ရှိချင်လည်း ရှိမှာပါ။ ကျွန်တော်တော့ မြန်မာဘလော့ဂ်တွေထဲမှာ မတွေ့မိလို့။
(၁) Language အကြောင်း ရေးသော blog (ဥပမာ C#, Java)
(၂) Video Editing blog (ဥပမာ Vegas, Edius, Pinnacle, Premier, After Affect)
(၃) 3D Blog (ဥပမာ Cinema 4D, LightWave, 3D studio Max)
(၄) Web Development Blog (ဥပမာ PHP, ASP, Javascript, CSS, XML, XSLT, Ajax, DOM)
(၅) Networking Blog
(၆) Exam Certification Blog (ဥပမာ CCNA, MCTS, SCJP, MCSE,..)
(၇) Diagram Blog (ဥပမာ MVC, UML, SFD, DFD)
(၈) Animation Blog
(၉) Database Blog (MySQL, Oracle, SQL Server)
(၁၀) PIC Blog
(၁၁) AutoCAD Blog
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts
December 4, 2009
October 26, 2009
My Current Activity
1. Windows 7 ကို Microsoft က end user တွေအတွက် တရားဝင် စတင်ရောင်းချတာ တစ်ပတ်ကျော်သွားပြီ ။ သုံးချင်လှပြီ။ ခွေဆိုင်ကို အခုထိ မရောက်နိုင်သေးဘူး ဖြစ်နေတယ်။ Full Version ရပါ့မလားမသိဘူး။
2. ကွန်ပျူတာတက္ကသိုလ်က သူငယ်ချင်းတွေရဲ့ Thesis အတွက် software တွေ ရေးပေးနေရတယ်။ တစ်ယောက်က (ကျွန်တော့်ကောင်မလေး) Web Usage Mining။ သူက Web server မှာရှိတဲ့ access log ကို analyze လုပ်ပြီး useful information တွေ ထုတ်ပြရမှာ။ ဥပမာ အကြည့်အများဆုံး page တို့၊ အကြည့်အများဆုံး အချိန်တို့ စသည်ဖြင့်ပေါ့။ အဲဒါကို PHP နဲ့ ရေးပေးလိုက်တယ်။ ပြီးသလောက်တော့ ရှိနေပြီ။ နောက်တစ်ယောက်က Sequence alignment သီအိုရီကို သက်သေပြပေးရမယ့် ဆော့ဖ်ဝဲ။ sequence alignment သီအိုရီက DNA တွေကို တိုက်စစ်တဲ့အခါမှာ သုံးတဲ့ဆော့ဖ်ဝဲတွေမှာ ထည့်သုံးရတဲ့ သီအိုရီပေါ့။ တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ အခုတော့ စကို မစရသေးဘူး။ နောက်တစ်ယောက်ကတော့ Linear Programming တဲ့။ အဲဒါကျတော့ ဖတ်ကို မဖတ်ရသေးဘူး။
3. အင်တာနက်ဂျာနယ်ထဲမှာ အခန်းဆက်ပါပြီးသွားတဲ့ ကိုဝဏကျော်ရဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှုလမ်းညွှန်ကို ကြိုက်လွန်းလို့ Ebook ထုတ်မယ်ဆိုပြီး စာစီထားတာ။ အဲဒါ ကြားထဲမှာ ဂျာနယ်က အဆတ်ပြတ်သွားလို့ ဆောင်းပါးက တစ်ဝက်တစ်ပျက်ကြီး ဖြစ်နေတယ်။ လိုတာက အတွဲ(၁၀) အမှတ်(၁၀) အမှတ်(၁၅) နဲ့ အမှတ်(၁၆)။ Gtalk ထဲကနေ တွေ့သမျှလူကို အဲဒီအစောင်တွေများ ရှိရင် အဲဒီအစောင်တွေ ထဲမှာပါတဲ့ ကိုဝဏကျော်ရဲ့ဆောင်းပါးကို ပို့ပေးလို့ရမလား ဆိုပြီး လိုက်ပြောနေရတယ်။ အခုတော့ ဘယ်သူမှ ဘာမှပြန်မပို့ကြသေးဘူး။ ဟူး ရပါ့မလားမသိဘူး။ (update: ရပြီးသွားပါပြီ)
4. အွန်လိုင်းပေါ်မှာ မြန်မာဘလော့ဂ်တွေ၊ Forum တွေကလည်း တဖြည်းဖြည်းနဲ့ များသထက် များလာတယ်။ Forum တွေက များလွန်းတော့ လိုက်တောင် မကြည့်နိုင်တော့ဘူး။ တစ်နေရာတည်း စုစုစည်းစည်း ဆွေးနွေးကြရင် သိပ်ကောင်းမှာပဲ။
5. ရန်ကုန်မှာ အိုင်စီတီပြပွဲလုပ်တယ်တဲ့။ အင်း တကယ်တမ်းကျ အိုင်စီတီပြပွဲလို့ မခေါ်သင့်ဘူး။ ကွန်ပျူတာ ဈေးရောင်းပွဲတော် ဆိုပြီး ခေါ်ရမှာ။ ပစ္စည်းပဲ ရောင်းကြတာ။ ဘာမှလည်း မပါဘူး။ ရန်ကုန်မှာ ကွန်ဒိုတစ်ခု လောက်ဆောက်ပြီး ကွန်ပျူတာ sales မှန်သမျှ အဲဒီမှာပဲ ရောင်းကြမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ ဘန်ကောက်ရောက်တုန်းက အဲဒီလိုမျိုး တွေ့ခဲ့တယ်။ Computer Market တဲ့။ ၁၀ ထပ်လောက် ရှိမယ်ထင်တယ်။ ကွန်ပျူတာဆိုင် တွေချည်းပဲ။ customer တွေအတွက် ၀ယ်ရတာ အဆင်ပြေတာပေါ့။ အခုတော့ ရန်ကုန်မှာ ပစ္စည်းဝယ်ရင် ဟိုဆိုင်သွားလိုက်ရ၊ ဒီဆိုင်သွားလိုက်ရနဲ့။ ပြီးတော့ တစ်ဆိုင်နဲ့တစ်ဆိုင် နီးနီးနားနားလည်း မဟုတ်ဘူး။
6. သင်တန်းအတွက် CorelDraw Course စာအုပ်လေး ရေးပြီးသွားပြီ။ တော်တော်အချိန်ပေးလိုက် ရတယ်။ နောက်ထပ် Networking Course ရယ်၊ Multimedia Course ရယ်၊ Database သင်တန်းအတွက် Course စာအုပ်ရယ် ရေးဖို့ကျန်သေးတယ်။ ဟူး…
7. ifile.it ကလည်း ဘာဖြစ်တယ်မသိဘူး။ Ebook တစ်ခု upload လုပ်တာ ဘယ်လိုမှ မရဘူး။
8. စင်တာကို စက်ပျက်လို့ဆိုပြီး လာပြင်တာတွေများတယ်။ အများအားဖြင့် Windows မတက်တာတွေ ချည်းပဲ။ တကယ်တမ်းကျ Hard Disk တွေက ဖြစ်နေတာ။ NTFS File System ရဲ့ အားနည်းချက်လို့ပဲ ပြောရမလားမသိဘူး။ Master File Table ထဲပါတဲ့ index တွေ invalid ဖြစ်ကြတာတွေ ချည်းပဲ။ Recovery Console နဲ့ chkdsk လုပ်လိုက်တော့ ဟော ခဏပဲ။ ပြန်ကောင်းသွားတယ်။ အထာမသိတဲ့ သူဆိုရင် Windows မတက်လို့ဆိုပြီး Windows ပြန်တင်ရင် တင်နေဦးမှာ။
