February 9, 2009

အင်တာနက်ကဖီးဆိုင်တစ်ဆိုင်၏ အတ္တုပ္ပတ္ထိ (2)

အပိုင်း (၂)
ကွန်ပျူတာတွေဝယ်ပြီ

ကွန်ပျူတာတွေဝယ်တော့ ရန်ကုန်ကိုသွားဝယ်ပါတယ်။ ကျွန်တော်က မအားလို့ လိုက်မသွားနိုင်ပါဘူး။ ကျွန်တော်ရေးပေးတဲ့ စာရင်းအတိုင်း သူငယ်ချင်းက သွားဝယ်ခဲ့ပါတယ်။

တကယ်တမ်း ကွန်ပျူတာတွေဝယ်တော့ မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါ။ ပထမဆုံးက Motherboard ပါ။ Golden Power မှာသွားဝယ်တော့ GCMX တွေက မ၀င်တော့ဘူး။ P5KPL ဆိုတာရှိတယ် GCMX လိုပဲလို့ ပြောပါတယ်။ Chipset ကိုကြည့်လိုက်တော့ GCMX ထက်တောင် မြင့်နေလို့ Client 16 လုံးစာအတွက် ၀ယ်လိုက်ပါတယ်။ ပြီးတော့ ဈေးကလည်း GCMX နဲ့ နင်လားငါလားပဲ ရှိတာကိုး။
နောက်တစ်ခုက RAM ပါ။ ကျွန်တော်မှာလိုက်တာက RAM မှာ Kingston က ကောင်းတယ်။ ဒါပေမဲ့ အတုပေါတယ်လို့ ပြောလိုက်လို့ သူငယ်ချင်းက KingSton ကို မ၀ယ်ရဲတော့ဘူး။ သူက Cosair တွေကို ၀ယ်ချလာပါတယ်။ Cosair က KingSton ထက်ပိုဈေးကြီးပါတယ်။ ဒါပေမဲ့ Package နဲ့လာတာကြောင့် စိတ်ချရသယောင် ရှိပါတယ်။ ပြီးတော့ 2GB ဆိုပြီး မလာဘဲ 1GB နှစ်ချောင်းကို Package တစ်ခုတည်းမှာပဲ Twin ဆိုပြီး ထည့်ပေးထားတာကြောင့် ပိုအဆင်ပြေပါတယ်။ တကယ်လို့ 2GB ရလည်း ကျွန်တော်က မ၀ယ်ခိုင်းပါဘူး။ 1GB နှစ်ချောင်းစိုက်မှ Dual Channel ရမှာမို့ပါ။

နောက်တစ်ခုအဆင်မပြေတာက Processor ပါ။ မှန်းတုန်းကတော့ Dual Core ကို FSB များများ၊ Cache များများပေါ့။ ဒါပေမဲ့ တကယ်တမ်းဝယ်လို့ရတာက FSB ကတော့ 800 MHz ရပါရဲ့။ ဒါပေမဲ့ Cache က 1MB ပဲရှိပါတယ်။ 2MB လောက်ဆို ပိုကောင်းမှာပေါ့။ ဒါပေမဲ့ 2MB က ဘယ်လိုမှ ရှာလို့မရခဲ့ပါဘူး။ ဒါပေမဲ့လည်း အင်တာနက်သုံးရုံပဲဥစ္စာ သိပ် Heavy ကြီးမလိုပါဘူးလို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်ရပါတယ်။

Casing ကိုတော့ သူငယ်ချင်းက 2theMax တွေ Gview တွေ သုံးချင်တာလို့ ပြောပါတယ်။ ကျွန်တော်က အကုန်အကျများနေမယ် Casing က Performance နဲ့ဆိုင်တာမဟုတ်ဘူး ရိုရိုး ထိုင်း Casing လောက်သာ ၀ယ်လို့ပြောလို့ ထိုင်း Casing တွေပဲ သူက ၀ယ်လာပါတယ်။ ဒါတောင် Casing ထဲပါတဲ့ Power Supply တွေက 400 W တွေပဲ ထွက်လို့ ဆင်ထားတာတွေနဲ့ လောက်ရဲ့လားဆိုပြီး Asus Website ထဲဝင်ပြီး Power Usage ကို တွက်ကြည့်ရပါသေးတယ်။ အဲ သူပြောတော့ ကျွန်တော်တို့သုံးထားတာတွေက 300 W နဲ့ကို လောက်နေပြီတဲ့။ Casing ၀ယ်တော့ သတိထားခဲ့ရတာက Front Panel မှာ USB Port ပါတာနဲ့ ဘေးမှာ Fan ပါတာကို ရွေးဝယ်ရတာပါ။

