်သားအောင် ချိန်ရပါတယ်။ အရင်ခေတ် ဖလင်ကင်မရာတွေတုန်းကတော့ Focus ပြတ်အောင် ချိန်ရတာ လက်ဝင်လှပေမဲ့ အခုခေတ် Digital Camera တွေကတော့ အဲဒီလောက် မခက်တော့ပါဘူး။

Focus ပြတ်၊ မပြတ် ဘယ်လိုသိနိုင်သလဲဆိုတော့ Object ကို ချိန်ပြီးရင် Shutter ခလုတ်ကို အဆုံးထိ မနှိပ်ဘဲ တစ်ဝက်ပဲ နှိပ်လိုက်ပါ။ အဲဒီအခါမှာ ကင်မရာရဲ့ LCD Screen မှာ Focus ပြတ်ရင် အစိမ်းရောင် လေးထောင့်လေး ပေါ်လာမှာဖြစ်ပြီး Focus မပြတ်ရင် အနီရောင်လေးထောင့်လေး ပေါ်လာမှာပါ။ အစိမ်းရောင် ဆိုရင် ရိုက်လို့ရပါပြီ။ အနီရောင် ဆိုရင်တော့ နေရာပြောင်းချိန်ပါ။

Digital Camera တိုင်းမှာ Auto mode ပါပါတယ်။ ဒါပေမဲ့ အဲဒီ Auto ကို ဓာတ်ပုံရိုက်တဲ့အခါတိုင်း မသုံးစွဲ သင့်ပါဘူး။ တစ်ချို့နေရာမှာ Auto တွေက မကောင်းတတ်ပါဘူး။ ဒါပေမဲ့ Manual ထားဖို့ကျတော့ Digital Photography Concepts တွေကို နားလည်ဦးမှ ဖြစ်မှာပါ။ ဒါကြောင့် အောက်မှာ Digital Photography ရဲ့ Basic Concepts တွေကို တတ်နိုင်သလောက် ရှင်းပြထားပါတယ်။ အောက်မှာ ပြောထားတဲ့ စကားလုံးတွေကို Digital Camera ရဲ့ Setting တွေထဲမှာ တွေ့နိုင်ပါတယ်။ ဒါမှမဟုတ် Digital Camera နဲ့ ရိုက်ထားတဲ့ပုံတစ်ပုံကို ကွန်ပျူတာမှာ Right Click နှိပ် Properties ခေါ်ပြီး Summary tab ထဲမှာလည်း တွေ့နိုင်ပါတယ်။

(၁) Shutter Speed
Shutter Speed ကို Point and Shoot Camera တွေမှာ ပြင်ဆင်လို့ မရပါဘူး။ Nikon D40 လို Digital Camera အကြီးစားတွေမှာသာ ပြင်နိုင်ပါလိမ့်မယ်။ Point and Shoot လို့ခေါ်တဲ့ လူသုံးများတဲ့ Digital Camera အသေးစားလေးတွေဟာ Shutter Speed ကို သူ့အလိုလို သတ်မှတ်ပြီး ရိုက်သွားပါတယ်။

Shutter Speed ကို Second နဲ့ တိုင်းတာပါတယ်။ 1/125 တို့ 1/62 တို့လိုမျိုးပါ။ 1/125 ဆိုရင် Shutter Speed ဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၂၅ပုံ ၁ပုံ ရှိတယ်လို့ပြောတာပါ။ နေ့လည်ခင်းလိုမျိုး နေသာတဲ့အချိန်မှာ Shutter Speed ကို လျော့ရိုက်ပေးရပါတယ်။ 1/125 လောက် ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့ခင်း ဖြစ်တဲ့အတွက် ကင်မရာထဲကို အလင်းဝင်အားက များနေပါတယ်။ အဲဒီအချိန်မှာ Shutter Speed ကို နှေးလိုက်ရင် ကင်မရာထဲကို အလင်းတွေအများကြီးဝင်လာပြီး ရလာတဲ့ပုံဟာ burn သွားတာမျိုး ဖြစ်နိုင်ပါတယ်။ Indoor ရိုက်တာမျိုးဆိုရင်တော့ 1/62 ထားရင် ရပါတယ်။ လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်မယ်ဆိုရင်တော့ Shutter Speed ကို မြန်ပေးရပါလိမ့်မယ်။ နောက်ပြီး အလင်းအားနည်းတဲ့အခါမှာတော့ Shutter Speed ကို နှေးပေး ရပါလိမ့်မယ်။ ဥပမာ 1/62 လောက် ထားပေးရပါတယ်။