9. Netbook လေးတွေ ပေါ်လာတာ တော်တော်သဘောကျတယ်။ သယ်ရတာလည်း အဆင်ပြေတယ်။ သုံးရတာလည်းမြန်တယ်။ heavy ကြီးတော့ ခိုင်းမရဘူးပေါ့။ တစ်လုံးလောက်ရချင်သေးတယ်။ ငွေစုရဦးမယ်။

October 2, 2009
လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ
လူငယ်၊ နည်းပညာနှင့် အင်တာနက်ရာဇ၀တ်မှုများ
ရေးသူ....မောင်ဒေး
ပြီးခဲ့တဲ့ လေး၊ ငါးနှစ်ကာလတွင် Internet Chatting တွေ အရမ်းခေတ်စားလာတယ်။ တစ်ယောက်နဲ့ တစ်ယောက် မဆုံဖူးသူတွေဟာ အင်တာနက်ပေါ်မှာ မိတ်ဖွဲ့ကြတယ်။ တောင်တောင်အီအီတွေ ပြောကြတယ်။ အခုဆို ကင်မရာကိုသုံးပြီး တစ်ယောက်နဲ့တစ်ယောက် ဖန်သားပြင်ပေါ်မှာတောင် မြင်နိုင်ပြီ။ အင်တာနက် ဆက်သွယ်မှုတွေကောင်းလာတော့ အင်တာနက်ကိုအသုံးချပြီး အမြတ်ထုတ်ချင်သူတွေလည်း များလာတယ်။ သူတို့က “ဘယ်သူ ဘယ်ဝါမှန်းမသိခြင်း” (Anonymity) ကို အသုံးချပြီး အင်တာနက် ရာဇ၀တ်မှုတွေ ကျူးလွန် လာပါတယ်။
Internet Chatting အကြောင်းပြောရင် နိုင်ငံခြားက ပညာပေးကြော်ငြာလေးတစ်ခုကို သတိရမိတယ်။ အဲ့ဒီကြော်ငြာထဲမှာ ကောင်လေးနဲ့ကောင်မလေးတစ်ယောက်တို့ ကင်မရာသုံးပြီး Internet Chatting လုပ်ကြ တယ်။ ဒါကို Webcam Chatting လို့လည်းခေါ်ကြပါတယ်။ ဒီကောင်လေးနဲ့ ကောင်မလေးတို့ဟာ ဆယ်ကျော် သက်အရွယ်တွေ။ သူတို့ပြောတဲ့စကားတွေက လိင်နှိုးဆွမှုကို အသားပေးတဲ့စကားတွေ။ ဒီတော့ လည်ပင်းကနေ ခါးလောက်အထိပဲ ကွန်ပျူတာဖန်သားမှာ ပေါ်တယ်။ ကောင်လေးက တီရှပ်အဖြူ (အဖြူလို့ ထင်တာပဲ) ၀တ်ထား ပြီး ကောင်မလေးက တီရှုပ်အနီပေါ်မှာ အရုပ်ပါတာ ၀တ်ထားတယ်။ သူတို့နှစ်ယောက် ညစ်ညစ်ညမ်းညမ်းတွေ ပြောပြီးနောက် ကောင်လေးက ကောင်မလေးကို အင်္ကျီချွတ်ပြဖို့တောင်းဆိုတယ်။ ကောင်မလေးက လက်ခံလိုက် တယ်။ အဲ့ဒီအချိန်မှာပဲ အောက်ထပ်က အမေဖြစ်သူက ကောင်လေးကို နေ့လည်စာစားဖို့ လှမ်းအော်တော့ ကောင်လေးလည်း အရှိန်ပျက်သွားပြီး အောက်ထပ်ဆင်းလာတယ်။ ထမင်းဝိုင်းမှာ ၀င်ထိုင်တယ်။ ထမင်းဝိုင်းမှာ ကောင်လေးအဖေ၊ အေမေနဲ့ ကောင်လေး စုစုပေါင်း သုံးယောက်။ ခဏနေတော့ ကောင်လေးရဲ့ ညီမဖြစ်သူ ထမင်းဝိုင်းမှာ လာထိုင်တယ်။ သူမရဲ့ အခန်းထဲကထွက်လာတာပဲ။ ကောင်မလေး ထမင်းဝိုင်းမှာ ထိုင်လိုက်တာနဲ့ တစ်ပြိုင်နက် ကောင်လေးမျက်စိမျက်နှာပျက်သွားတယ်။ ကောင်မလေးလည်းခေါင်း ငိုက်စိုက်ကျပြီး ချက်ချင်းထ ထွက်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ကောင်မလေးဟာ အရုပ်ပါတဲ့တီရှပ်အနီနဲ့ဖြစ်ပြီး ကောင်လေးကလည်း တီရှပ်အဖြူနဲ့။ သူတို့နှစ်ယောက် ချက်ချင်းအခြေအနေကို သိသွားကြတာ။ မိဘတွေကတော့ မသိရှာဘူး။ သူတို့ မောင်နှမနှစ်ယောက် ကိုယ်တိုင်လည်း ခုနက ကွန်ပျူတာမှာ ပြောနေချိန်အထိ မသိပါဘူး။ တကယ့်ကို ထိတ်လန့် စရာကောင်းတဲ့အဖြစ်ပါ။ တစ်ယောက်ကိုတစ်ယောက် ဘယ်သူမှန်းမသိတဲ့ နာမည်အတုတွေနဲ့ Chat လုပ်ကြ။ အခုတော့ ကိုယ်ကျိုးနည်းပြီ။
အမေရိကနဲ့ ဥရောပမှာတော့ ဒီလိုအဖြစ်တွေ အရမ်းများနေပြီ။ ဒါကြောင့်လည်း အခုလို ပညာပေးကြော် ငြာတွေလုပ်ပြီး တားဆီးနေတာ။ ဒီလိုအဖြစ်ဆိုးတွေအပြင် အခြားအင်တာနက်ရာဇ၀တ်မှုတွေလည်း ဒုနဲ့ဒေးရှိပါ သေးတယ်။ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ ကလေးအရွယ်တို့ဟာ အင်တာနက်မုဆိုးတွေရဲ့သားကောင် ငယ်တွေဖြစ်နေကြရတယ်။ အင်တာနက်ရာဇ၀တ်ကောင်တွေရဲ့ အဓိကအားသာချက်တွေကတော့ လူငယ်တွေ ဟာ ယုံလွယ်တယ်၊ အတွေ့အကြုံနုတယ်၊ စပ်စုတယ်၊ စွန့်စားလိုတယ်။ ပြီးတော့ သူများရဲ့ ဂရုစိုက်မှုကို ခံယူ ချင်တယ်။ အင်တာနက်မုဆိုးတွေရဲ့ နောက်ထပ်အားသ်ာချက်တစ်ခုက သူတို့ဘယ်သူဘယ်ဝါဆိုတာကို ဖုံးကွယ် နိုင်ခြင်းပါပဲ။ ရာဇ၀တ်သမားတွေဝင်တဲ့နည်းကတော့ စောစောကလို Chat Room နဲ့ Email တို့ကတစ်ဆင့် ရင်းနှီး အောင် မိတ်ဖွဲ့၊ လက်ဆောင်နဲ့ ဓာတ်ပုံတွေဖလှယ်၊ ပြီးတော့ တစ်ဖက်လူငယ်ရဲ့ ယုံကြည်မှုကိုရအောင် တည် ဆောက် နောက်ဆုံးသူလိုချင်တာကို ရအောင်ကြိုးစားပါတော့တယ်။
အင်တာနက်ရာဇ၀တ်မှုပုံစံများ
ကလေးတွေနဲ့ ဆယ်ကျော်သက်တွေအပေါ် အင်တာနက် ရာဇ၀တ်ကောင်တွေ သုံးတဲ့ ပုံစံတွေက-
(၁) လိင်ကိစကို ကျူးလွန်ဖို့ Online က တစ်ဆင့် မြူဆွယ်ဖြားယောင်းခြင်း။
(၂) Child Pornography ခေါ်တဲ့ ကလေးညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ထုတ်လုပ်ရောင်းချခြင်း။
(၃) အင်တာနက်ကိုအသုံးချပြီး ညစ်ညမ်းဗွီဒီယိုတွေ၊ ဓာတ်ပုံတွေကို ဖြန့်ဝေခြင်းနဲ့ ကျန်အင်တာနက်
အသုံးပြုသူတွေကိုပါ ဒီလို ညစ်ညမ်းကိစတွေကို ဖလှယ်ဖို့ မြူဆွယ်ခြင်း။
