August 16, 2009

About TrueType Font

TrueType Font Overview
TrueType font ကို Apple ကနေစပြီး တီထွင်ခဲ့ပါတယ်။ အခုအခါမှာတော့ Apple မှာရော Microsoft မှာပါ သုံးလို့ရနေပါပြီ။ TrueType font တွေဟာ Computer Screen နဲ့ Printer တွေမှာ အရည်အသွေး အကောင်းဆုံးနဲ့ ပြသနိုင်အောင်၊ သုံးစွဲရအောင်လွယ်ကူအောင်ဆိုပြီး ဖန်တီးခဲ့ကြတာပါ။

TrueType font နည်းပညာမှာ TrueType Font ရယ်၊ ပြီးတဲ့အခါ TrueType rasterizer ဆိုပြီး နှစ်မျိုး ပါဝင်ပါတယ်။ TrueType rasterizer ဟာ လက်ရှိ OS တွေ တစ်ခါတည်းပါလာပြီးသားပါ။ သူဟာ TrueType Font တွေရဲ့ အမြင်ပိုင်းဆိုင်ရာထိန်းချုပ်မှုတွေကို ပြုလုပ်ပေးပါတယ်။

လူသုံးများတဲ့ မြန်မာ Font တွေဖြစ်ကြတဲ့ Art House Font တွေဟာ TrueType အမျိုးအစားတွေ ဖြစ်ပါတယ်။ Win Font တွေကတော့ မျိုးစုံပါပဲ။ သတိထားမိသလောက်တော့ DTP အတွက် သုံးတဲ့ Font တွေဟာ TrueType တွေပဲ များပါတယ်။

TrueType Fonts Technology

TrueType Font ဖိုင်တစ်ဖိုင်ရဲ့အထဲမှာ Font designer က ဆွဲလိုက်တဲ့ဒီဇိုင်းအတိုင်း ကွန်ပျူတာ သို့မဟုတ် Printer ပေါ်မှာ အတိအကျပုံဖော်နိုင်တဲ့ အချက်အလက်တွေပါပါတယ်။ ဒါ့အပြင် အဲဒီ Font ထဲမှာ ပါတဲ့ စာလုံးတစ်လုံးဟာ Vertical Space ဘယ်လောက်ရှိရမယ်၊ Horizontal Space ဘယ်လောက်ရှိရမယ် စသည်ဖြင့် သတ်မှတ်ထားတာတွေလည်း ပါပါသေးတယ်။ ပြီးတဲ့အခါမှာတော့ Character Mapping တွေ ပါပါတယ်။ Character Mapping ဆိုတာကတော့ ဘယ်အက္ခရာအတွက် ဘယ်ခလုတ်ကို နှိပ်ရမယ် ဆိုတာတွေပေါ့။ a နှိပ်ရင် a လို့ပေါ်အောင် Font Designer က Mapping လုပ်ရတာပါ။ Font Designer တစ်ယောက်အနေနဲ့ a နှိပ်ရင် b ပေါ်လာအောင်လည်း သူက ဖန်တီးလို့ရပါတယ်။

TrueType Font ဖိုင်ထဲမှာပါဝင်တဲ့ Character တွေဟာ Outline Format တွေပဲ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့ TrueType Font တွေကို Outline Font Format လို့လည်း ခေါ်ကြပြန်ပါသေးတယ်။

Character တွေကို Outline အနေနဲ့ သိမ်းရခြင်းရဲ့ရည်ရွယ်ချက်ကတော့ Font Size ကို ကြိုက်သလို သတ်မှတ်ပြီး သုံးလို့ရအောင်ဖြစ်ပါတယ်။ Outline တွေဟာ size အမျိုးမျိုးကို Scale လုပ်နိုင်ကြပါတယ်။ ပုံမှာ ကြည့်ပါ။


ဒါပေမဲ့ TrueType font ကို သုံးတဲ့သူတစ်ယောက်အနေနဲ့ ဒီ outline ကို လုံးဝ မြင်ရမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ TrueType font ဖိုင်ထဲမှာပါဝင်တဲ့ Character တွေကို Screen သို့မဟုတ် Printer ပေါ်မှာ မပြသခင် TrueType rasterizer က Bitmap အဖြစ် ပြောင်းလဲလိုက်လို့ပါပဲ။ Bitmap အဖြစ် ဘာကြောင့် ပြောင်းလဲပစ်လိုက်သလဲဆိုရင် Screen နဲ့ Printer တွေဟာ ပုံရိပ်တွေကို ပြသတဲ့အခါမှာ dot patterns လို့ ခေါ်နိုင်တဲ့ pixel ဆိုတဲ့ အလွန်သေးငယ်တဲ့ အမှုန်အစက်လေးတွေနဲ့ ပြသလို့ပါပဲ။

TrueType font ထဲမှာ Outline Character တွေဟာ ကျွန်တော်တို့သတ်မှတ်လိုက်တဲ့ Font size အတိုင်း အရွယ်အစားပြောင်းလဲလိုက်တယ်။ ပြီးတဲ့အခါ Bitmap အဖြစ် (Outline တွေကို Pixel အနေနဲ့ပြသခြင်း) ပြောင်းလဲလိုက်ပါတယ်။ ဒီ process ကို scan conversion သို့မဟုတ် resterization လုပ်တယ်လို့ ခေါ်ပါတယ်။ Photoshop သုံးတဲ့သူတွေအနေနဲ့ rasterize ဆိုတဲ့စာလုံးကို တွေ့ဖူးကြမှာပါ။ rasterize type ဆိုတာ font ကို bitmap အဖြစ်ပြောင်းလဲတာကို ဆိုလိုကြောင်း ကျွန်တော်လည်း အခုမှ သိရတယ်။

TrueType font တွေကို Mac မှာရော Windows မှာပါ သုံးလို့ရပေမဲ့ ထုတ်လုပ်တဲ့သူတွေပေါ် မူတည်ပြီး အနည်းငယ်ကွဲပြားမှုတွေရှိနိုင်ပါတယ်။ Mac မှာဆိုရင် TrueType font file ကို SFNT လို့ ရည်ညွှန်းပြီး Windows မှာတော့ .ttf ဆိုပြီး သုံးစွဲပါတယ်။

Font တွေအကြောင်းကို Font Designer တွေက ပိုသိမှာပါ။ စာဖတ်သူထဲက Font Designer များပါခဲ့ရင် TrueType Font အကြောင်းကို Comments ပေးခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

Reference: http://www.microsoft.com/typography/default.mspx

No comments:

Post a Comment