(၂) Aperture

ကင်မရာမှာ Lens Diaphragm ဆိုတာ ပါပါတယ်။ သူက Shutter လေးဖွင့်လိုက်တဲ့အခါမှာ ဖလင်ပေါ်ကို ရောက်လာတဲ့ ပုံရိပ်ရဲ့ပမာဏကို ထိန်းချုပ်ပါတယ်။ အဲဒီ Lens Diaphragm ဟာ ၀င်လာတဲ့ပုံရိပ်ကို ဘယ်လောယ်အကျယ်ထိ လက်ခံမလဲဆိုတာကို Aperture ဆိုပြီး သတ်မှတ်ပါတယ်။ Aperture ရဲ့ တန်ဖိုးကို F-numbers နဲ့ တိုင်းတာပါတယ်။ F-stops (သို့မဟုတ်) Focal ratio လို့လည်း သုံးစွဲကြပါသေးတယ်။ F-numbers ကိုတော့ ကင်မရာရဲ့ Lens diameter ကို Focal length နဲ့ စားပြီး ရပါတယ်။

ဆိုလိုတာက လူတစ်ယောက်ကို အနီးကပ်ရိုက်ချင်တာမျိုးဆိုရင် Aperture တန်ဖိုးကို များပေးရပါတယ်။ (မှတ်ချက် Aperture တန်ဖိုးများရင် f-number ရဲ့တန်ဖိုး နည်းပါတယ်၊ သူတို့က ပြောင်းပြန် အချိုးကျပါတယ်) f-number ကို f3.0 ကနေ f5.5 လောက်အတွင်း ထားရပါတယ်။ အဲဒီလိုထားရိုက်မယ်ဆိုရင် ကိုယ်ရိုက်တဲ့လူရဲ့ ပုံကပဲ ကြည်နေပြီး နောက်က background က ၀ါးနေတဲ့ပုံလိုမျိုး ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။
ရှုခင်းတွေ၊ လူအုပ်စုပုံတွေ၊ တခြားသာမန်ပုံတွေ ရိုက်မယ်ဆိုရင်တော့ Aperture တန်ဖိုးကို နည်းပေးရတယ်၊ တစ်နည်းအားဖြင့် f-number ကို များပေးရပါတယ်။ f16 ကနေ f32 လောက်အထိ ထားလို့ရပါတယ်။
မနီးလွန်း မဝေးလွန်းရိုက်ချင်ရင်တော့ f8 ကနေ f11 လောက်အတွင်း ထားရိုက်ရင် ရပါတယ်။

မှတ်ချက်၊ အပျော်တမ်း ဒီဂျစ်တယ်ကင်မရာတွေမှာ Aperture တန်ဖိုးကို ပြင်လို့မရပါဘူး။ Auto ပါ။

(၃) Exposure
Exposure ကတော့ အလင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ Exposure တန်ဖိုးကို များများ ထားပြီး ရိုက်ရင် ရလာတဲ့ပုံဟာ အလင်းများမှာဖြစ်ပြီး Exposure တန်ဖိုးကို နည်းနည်းထားရိုက်ရင်တော့ ရလာာတဲ့ပုံဟာ အလင်းနည်းနေမှာပါ။ အရမ်းလင်းနေတဲ့နေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် Exposure ကို လျော့ပြီး ရိုက်သင့်ပါတယ်။ Nikon L19 မှာတော့ Exposure ကို +2 ကနေ -2 အတွင်း ရပါတယ်။

(၄) ISO Speed
ISO Speed ကတော့ Film Speed နဲ့ အတူတူပါပဲ။ Film Speed မြန်တယ်ဆိုရင် အလင်းရရှိချိန် နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အလင်းများပေးဖို့လိုတယ် သို့မဟုတ် အလင်းကို အာရုံခံနိုင်စွမ်း များဖို့လိုပါတယ်။ အဲဒါ ISO ပါပဲ။ ISO တန်ဖိုးများရင် အလင်းကို အာရုံခံနိုင်စွမ်းများတယ် ဒါကြောင့် အရမ်း မှောင်တဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ချင်တယ် Flash ကိုလည်း မသုံးချင်ဘူးဆိုရင် ISO တန်ဖိုးကို များများ ထားပြီး ရိုက်လို့ရပါတယ်။ လက်ရှိကင်မရာအများစုကတော့ ISO ကို 1600 အထိ ထားလို့ရပါတယ်။

ဒီလောက်ဆိုရင် အနည်းငယ် လုံလောက်ပြီလို့ ထင်ပါတယ်။ နောင် အလျဉ်းသင့်ရင်လည်း ဆက်လက် ဖော်ပြပေး သွားပါလိမ့်မယ်။ terms တွေကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ ကျွန်တော့်အနေနဲ့က ကိုယ်သိမဟုတ်ဘဲ စာသိနဲ့ နားသိပဲ ဖြစ်တဲ့အတွက် အရေးအသား ချောမွေ့မှာမဟုတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင်လည်း Comments ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။

Reference:
www.photography.com
en.wikipedia.org
Nikon Coolpix L19 Manual

No comments:

Post a Comment