(၄) စီးပွားရေး အကျိုးအမြတ်အတွက်သော်လည်းကောင်း၊ တစ်ကိုယ်ရေ အကျိုးအမြတ်အတွက်သော်လည်း ကောင်း၊ လိင်ဆိုင်ရာ တရားမ၀င်မှုတွေကို အကောင်အထည်ဖော်ဖို့ ကလေးငယ်တွေကို အမြတ်ထုတ် အသုံးချခြင်း စသဖြင့်ဖြစ်သည်။
(၅) အင်တာနက်ကို အသုံးပြုတာဖြစ်တဲ့အတွက် ရာဇ၀တ်ကောင်တွေအနေနဲ့ ရာဇ၀တ်မှုကို အကောင် အထည်ဖော်ဖို့ လူငယ်တွေနဲ့ တိုက်ရိုက်တွေ့ဆုံဆက်ဆံစရာမလို။ ဒါ့အပြင် ကလေးတွေနဲ့ လူငယ်တွေရဲ့ ဓာတ်ပုံတွေကို လိင်ဆိုင်ရာ ညစ်ညမ်းပုံတွေမှာ ကွန်ပျူတာဒီဇိုင်းပညာသုံးပြီး ရောစပ်ဖန် တီးကာ ဖြန့်ဝေကြတယ်။ ဒီလိုဖြန့်ဝေနေပါလားဆိုတာကို အသုံးချခံရသူ လူငယ်တွေအနေနဲ့ သိတောင် မသိကြပါဘူး။
(၆) အင်တာနက်ရာဇ၀တ်မှုတွေဟာ နှစ်ပေါင်းများစွာတာရှည်ခံကြပါတယ်။ ကလေးငယ်တစ်ယောက်ရဲ့ ဓာတ်ပုံကို အင်တာနက်ပေးတင်လိုက်တာနဲ့ တစ်ပြိုင်နက် အဲ့ဒီပုံဟာ တစ်ဆင့်ပြီးတစ်ဆင့်ပျံ့သွားပြီး နှစ် ပေါင်းများစွာကြာအောင် Online ပေါ်မှာ ရှိနေကြတယ်။ အင်တာနက်ပေါ်မှာဆိုတော့ ပုံအရည်အသွေး လည်း မပျက်တော့ဘူး။
(၇) အင်တာနက်ရာဇ၀တ်မှုတွေဟာ နယ်နမိတ်တွေအများကြီးကို ကျော်ဖြတ်နိုင်သလို နိုင်ငံပေါင်းစုံက လူတွေဟာလည်း ဒီရာဇ၀တ်မှုတွေမှာ နာမည်အတုတွေနဲ့ ပါဝင်ပတ်သက်နေကြတယ်။ အသုံးချခံရမယ့် ကလေးငယ်တွေရဲ့ နေရပ်လိပ်စာဟာ ရာဇ၀တ်ကောင်တွေအတွက် အရေးမကြီးပါဘူး။
(၈) အင်တာနက်ရာဇ၀တ်မှု ကျူးလွန်ခံရသူတွေဟာ များသောအားဖြင့် သူတို့ရဲ့အဖြစ်မှန်ကို တခြားဘယ်သူ မှ မပြောပြကြပါဘူး။ အင်တာနက်ကတစ်ဆင့် အပြင်မှာပါ မတရားပြုကျင့်ခံရတဲ့ လူငယ်နဲ့ ကလေးတွေ ဟာ သူတို့ရဲ့အဖြစ်မှန်ကို မိဘတွေ ဆရာတွေကို ပြောပြသင့်ပေမယ့် မပြောပြဘဲ မြုံပြီး ကြိတ်ခံစားနေ ကြတာများပါတယ်။
အမေရိကန်ပြည်ထောင်စု နယူးဟမ့်ရှိုင်းယား တကသိုလ်မှာ Crimes Agaist Children Research Center ဆိုတဲ့ ဌာနရှိတယ်။ အဲ့ဒီဌာနရဲ့ ဒါရိုက်တာဒေါက်တာဒေးဗစ်ဖင်ကယ်လ်ဟော ဦးဆောင်ပြီး အင်တာနက် ရာဇ၀တ်မှုစစ်တမ်းထုတ်ခဲ့ရာမှာ တွေ့ရှချက်တချို့ခဲ့တယ်။
အင်တာနက်ရာဇ၀တ်မှုဆိုင်ရာ တွေ့ရှိချက်များ
လွန်ခဲ့တဲ့နှစ်က လူငယ်ငါးဦးမှာ တစ်ဦးဟာ လိင်ကိစကျူးလွန်ဖို့ ဖြားယောင်းမှုခံခဲ့ရတယ်။
လူငယ် (၃၃) ဦးမှာ တစ်ဦးဟာ လိင်ကိစဆိုင်ရာ အနိုင်ကျင့်မှု ခံခဲ့ရတယ်။
လူငယ် (၄) ဦးမှာ တစ်ဦးဟာ ၀တ်လစ်စလစ်ပုံတွေကို Email သို့မဟုတ် အင်တာနက်က တစ်ဆင့် လက်ခံရရှိခဲ့တယ်။
လူငယ် (၁၇) ဦးမှာ တစ်ဦးဟာ အခြိမ်းအခြောက်ခံရတယ်။
ဖြစ်ခဲ့တဲ့ ရာဇ၀တ်မှုတွေနဲ့ပတ်သက်ပြီး ခံရသူလူငယ်တွေဟာ ရဲဝန်ထမ်းတွေကို မတိုင်ကြားခဲ့ ကြဘူး။
ရာဇ၀တ်မှုရဲ့သားကောင်ဖြစ်ခဲ့ရသူ လူငယ်စုစုပေါင်းရဲ့ (၂၅) ရာခိုင်နှုန်းကသာ အဖြစ်မှန်ကို မိဘတွေထံ ဖွင့်ပြောခဲ့ကြတယ်။
အိမ်တွေမှာ အင်တာနက်သုံးစွဲသူ မိဘအရေအတွက်ရဲ့ သုံးပုံတစ်ပုံကသာ ညစ်ညမ်းကိစတွေကို တားဆီတဲ့ Blocking Software တွေ တပ်ဆင်ထားကြတယ်။
ဒီအဖြစ်အပျက်တွေဟာ အစစ်အမှန်တွေပါ။ အင်တာနက်သုံးသူ လူငယ်တွေ စဉ်းစားဆင်ခြင်ကြည့်ကြဖို့ လိုပါတယ်။
မောင်ဒေး
ချင်းတွင်းမဂ္ဂဇင်း
၂၀၀၇ ခုနှစ်၊ ဖေဖော်ဝါရီ
August 24, 2009
ချဲဆော့ဖ်ဝဲလ်
သူငယ်ချင်းတစ်ယောက်က မေးတယ်။ မင်းဆီ ချဲဆော့ဖ်ဝဲလ်ရှိလားတဲ့။ ကျွန်တော်က ရှိဘူးဟလို့ ပြောလိုက်တယ်။ မင်းက ဘယ်က ကြားလာတာလဲလို့ မေးတော့ သူက ချဲဆော့ဖ်ဝ်လ်ထွက်နေတယ်တဲ့၊ install လုပ်တာကိုတောင် ငွေခြောက်သိန်းယူတယ်လို့ ကြားတယ်တဲ့။ installer ကိုတောင် မပေးဘူးတဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ ချဲဆော့ဖ်ဝဲ..ငွေခြောက်သိန်း..ငွေခြောက်သိန်း..ချဲဆော့ဖ်ဝဲ
အဲဒါနဲ့ ကျွန်တော်လည်း လိုက်ပြီးစုံစမ်းကြည့်မိပါတယ်။ အဖြစ်က ဒီလိုဗျ။
Software သုံးရခြင်းရဲ့ရည်ရွယ်ချက်က Slip ကိုဖျောက်ချင်လို့တဲ့။ လက်ထဲမှာ Slip တွေ့ရုံနဲ့ကို ဖမ်းဆီးလို့ ရတာကိုး။ အခုကျတော့ Slip တွေမသုံးတော့ပဲနဲ့ ဆော့ဖ်ဝဲနဲ့ပဲ အလုပ်လုပ်ကြတယ်တဲ့။
ကျွန်တော်သိရသလောက်တော့
ချဲဒိုင်ဟာ Laptop ရယ်၊ Printer အသေးလေးတစ်လုံးရယ်၊ Memory Stick ရယ်ဝယ်ရတယ်တဲ့။ ပြီးရင် မန္တလေးမှာရှိတဲ့ ကွန်ပျူတာစင်တာ တစ်ခုမှာ ချဲဆော့ဖ်ဝဲလ်ကို ငွေခြောက်သိန်းပေးပြီး ထည့်ရတယ်တဲ့။ အဲဒါတောင်မှ Laptop ကို လူရှင်းတဲ့နေရာ ယူသွားပြီး ထည့်တယ်ဆိုပဲ။
အဲဒီ ချဲဆော့ဖ်ဝဲက သူတို့ပေးထားတဲ့ Memory Stick ထိုးမှပဲ ဖွင့်လို့ရတယ်ဆိုပဲ။ ဆော့ဖ်ဝဲတွေက Myanmar version ရော၊ English version ရော ရှိတယ်တဲ့။ ချဲဒိုင်ဟာ အဲဒီဆော့ဖ်ဝဲထဲမှာ သူ့ဆီလာထိုးတဲ့ ထိုးသားတွေရဲ့ ချဲနံပါတ်တွေကို ရိုက်ထည့်ရတယ်တဲ့။ Save နှိပ်လိုက်တာနဲ့ အဲဒီနံပါတ်တွေက Memory Stick ထဲ ရောက်သွားတယ်နဲ့ တူပါတယ်။ ဒါ့အပြင် ရှင်းတမ်းကို Print ထုတ်တာတို့၊ ကြွေးကျန် တွက်တာတို့ စတာတွေကိုပါ လုပ်နိုင်သေးတယ်ဆိုပဲ။