Monitor ကတော့ အဆင်ပြေပါတယ်။ SAMSUNG ကို နောက်ဆုံးပေါ် Model ကိုရလာတယ်။ ဘေးက ဖန်ကွပ်လေးတွေနဲ့ဆိုတော့ အတော်လေးကြည့်လို့လှပါတယ်။ ကာလာထွက်ကလည်း အတော်စိုပါတယ်။ ဒါပေမဲ့ အဲဒီ Model ကိုရဖို့ လေးငါးရက်လောက် စောင့်ရပါသေးတယ်။ ကျွန်တော်တို့က အွန်လိုင်းပေါ်ကနေ အဲဒီ Model ကိုမြင်ပြီးကတည်းက ကြိုက်နေကြတာကိုး။

အင်တာနက်စက်ဆိုတော့ သက်သာတာက DVD Drive ထည့်စရာမလိုတာ၊ UPS ပါစရာ မလိုတာရယ်ပါ။ UPS အစား Linyama ကိုသုံးမှာမို့ပါ။ Linyama ကလည်း UPS ပါပဲ။ ကျွန်တော်ဆိုလိုတာက PowerTree လိုမျိုး UPS ၀ယ်စရာမလိုတာကို ပြောတာပါ။
Hard Disk ကတော့ Seagate ပါပဲ။ ဆိုင်တွေကလည်း Seagate ပဲ ရှိကြပါတယ်။ တချို့ဆိုင်တွေက SAMSUNG လည်းထားပါတယ်။ ဒါပေမဲ့ SAMSUNG က အပျက်များလို့ စိတ်ကူးထဲတောင် မရှိပါဘူး။ အရင်တုန်းက Western Digital တို့ Maxtor တို့ကိုတောင် ပြန်သတိရပါသေးတယ်။ အဲဒါတွေသာရှိရင် အဲဒါတွေပဲ ၀ယ်လိုက်မှာ။ Hard Disk ၀ယ်တဲ့အခါမှာတော့ ကြည့်ရတာက RPM ဘယ်လောက် ရှိသလဲဆိုတာပါ။ ဒါပေမဲ့လက်ရှိ ဈေးကွက်ထဲမှာတော့ အကုန်လုံးက 7200 RPM ကိုပဲ ထားကြပါတယ်။ ဒါပေမဲ့ တကယ်စကားပြောတာက Buffer ပါ။ ခက်တာက Hard Disk မှာ buffer ဘယ်လောက်ပါသလဲဆိုတာ Hard Disk ကိုကြည့်ပြီး မသိနိုင်တာပါပဲ။

သူငယ်ချင်းက Hard Disk Fan တွေ ၀ယ်ခဲ့ရဦးမလားလို့ မေးပါတယ်။ တကယ်တမ်းက 80GB ကျော်တာနဲ့ Fan တပ်သင့်ပါပြီ။ ဒါပေမဲ့ ဆိုင်လေးကို Silent ဖြစ်စေချင်လို့ မ၀ယ်ပါနဲ့တော့ကွာဆိုပြီး ပြောခဲ့ပါတယ်။

4 comments:

  1. ဈေးနှုန်းလေးတွေပါ ထည့်ရေါ်ဗျ ။ ပြီးတော့ စက် ၂၀ လုံးလောက်အတွက် ဘယ်လောက်ကျနိုင်တယ်ဆိုတဲ့ခန့်မှန်းခြေ လေးပြောပြပေးပါလားဗျ ။ အင်တာနက်ဆိုင်ဖွင့်မလို့ စဥ်းစားနေလို့ ။ ကျနော်က သိပ်မသိလို့ပါ ။

    ReplyDelete
  2. နောက်ဆုံးမှာ ဈေးနှုန်းစာရင်းကို သက်သက်ထည့်ပေးပါ့မယ်။

    ReplyDelete
  3. ကိုသူရိန်ရေ
    ကျနော် တခုလောက်မေးပါရစေဗျယ...
    အကိုပြောတဲ့ linyama ဆိုတာကိုပါ...
    အဲဒါရဲ့ အသုံးပြုပုံလေးသိချင်လို့ပါ...
    အဲဒါသုံးရင် ups မလိုတော့တာလား ဘယ်လိုလဲဆိုတာကိုပါ...
    ကျေးဇူးပြုပြီး တချက်လောက် ဖြေပေးပါအုံးနော်...

    ReplyDelete