အဲဒီချဲဒိုင်က သူ့ရဲ့အထက်ဒိုင်ဆီသွားရင် Memory Stick လေးပဲ ယူသွားရုံပဲတဲ့။ အထက်ဒိုင်ကလည်း သူ့ကွန်ပျူတာမှာ အဲဒီ Stick လေးထိုးပြီး စာရင်းတွေ ဘာတွေကြည့်၊ ငွေပေးငွေယူတွေ လုပ်ကြတယ်ဆိုပဲ။
အဲဒီချဲဒိုင်အိမ်ကို ရဲက ၀င်စစ်တဲ့အခါမှာဆိုရင် ချဲဒိုင်က Memory Stick လေးကိုပဲ ဖျက်ဆီး ပစ်လိုက်တယ်ဆိုပဲ။ ရဲက ကွန်ပျူတာကို ဖွင့်ရှာလည်း ဘာမှ မတွေ့နိုင်တော့ဘူးတဲ့။
တစ်လုံးလို့ခေါ်တဲ့ ဘောလုံးလောင်းကစားအတွက်လည်း ဆော့ဖ်ဝဲရှိတယ်ဆိုပဲ။ နှစ်လုံးရယ်၊ သုံးလုံးရယ်ကတော့ ဆော့ဖ်ဝဲထဲမှာပဲ 2D နဲ့ 3D ဆိုပြီး ပါတယ်တဲ့။
အခု ချဲဒိုင်လုပ်မဲ့လူတွေက အရင်ဆုံး ကွန်ပျူတာဝယ်ကြတယ်ဆိုပဲ။ စာဖတ်သူတွေထဲကများ ကွန်ပျူတာ ၀ယ်ပေးနေကျ သူတွေများရှိရင် သတိထားပေါ့။ ကျွန်တော်ကတော့ အခုအချိန်ကစပြီး ကွန်ပျူတာဝယ်ချင်လို့ပါ ဆိုပြီး လာတဲ့သူမှန်သမျှကို ဘာအတွက် ၀ယ်မှာလဲလို့ ပွင့်ပွင့်လင်းလင်း မေးရတော့မှာပဲ။ ချဲအတွက် ဆိုရင်တော့ နိုး နိုး လူမိုက်အားပေးတာတော့ မလုပ်နိုင်ဘူးလို့ ပြောရမှာပဲ။
ကဲ..အဖြစ်ကတော့ မနှစ်ကနဲ့မတူတော့တာတော့ အမှန်ပဲခင်ဗျာ။

June 18, 2009
နည်းပညာအသစ်များအကြောင်း
ဟိုတစ်နေ့က ပီစီမဂ္ဂဇင်းထဲမှာ တွေ့လိုက်တယ်။ Mac OS ကို PC မှာ သုံးလို့ရနေပြီတဲ့။ အဲဒါနဲ့ ကျွန်တော်လည်း ခွေဆိုင်မှာ သွားရှာလိုက်တယ်။ ဟုတ်ပါ့ဗျာ။ Mac Leopard OS for PC version တဲ့။ စမ်းတော့ တင်မကြည့်ရသေးဘူး။ ခွေကာဗာပေါ်မှာ ရေးထားတာက Core2 Duo Recommended လို့ ရေးထားတော့ ကျွန်တော့်ရဲ့ Pentium D စက်ကလေးနဲ့ ဖြစ်ပါ့မလားလို့ စိုးရိမ်စိတ်ဝင်နေတယ်ဗျာ။ Mac က ဗိုင်းရပ်စ်ရန်က စိတ်ချရနီးပါး ရှိတော့ သုံးရတာ အဆင်ပြေတာပေါ့။ ဒါပေမဲ့ Software ကန့်သတ်ချက်တွေ ရှိနေတာ တစ်ခုပါပဲ။
အခု ဈေးကွက်ထဲမှာ Load Balancer တွေရောက်လာတာကို ဂျာနယ်တွေထဲကနေတစ်ဆင့် သိလိုက်ပါတယ်။ အင်တာနက်လိုင်း နှစ်လိုင်းကို ပေါင်းသုံးချင်ရင် ပြေးဝယ်လိုက်ပေါ့ဗျာ။ Server 2003 မှာ Load Balancing ပါပါတယ်။ ဒါပေမဲ့ Hardware နဲ့က ပိုကောင်းမယ်လို့ ကျွန်တော်ထင်မိတယ်။ ဟိုးအရင်တုန်းက Dual WAN Router ဆိုပြီး ဒီကို ရောက်လာခဲ့ဖူးပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက အင်တာနက်ဆိုင်တွေ ခုလောက် မပေါသေးတော့ မပေါက်ခဲ့ဘူးပေါ့ဗျာ။
ဆရာဇော်လင်းက အခု Website တစ်ခုလုပ်ပြီး သူ့ဆောင်းပါးတွေ ရေးတင်ထားမယ်။ ဒီအတိုင်းတော့ မရဘူး။ ၀င်ကြေးပေးရမယ်ဆိုတဲ့ ပုံစံမျိုးနဲ့ အခုတစ်လော ကြော်ငြာလာတာကို တွေ့ရပါတယ်။ အဲဒီလို Prepaid Card တွေ ရောင်းပြီး ၀င်ကြည့်ရတဲ့ပုံစံက ကျွန်တော့်အမြင်တော့ အကောင်းလည်းရှိတယ်၊ အဆိုးလည်းရှိတယ်လို့ ထင်ပါတယ်။ အကောင်းက နည်းပညာဟာ အလကားမရဘူးဆိုတဲ့ အမြင်ကို လူတွေအသိထဲ ရောက်သွားအောင် ထည့်ပေးနိုင်လို့ပါ။ ကွန်ပျူတာမှာ နှံ့စပ်ကျွမ်းကျင်ဖို့အတွက် ကျွန်တော်တို့တွေ အချိန်တွေ၊ ငွေတွေအများကြီး ရင်းခဲ့ရတယ်။ ဆုံးရှုံးမှုတွေလည်း ရှိခဲ့တယ်။ ဒါတွေကို အလကားချည်းသက်သက် ဖြန့်ဝေဖို့ကတော့ မကောင်းဘူးလို့ ကျွန်တော်ထင်ပါတယ်။ တစ်နည်းအားဖြင့် ဦးနှောက်ဖောက်စားခြင်းပေါ့ဗျာ။ အခုနောက်ပိုင်းဆိုရင် တချို့ Forum တွေထဲမှာ ဘာလေးလိုချင်လို့ပါ၊ ပို့ပေးပါ ဆိုတာမျိုးအထိတောင် ရောက်လာပါတယ်။ အလွယ်လမ်းကို ကလေးတွေ လိုက်လာတယ်ဆိုတာ သတိထားမိပါတယ်။ အမှန်ဆိုရင် ကိုယ့်ဘာသာကိုယ် အရင်ကြိုးစားရှာသင့်တာပေါ့လေ။ ဘယ်လိုမှ မတွေ့တော့ဘူးဆိုမှ တောင်းတာက ပိုကောင်းမယ်လို့ထင်ပါတယ်။
အဆိုးရှိတယ်ဆိုတာကတော့ ဆရာဇော်လင်းအနေနဲ့ ကိုယ့် Site ရဲ့ Value ကို အရင်တွက်ချက်ပြီးမှာ ၀င်ကြေးသတ်မှတ်သင့်ပါတယ်။ အခုမှစလုပ်တယ်၊ အခုဝင်ကြေးတောင်းတယ်ဆိုတာမျိုးတော့ နည်နည်းလေး အံလွဲနေတယ်လို့ ထင်ပါတယ်ဆရာ။ ပြီးတော့ အားမနာတမ်းပြောရရင် ရေးမယ့်သူက အရမ်းနည်းနေတယ်။ Myanmar IT Pros လို Contributer တွေ အများကြီးရှိတဲ့ Site တောင်မှ Free ၀င်ခွင့်ပေးထားတာပါ။ Software တွေ Ebooks တွေ Knowledge Base တွေအများကြီးရှိတဲ့ နိုင်ငံခြား Site တွေလည်း Free ဖွင့်ပေးထားတာပါ။
ကဲ. နောက်တစ်ခုဗျာ။
MCPA က Layer2 Networking အကြောင်း သင်တန်းဖွင့်မယ်လို့ ကြားတယ်ဗျ။ အနော်လည်း Layer2 Networking ဆိုတာ ဘာမှန်းမသိသေးဘူး။ လေ့လာရဦးမယ့် ခေါင်းစဉ်တွေထဲ တစ်ခု တိုးသွားပြန်ပြီဗျာ။ ဟိုးတစ်လောကလည်း Layer3 Swith ဆိုတာကို ကြားလိုက်သေးတယ်။ အင်း အဲဒါကိုလည်း........
စကားမစပ်
ကွန်ပျူတာဂျာနယ်နဲ့ ပီစီဝါးလ်က အယ်ဒီတာများ စာဖတ်သူထဲ ပါတယ်ဆိုရင် Local Articles တွေ၊ Local Interviews တွေ များများထည့်ပေးဖို့ တောင်းဆိုလိုပါတယ်ခင်ဗျာ။ အခုနောက်ဆုံးထွက်သွားတဲ့ PC Magazine ပုံစံဆိုရင် တော်တော်ကောင်းတာပဲဗျ။ ပြည်တွင်းဆောင်းပါးတွေအများကြီးပါတယ်၊ ပြည်တွင်းက ဆရာကြီးတွေရဲ့ အင်တာဗျူးတွေလည်း ထည့်ပေးထားတယ်။ အထူးသဖြင့် ကိုဝဏ္ဏကိုကိုရဲ့ အင်တာဗျူးနဲ့ ဆရာမောင်မောင်လှမြင့်ရဲ့ အင်တာဗျူးပါတာနဲ့ကို ဖတ်ရတာ တန်နေပြီဗျာ။ ချီးကျူးပါတယ် PC Magazine အယ်ဒီတာရေ။ (PC Magazine မှာ ရွာရိုးကိုးပေါက် ဒိုးဒိုးဒေါက်ဒေါက် ပါတာတော့မကြိုက်ဘူးဗျာ)
May 11, 2009
Online မှာပဲ သိမ်းတော့မယ်
ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ မှတ်စုတွေ၊ ဖိုင်တွေကို အွန်လိုင်းပေါ်မှာပဲ သိမ်းရင် ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်တော့ဘူးလို့ ကျွန်တော်ထင်မိတယ်။
မှတ်စရာလေးတွေရှိရင် စာအုပ်ထဲမှတ်တဲ့သူရှိမယ်၊ ဦးနှောက်ထဲ မှတ်တဲ့သူ ရှိမယ်။ စာအုပ်ထဲ မှတ်တယ်ဆိုတာက စာအုပ်ပျောက်တာတွေ၊ ပျက်စီးတာတွေ ဖြစ်နိုင်ပါတယ်။ ဦးနှောက်ထဲမှတ်ရင်လည်း တစ်ချိန်ကြရင် မေ့သွားနိုင်တယ်။ ဟော အွန်လိုင်းပေါ်မှာ Blog ရေးပြီးတော့ပဲဖြစ်ဖြစ် Zoho တို့လို Google Notebook တွေလိုဟာ သုံးပြီးတော့ပဲ ဖြစ်ဖြစ် မှတ်ထားရင်တော့ ပျောက်သွားမှာတွေ ဘာတွေ ရှိမှာ မဟုတ်တော့ဘူးလေ။ private notes လေးတွေ မှတ်ချင်ရင် Google Notebook ကို သုံးလို့ ရတာပဲလေ။ Gmail ရှိရုံနဲ့ သုံးလို့ရတယ်။ ကိုယ်ကလွဲပြီး ဘယ်သှူ ကြည့်လို့ရမှာမဟုတ်တော့ဘူး။ အဲ အများသိဖို့ လိုတာလေးတွေကိုတော့ Blog ရေးပြီး တင်သင့်တာပေါ့ဗျာ။
တစ်ခုတော့ ရှိတယ်ဗျ။ ကျွန်တော်တို့ မြန်မာတွေ ဖန်တီးထားတဲ့ Forum တွေ၊ Website တွေမှာ Blog တင်တာတွေ၊ data သိမ်းတာတွေ၊ Discussion လုပ်ကြတာတွေကတော့ နည်းနည်း သတိထားသင့်တယ်။ ဒီလိုဗျာ Webiste တစ်ခု အသက်ရှင်သန်နိုင်ဖို့ ဒိုမိန်းကြေး၊ Hosting ကြေးတွေက နှစ်စဉ် ပေးနေတာကိုး။ သူတို့တွေ မ run နိုင်တော့တဲ့ တစ်နေ့ကျရင် ကျွန်တော်တို့ ဆွေးနွေးထားသမျှ၊ တင်ထားသမျှတွေက အလကား ဖြစ်သွားမှာလေ။ ရှေ့ပြေးတွေကလည်း ရှိထားတာကိုး။ ပြီးတော့ မြန်မာ site တွေကလည်း ဘာကြောင့်မှန်းမသိ Hack တွေ ခဏခဏအလုပ်ခံရတယ်။ အဲဒီတော့ site တစ်ခု သေဆုံးသွားဖို့ အခွင့်အလမ်းတွေက များနေပြီ။
အဲဒါကြောင့် ကျွန်တော်ကတော့ စိတ်ချရတာတွေကိုပဲ သုံးတယ်။ ဥပမာ Google ဆိုရင် ဘယ်တော့မှ down သွားမှာမဟုတ်ဘူးလို့ ကျွန်တော်ကတော့ ယူဆထားတယ်။ Forum အတွက်ဆိုလည်း Google Groups ရှိတယ်ဗျာ။ ကျွန်တော်တို့ http://www.mmitmen.co.cc/ ဆိုလည်း Google Groups ကို သုံးထားတာပဲ။ Free ဗျာ။ စိတ်ချရတယ်ဗျာ။ Discussion လုပ်ထားတာတွေ ဘယ်တော့မှ ပျက်သွားမှာမဟုတ်ဘူး။
ပြီးတော့ သေခြင်းတရားကို ကျွန်တော်တို့တွေ အမြဲတမ်းသတိရသင့်တယ်။ အကောင်းကြီးကနေ ဖျတ်ခနဲ သေသွားနိုင်တာပဲလေ။ ကိုယ်သေသွားတဲ့အခါမှာ ကိုယ်သိထားတာတွေကို တစ်ယောက်ယောက်ကို မပြောခဲ့ရဘူးဆိုရင် ဘယ်လောက်နှမြောစရာကောင်းမလဲ။ သမိုင်းကြောင်းကို ပြန်ကြည့်ရင် ပညာရှင်တွေ ကိုယ်သိထား၊တတ်ထားတာတွေကို ဖြန့်ဝေခဲ့လို့သာ လူ့လောကကြီး တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာခဲ့တာပဲ မဟုတ်လား။ တကယ်တော့ ဒီလိုပါဗျာ။ ကျွန်တော် အားမရလို့ပါ။ ကျွန်တော်တို့ထက် သိတဲ့၊ တတ်တဲ့သူတွေ အများကြီးရှိတယ်။ ကျွန်တော်တို့ မသိသေးတာတွေကို သိထားတဲ့သူတွေလည်း ရှိတယ်။ ဒါပေမဲ့ online ပေါ် ရောက်မလာကြဘူး။ offline မှာလည်း မမြင်ဘူး။ သြော် မအားကြလို့ နေမှာပါဆိုပြီ ဖြေသိမ့်နေရတယ်။ မြန်မာပြည်မှာက လူတော်ဆိုရင် ကြာကြာမနေရဘူးလေ။ မတော်လို့ ဖျတ်ခနဲ မသင်းမေက ခေါ်သွားရင်ဖြင့် နှမြောစရာကောင်းလွန်းပါတယ် Pro အပေါင်းတို့ရေ...
January 5, 2009
New Technologies Come With 2009
ကွန်ပျူတာနည်းပညာအပြောင်းအလဲတွေကတော့ လိုက်မမှီနိုင်အောင်ကို မြန်လွန်းနေတာပါပဲ။ အခုလည်းကြည့်ပါဦး။ နည်းပညာအသစ်တွေ ပေါ်လာပြန်ပြီ။
နံပါတ်တစ် - Windows OS အသစ်
Widows Vista တောင် ကောင်းကောင်းမသုံးရသေးဘူး။ အခု Windows 7 ထွက်တော့မယ်တဲ့။ 2010 မတိုင်ခင် ထွက်မယ်လို့ ဖော်ပြကြပါတယ်။ Windows Vista ကလည်း သိကြတဲ့အတိုင်းပဲ အဆင်မပြေတာတွေက ခပ်များများဆိုတော့ Microsoft က အဲဒါကိုအစားထိုးတဲ့အနေနဲ့ အမြန်ထုတ်တာ ထင်တာပါပဲ။ ဘာတွေအသစ်ပါလာမလဲဆိုတော့
Network ပိုင်းမှာ အသစ်တွေပါလာမယ်
Touch Screen တွေအတွက် အဆင်ပြေအောင် လုပ်ထားတာတွေ အသစ်ပါမယ်၊
Device Stack ဆိုတာ ပါလာမှာဖြစ်ပြီး Hardware Device တစ်ခုတပ်လိုက်တာနဲ့ သူနဲ့ပတ်သတ်တာတွေ၊ လုပ်လို့ရတာတွေအားလုံး ဖော်ပြပေးမဲ့ Windows တစ်ခု ပေါ်လာမယ်၊
Vista ရဲ့ စိတ်ပျက်စရာကောင်းတဲ့ UAC (User Account Control) ပြန်ပါလာမယ်၊ ဒါပေမဲ့ Notify လုပ်တဲ့အရေအတွက်ကို လျှော့နိုင်လိမ့်မယ်
Network ချိတ်ထားတဲ့ PC တွေထဲကနေ Search လုပ်နိုင်တဲ့ Function ပါလာမယ်
Start Menu ထဲက Accessories မှာ ဘာမှပါလာတော့မှာမဟုတ်ပဲ Downloadable အနေနဲ့ပဲ ပေးတော့မယ်။
Interface အပြောင်းအလဲတွေ၊ Taskbar ပုံစံအသစ်တွေ ပါလာလိမ့်မယ်...တဲ့
နံပါတ်နှစ်- Gigabit Network
အခုအချိန်ထိ LAN တွေမှာ Speed က 100 Mbps နဲ့ ကောင်းကောင်းအလုပ်လုပ်နေပါတယ်။ အခုတော့ Gigabit LAN ဆိုပြီး ပေါ်လာပါပြီ။ LAN အတွက် Speed ကို 1 Gbps ထိ ရနေပြီ။
အော်..နည်းပညာကသာ ရနေတာ လိုက်သုံးနိုင်ဖို့က ပိုက်ပိုက်လိုသေးတယ်လေ။ Gigabit Network တစ်ခုဖြစ်လာဖို့ Gigabit Switch ၀ယ်ရမယ်။ Gigabit Switch ကလည်း လောလောဆယ်မှာတော့ ရိုးရိုး Switch ထက် ဈေးက နှစ်ဆလောက် များနေပါတယ်။ ပြီးတော့ လက်ရှိသုံးနေတဲ့ UTP ကြိုးတွေ သုံးမရတော့ဘူး။ အခုသုံးနေကြတာက CAT 5 တွေဖြစ်ပြီး 100 Mbps ပဲ အများဆုံးရပါတယ်။
Gigabit Network တစ်ခု ဖြစ်ဖို့ CAT 6 UTP ကြိုးတွေသုံးရပါလိမ့်မယ်။ CAT 6 ကလည်း CAT 5 ထက် ဈေးကြီးနေပါတယ်။ ပေါ်ခါစမို့လို့လည်း ဖြစ်မှာပါ။ ပြီးတော့ ကြိုးကလည်း CAT 5 ကြိုးထက် ပိုပြီး တုတ်လာပါတယ်။
နံပါတ်သုံး- 802.11n
လက်ရှိသုံးနေတဲ့ Wireless Standard က 802.11 g ဖြစ်ပြီး Speed က 54 Mbps ပဲ အများဆုံးရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Cable Network တွေရဲ့ Speed ကိုမမှီလို့ Wireless ကို လက်ရှိအချိန်မှာ အသုံးနည်းသေးတာပါ။ အခုတော့ 802.11n ဆိုတဲ့ Standard အသစ်က 248 Mbps အထိ ရနိုင်တဲ့အတွက် အခုလက်ရှိသုံးနေကြတဲ့ LAN တွေရဲ့ Speed ထက်တောင် နှစ်ဆပိုမြန်သွားပါပြီ။ အတော်လေးတော့ သုံးချင်စဖွယ်ပါ။ ဒါပေမဲ့ အဲဒီ 802.11n ကို support လုပ်တဲ့ Wireless Router အသစ်ဝယ်ရပါမယ်။ ပြီးတော့ PC တွေမှာတပ်မဲ့ Wirless Adapter တွေလည်း
အသစ်ထပ်ဝယ်ရပါ့မယ်။ Neo Tech မှာ အဲဒီပစ္စည်းတွေကို ၀ယ်လို့ရနေပါပြီ။ နည်းပညာဆိုတာကလည်း ငွေနဲ့လိုက်မှ မှီမယ်ထင်တော့တာပါပဲ။
နံပါတ်လေး- i7 and Socket 1366
Intel ကြီးက Pentium D တွေ Dual Core တွေ Quad Core ကြီးတွေ ဆက်တိုက်ထုတ်နေတော့ Eight Core တွေ Multi Core တွေလာမယ်လို့ ထင်နေတုန်းမှာပဲ i7 ဆိုတဲ့ Processor ကို ထုတ်လိုက်ပါပြီ။ ပိုကောင်းလာမယ်ဆိုတာကတော့ အားလုံးခန့်မှန်းမိပြီးသားပါ။ ဒါပေမဲ့ Socket ပြောင်းသွားတာကတော့ ရင်နာစရာပါပဲ။ Socket 1366 ကိုပြောင်းသွားပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Socket 775 Motherboard လေးနဲ့ i7 ရဲ့အရသာကို မမြည်းနိုင်တော့ဘူးပေါ့။ လောလောဆယ် Socket 1366 Motherboard တွေကို ASUS နဲ့ MSI က အပြိုင် ထုတ်ထားပါတယ်။ ဈေးကွက်ထဲမှာလည်း ၀ယ်လို့ရနေပါပြီ။
နောက်ထပ်အသစ်ပေါ်လာတဲ့ နည်းပညာတွေကိုလည်း အချိန်ရရင် ရေးပြီးတင်ပါဦးမယ်။

November 28, 2008
Hard Disk အတွက် Authorized Dealer
ကျွန်တော်တို့ နိုင်ငံမှာလည်း အခုဆိုရင် Hardware တွေအတွက် Authorized Dealer တွေလည်း အလျှိုလျှို ပေါ်လာနေတာ အားလုံးအသိပါပဲ။ Board နဲ့ Laptop ဆိုလည်း ASUS နဲ့ MSI , Monitor ဆိုရင် ViewSonic စတာတွေပေါ့။ အဲဒီမှာ အတွေးလေးတစ်ခုရတယ်ဗျ။ Hard Disk တွေအတွက်လည်း Authorized Dealer လေးရှိရင် ကောင်းမှာပဲလို့လေ။ Seagate လေးဆို ပိုကောင်းတာပေါ့။ အခု လောလောဆယ်တော့ အဲဒီ Hard Disk တွေက အတော် ဒုက္ခပေးနေတာ။ တစ်ခုခုဖြစ်ရင် ဆိုင်ပြန်ပို့၊ အဲဒီဆိုင်ကနေ ဟိုထိ ပြန်ပို့။ အမယ်လေး အကြာကြီးပဲ။ ဒီမှာတင် Hard Disk Service Center လေး တစ်ခုလောက် ဖွင့်လိုက်ရင်တော့ ရှယ်ပဲ။
October 22, 2008
Where Trail Version of Myanmar Programs?
ကျွန်တော်တို့ မြန်မာပြည်မှာ ဆော့ဖ်ဝဲတွေ ရေးပြီး ရောင်းတော့ ရောင်းနေကြတာပါပဲ။ ဒါပေမဲ့ အခုအချိန်ထိလည်း လက်ချိုးရေလို့ ရနေဆဲပဲ။
ဂျာနယ်တွေမှာ ဆော့ဖ်ဝဲလ်ကြော်ငြာပါတာ အရမ်းနည်းပါးတယ်။ ပြီးတော့ အဲဒီဆော့ဖ်ဝဲတွေကို ဘယ်နားမှာ သွားဝယ်ရမှန်းကို မသိပါဘူး။ သုံးချင်ရင် ဖုန်းဆက်လိုက်၊ လာပြီး Install လုပ်ပေးမယ်၊ ပြီးရင် ပိုက်ဆံပေး။ ဒါပဲနဲ့တူပါရဲ့။ ကျွန်တော့်အထင် ဘယ် Customer မှ အဲဒီ Software ရဲ့ ကောင်းကွက်ကို မသိသေးဘဲနဲ့ ငွေပေးချင်မှာ မဟုတ်ပါ။ အင်တာနက်ကနေ အလကားရတဲ့ Software တွေတောင် သုံးကြည့်ပြီး မကြိုက်ရင် ဖြုတ်ပစ်တာပဲ။ Microsoft တို့ Adobe တို့လည်း သူတို့ Product တွေကို ဒီအတိုင်းကြီး ရောင်းတာမဟုတ်ပါဘူး။ Website ကနေ Trial Version ကို Download လုပ်ခွင့်ပေးတယ်။ ကြိုက်ရင် Online ကနေ ၀ယ်။ အကုန်လုံး ဒီပုံစံနဲ့ သွားနေတာပါပဲ။
မြန်မာပြည်က Software Company တွေလည်း ဒီပုံစံနဲ့ သွားသင့်တယ်လို့ အကြံပြုချင်ပါတယ်။ သိန်းဂဏန်းတန် Product တွေ ရောင်းနေမှတော့ Website လေးလုပ် Software တွေကို Trial Version ပေး၊ ကြိုက်တဲ့သူက တကယ်ဝယ်။ ဒါပေမဲ့ Crack ရန်က ကာကွယ်နိုင်ဖို့တော့ Security တွေ အလုံအလောက် ချထားရမှာပေါ့နော်။ Offline အတွက်လည်း Package တွေ လှလှပပလေးထုတ်ပြီး စီဒီဆိုင်တွေမှာ သွားတင်ပေးထားရင် လူထုနဲ့ ပိုနီးစပ်မှာပါ။
ကျွန်တော်တို့ကိုယ်တိုင်ကလည်း Software ထုတ်လုပ်သူတွေ မဟုတ်တော့ ဒါမျိုးနည်းတွေသုံးရင် ဘာအခက်အခဲတွေ ရှိနိုင်လည်းတော့ မသိပါဘူး။ ဖြစ်သင့်တယ်ထင်လို့ အကြံပြုကြည့်တာပါ။
October 3, 2008
Myanmar Thinking
တချို့ကွန်ပျူတာ term တွေက ဒီအတိုင်းဆို လုံးဝနားလည်လို့မရဘူး။ Description ဖတ်ကြည့်ပြီး ရေးတေးတေးလောက်ပဲ သဘောပေါက်မိတယ်။ တစ်ယောက်ယောက်က မေးပြီဆိုရင်လည်း description အတိုင်းပဲ အရှည်ကြီး ပြောပြရတာ။ သိပ်ဟန်မကျဘူးလေ။
အဲဒါနဲ့ တစ်ချို့ term တွေကိုကျ Computer Dictionary မကြည့်ဘဲ ရိုးရိုး Dictionary နဲ့ ကြည့်လိုက်တယ်။ အဲ အဲဒီတော့မှ ရှင်းသွားတာ။ ဥပမာဗျာ Proxy ဆိုတဲ့ စာလုံး။ သူ့ Description အရဆို အရှည်ကြီးပဲမဟုတ်လား။ သိကြပါတယ်။ ဒါပေမဲ့ Proxy ဆိုတာ ဘာဆိုပြီး စကားလုံးတစ်လုံးတည်းနဲ့ ပြောဖို့ခက်တယ်။ အဲ ရိုးရိုး Dictionary ကြည့်ကြည့်လိုက်။ Proxy ဆိုတာ ကြားခံတဲ့။ ရှင်းရော။ Proxy Computer ဆိုရင် ကြားခံကွန်ပျူတာပေါ့။ ဘာနဲ့ဘာနဲ့ကြား ခံတယ်ဆိုတာကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဆက်ရှာလိုက်ရင် သိသွားပြီလေ။ နောက် Server ဆိုတဲ့စာလုံး။ ရှာကြည့်လိုက်။ အရှင်သခင်၊ ခိုင်းစေနိုင်သောသူ။ Mobile ဆိုရင် ရွှေ့ပြောင်းနိုင်သောChat ဆိုတာက အာလာပသလ္လာပ တဲ့။ explorer က မသိသေးသောနေရာများကို လှည့်လည်သွားလာသူတဲ့။
အပေါ်ကဟာလေးတွေက ကျွန်တော်တို့နဲ့ အနီးဆုံးရှိနေတဲ့ term တစ်ချို့ပါ။ ဘာသာပြန်ကြည့်ဖို့ မေ့နေတဲ့သူတွေ၊ မသိသေးတဲ့သူတွေ အတွက်သာ ရည်ရွယ်ပါတယ်။ နောက်ပိုင်းမှာ တချို့ ကွန်ပျူတာစာလုံးလေးတွေ နားမလည်တဲ့အခါ ရိုးရိုး Dictionary ကြည့်လိုက်ပါ။ ပိုရှင်းသွားပါလိမ့်မယ်။ တချို့နော်။ အကုန်လုံးမဟုတ်ဘူး။
April 21, 2008
ဘာကြောင့် အွန်လိုင်းပေါ် ရောက်မလာကြတာလဲ
အခုအချိန်တွင် အိုင်တီခေတ် ၊ အိုင်တီခေတ် ဟု အော်နေကြသောကွန်ပျုတာနည်းပညာ စာစောင်မဂ္ဂဇင်းများက အွန်လိုင်းပေါ်ရောက်မလာဘဲ အခြား ဂျာနယ် ၊ မဂ္ဂဇင်းများသာ အွန်လိုင်းပေါ်တက်လာကြပါသည်။
အထူးသဖြင့် ကွန်ပျုတာဂျာနယ် ၊ ပီစီမဂ္ဂဇင်း(ကွန်ပျုတာမဂ္ဂဇင်း) ၊ ပီစီဝါးလ်ဒ် ၊ အင်တာနက် ဂျာနယ်များသည် အွန်လိုင်းပေါ်တွင် မရှိမဖြစ်ရှိနေသင့်ပါသည်။ ဘာကြောင့်လဲဟုမေးစရာရှိပါသည်။ ကွန်ပျုတာနည်းပညာပြန့်ပွားစေချင်လို့ပါ။ ဒါကတော့ မင်းပြောမှလားပေါ့။ သူတို့လည်း နည်းပညာ တိုးတက်စေချင်လို့ စာအုပ်ထုတ်နေတာပဲ။ မှန်ပါသည်။ office ဘယ်လောက်ပဲထုတ်ထုတ် ၊ ဘယ်နှစ်နှစ်သက်တမ်းပဲရှိပါစေ online ပေါ်ရောက်မလာသေးသရွေ့ထိုဂျာနယ် ၊ မဂ္ဂဇင်းများသည် အိုင်တီခေတ်၏ ပြယုဂ်များ မဖြစ်နိုင်သေးပေ။ ထုတ်ဝေသူများဘက်မှဆင်ခြေပေးစရာများစွာရှိနေနိုင်သော်လည်း ကျွန်တော်တို့စာဖက်သူများဘက်ကတော့ဖြစ်စေချင်လှပါပြီ။
အင်တာနက်ဂျာနယ် online ပေါ်ရောက်ခဲ့ဖူးပါသည်။ သို့သော်လည်း ဂျာနယ်ထွက်ပြီး အတော်ကြာမှတင်သည်။ မထူးပါ offline ကပို၍မြန်နေသည်။ ယခုမူ www.planet.com.m/internetjournal ဟု ရိုက်ထည့်လိုက်လျှင် planet ၏ new page ကိုသာ ရောက်သွားပါသည်။ internet ဂျာနယ်ကြီး ဘယ်ရောက်သွားပါသနည်း။
ဤနေရာတွင် eleven media group ၏ website(www.11mediagroup.com)နှင့် နှိုင်းယှဉ်ပြောလိုပါသည်။ ထို website တွင် weekly eleven , first eleven စသည်ဂျာနယ်များကို တင်ပေးထားပါသည်။ offline မှာ ဒီနေ့ထွက် ၊ ဒီနေ့ online ပေါ်ရောက်နေပါပြီ။ online ပေါ်တင်ထားလို့ offline မှာရောင်းအားကျသွားမည်လားဟု ထုတ်ဝေသူများဘက်မှစဉ်းစားလိုပါက လုံးဝမကျနိုင်ကြောင်းကျွန်တော်အာမခံရဲပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်နေ့တစ်နေ့ online ပေါ်တက်နေသောသူအရေအတွက်သည် တတိုင်းပြည်လုံးရှိလူဦးရေနှင့်စာလျှင် မပြောပလောက်ပါ။ ဒုတိယအချက်အနေဖြင့် online ပေါ်တွင် ဘယ်လောက်ဖက်ရဖက်ရ ဂျာနယ်လေးကို လက်ကကိုင်ပြီး ဖက်ရတာနဲ့ အရသာချင်း မလဲနိုင်ပါ။ ကျွန်တော့်နည်းတူ အားလုံးလည်းကျွန်တော်ကဲ့သို့မြင်သည်ဟု ထင်ပါသည်။
ကွန်ပျုတာဂျာနယ်၊ ပီစီမဂ္ဂဇင်း၊ ပီစီဝါးလ် မဂ္ဂဇင်းများသည်လည်း www.pcworld.com , www.pcmag.com လိုလုပ်ဆောင်သင့်ပါသည်။ ထုတ်ဝေပြီးခဲ့သမျှ issue တွေထဲကနေ subject လေးတွေခွဲပေးထာမယ်။ ဥပမာ ကွန်ပျုတာသတင်း ၊ ကွန်ပျုတာသင်ခန်းစာ စသည်ဖြင့်ပေါ့။ ပြီးတော့ searching ပါသင့်တယ်။ ကျောင်းသား ၊ ကျောင်းသူ တစ်ယောက်က Reference တစ်ခုခုလုပ်ချင်တဲ့အခါမျိုး ၊ ဒါမှမဟုတ် အဟောင်းတွေပြန်ဖက်ချင်တာမျိုး ဖြစ်လာတဲ့အခါ မဂ္ဂဇင်းစာအုပ်တွေ တပုံကြီးကို ကိုင်မွှေရမယ့်အစား keyboard နဲ့ mouse ကိုသာသုံးပြီး ရှာနိုင်ရင်ဘယ်လောက်ကောင်းမလဲ။ အင်တာနက်မှာ သိချင်တာတွေမှန်သမျှ ရှာလို့ရတယ်ဆိုပေမယ့်မြန်မာလိုရေးထားတာတွေလောက်တော့ ဘယ်အင်္ဂလိပ်စာကမှ ခံတွင်းမတွေ့စေနိုင်ပါဘူး။
ကျွန်တော်ပြောတာ pdf ဖိုင်တွေတင်ပေးဖို့ပြောတာမဟုတ်ပါဘူး။ ရိုးရိုး webpage တွေသာတင်ရုံနဲ့ကို customer တွေကျေနပ်ကြမှာပါ။ issue တွေအားလုံးဟာ ကွန်ပျုတာနဲ့ စာစီထားခဲ့တာပဲမဟုက်လား။ သိပ်အကြာကြီးမဟုတ်လောက်ပါဘူး။ ခင်ဗျားတို့မအားဘူးဆိုရင်လည်း ကျွန်တော်တို့လုပ်ချင်ပါတယ်။ အလကားနူန်းနဲ့ပေါ့။ တကယ်ပြောတာပါ။
'နေရာတိုင်း computerized ဖြစ်မှ computer ခေတ်ကိုရောက်တာပါ'

March 20, 2008
ကြိုးစားလိုက်ရအောင်
စာဖတ်သူတွေကို ဟိုဆော့ဖ်ဝဲကောင်းတယ်၊ ဒီဝက်ဆိုက်ကောင်းတယ် စသည်ဖြင့် သိပ်မညွှန်းချင်ဘူးဗျ။ ဘာကြောင့်လို့ဆိုတော့ ကောင်းတဲ့ program တွေကလည်း အများကြီး၊ ကောင်းတဲ့ Website တွေကလည်း အများကြီး။ လိုက်သုံးလို့ ဆုံးမှာမဟုတ်တော့ဘူး။ ပြီးတော့ အဲဒါတွေ လိုက်သုံး၊ လိုက်ကြည့်နေရင် ကိုယ်က user အဆင့်က တတ်မှာမဟုတ်တော့ဘူး။ (တကယ်အကျိုးရှိမဲ့အရာတွေကိုတော့ ကျွန်တော်ညွှန်းပါသည်) ကျွန်တော်တို့တွေ normal user၊ advanvced user အဆင့်နဲ့တင် တန့်နေလို့ မဖြစ်ဘူး။ developer တွေဖြစ်အောင် ကြိုးစားရမှာ။ သူများတွေ (နိုင်ငံခြားကလူတွေ) ဖန်တီးထားတာကို အားကျနေမဲ့အစား ငါတို့လည်း သူတို့လို ဘာကြောင့်မလုပ်နိုင်ရမှာလဲဆိုတဲ့ စိတ်ကလေးထားပြီး ကြိုးစားသင့်တယ်လို့ ကျွန်တော်မြင်တာပဲ။ ဟိုစပ်စပ်၊ ဒီစပ်စပ်လုပ်မနေပဲ တစ်လိုင်းလိုင်းကိုပဲ အပြင်းအထန်လိုက်၊ ကြိုးစား လေ့လာနေရမှာ။ ကွန်ပျူတာနဲ့ပတ်သတ်တာတွေက အကုန်လုံး စိတ်ဝင်စားစရာတွေချည်းပဲမဟုတ်လား။ အဲဒါပဲ..အကုန်လုံးက စိတ်ဝင်စားစရာကောင်းပေမဲ့ အကုန်လိုက်ပြီး မလေ့လာပါနဲ့။ ဆုံးမှာမဟုတ်ဘူး..လုံးဝဆုံးမှာမဟုတ်ဘူး။ တစ်ခုတည်းကိုပဲ ရွေးပါ။ networking လား၊ programming လား၊ database လား၊ web လား..ကိုယ်ဘာကိုစိတ်ဝင်စားသလဲ၊ ဘယ်ဟာကိုရွေးရင် ဖြစ်ထွန်းနိုင်သလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးပါ။ ပြီးရင် စလုပ်လိုက်ပါတော့။
March 18, 2008
Copyright ကို မထောက်ခံပါ
Copyright တွေကိုတော့ အားနာပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ အခုထက်ထိ Copyright law မရှိသေးတော့ Priate Software တွေကို အားရပါ;ရ သုံးကောင်းနေတုန်းပဲရှိပါသေးတယ်။ ဒေါ်လာ ၂၉၉ ဒေါ်လာတန်တဲ့ Windows Vista ကိုလည်း မြန်မာငွေ ၁၀၀၀ လောက်နဲ့ရ၊ Photoshop CS3 ဆိုလည်း နိုင်ငံခြားကလူတွေတောင် သုံးနိုင်ဦးမယ်မထင်သေးဘူး၊ ကျွန်တော်တို့က သုံးနိုင်နေပြီ။ ဒီကြားထဲ ဒီ software လေးကောင်းတယ်ကွ၊ ယူသွားပါလားဆိုပြီး share သမားတွေလည်း အများကြီး။ အဲဒါကြောင့်ပြောတာ။ မြန်မာပြည်ဟာ ကွန်ပျူတာသမားတွေအတွက် အကောင်းဆုံးနိုင်ငံပါဆို။ တကယ်ပြောတာပါ။ ကျွန်တော်တို့မှာ ငွေအနည်းငယ်နဲ့ ဒေါ်လာရာပေါင်းများစွာတန်တဲ့ software တွေကိုသုံးနိုင်တယ်။ Ebook တွေလည်း ဖတ်စမ်းပါလိမ့်။ နည်းပညာစာအုပ်တွေကိုလည်း re-print တွေလုပ်ကြ၊ ဈေးချိုချိုနဲ့ရောင်းကြ။ ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ တချို့က မြန်မာပြည် copyright မရှိဘူး ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ ပြောနေကြတာ။ တကယ်တမ်းသာ copyright law ရှိကြည့်ပါလား။ ကျွန်တော်တို့ရဲ့ လက်ရှိဝင်ငွေလေးတွေနဲ့ အခု သုံးနေတဲ့ Software တွေကို အနားတောင်သီနိုင်မှာမဟုတ်ဘူး။ copyright သမားများခင်ဗျား..လောလောဆယ် မြန်မာပြည်သူတွေရဲ့ တစ်ယောက်ချင်းစီ ပျှမ်းမျှဝင်ငွေကို လေ့လာတွက်ချက်ပြီးမှ copyright အကြောင်း ပြောပါခင်ဗျား။
March 14, 2008
Blog Post များကို Copy ကူးခြင်းကိစ္စ
တလောက ကွန်ပျူတာသမားတစ်ယောက်ရဲ့ ဘလော့ခ်ဖတ်ရင်း သူ့ရေးထားတဲ့ ပို့စ်တွေကို ကော်ပီကူးတာတွေတွေ့ရကြောင်း၊ တချို့ဆို သူ့ဘလော့ခ်ရဲ့ link တောင် မပါကြောင်း၊ အနည်းအကျဉ်းမှာ link ပါသော်လည်း သူ့ဆီက ခွင့်ပြုချက်တောင်းမထားကြောင်း ဘာဖြစ်တယ်၊ ညာဖြစ်တယ်နဲ့ ပြောထားပါတယ်။ အဲဒီ ဘလော့ခ်လေး ဖတ်ပြီးလို့ တစ်ရက်နှစ်ရက်ပဲ ရှိပါသေးတယ်၊ ၁၁.၃.၀၇ ထုတ် အင်တာနက်ဂျာနယ်မှာ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာရေးထားတဲ့ Firefox သုံးသူတွေ သတိထားရမယ့်အချက် ဆိုတာကို Mozilla Firefox သုံးသူတွေ သတိပြုရန်ဆိုပြီး ဆောင်းပါးတိုလေး ပါလာတာကိုတွေ့ရပါတယ်။ ကျွန်တော်ရေးထားတဲ့စာသားတွေကိုပဲ ပြန်ရေးပြီး နောက်မှာ ကွန်ပျူတာပညာရှင်တစ်ဦးက ပြောကြားသည်လို့ ထည့်လိုက်ပါတယ်။ ကျွန်တော့်ဆီက ခွင့်ပြုချက်လည်း မတောင်းဘူး..ဗျဲ...၊
ကဲဗျာ..ကောင်းသလား။ ဟဲ..ဟဲ ကောင်းပါတယ်။ ကျွန်တော်ဘလော့ခ်မှာ ရေးထားတဲ့ အကြောင်းအရာတွေကို မည်သူမဆို လွတ်လပ်စွာ ကိုးကား၊ ကူးယူ၊ ဖြန့်ချိ နိုင်ပါတယ်။ လူတွေ အသိပညာရစေချင်လို့ ရေးတာပါ။ ပြန်ကူးတဲ့သူတွေအနေနဲ့ ကျွန်တော့်နာမည် ထည့်ထည့် မထည့်ထည့် ခွင့်ပြုချက်တောင်းတောင်း မတောင်းတောင်း အရေးမကြီးပါဘူးခင်ဗျား...
တစ်ခုတော့သတိပြုပါဦး။ ကျွန်တော့်ရဲ့ ဒီဘလော့ခ်မှာ ရေးထားတဲ့ တချို့အကြောင်းအရာတွေက တခြားblog တွေဆီကနေ ကူးယူဖော်ပြထားခြင်း ဖြစ်ပါတယ်။ Post From.... ဆိုပြီး link ထည့်ထားတဲ့ post တွေကို ပြောတာပါ။ အဲဒါတွေကို copy လုပ်ရမရကတော့ ကျွန်တော်နဲ့မဆိုင်ပါဘူး။ မူရင်း blogger ကိုပဲ ဆက်သွယ်ပါ။ မူရင်း blogger တွေအနေနဲ့လည်း ခင်ဗျားတို့ရဲ့ တချို့ post တွေ ဒီ blog ထဲ ရောက်နေတာကို မကြိုက်ရင် email ပို့ပြီး ပိတ်ပင်နိုင်ပါကြောင်း.....

March 2, 2008
Myanglish ကိုသဘောမကျပါ
Myanglish ကို အသုံးပြုသူ များပြားလွန်းပါသည်။ မိမိပြောချင်သော မြန်မာစကားမှန်သမျှကို English လို အကုန်လုံး ပြောနိုင်တဲ့သူ ရှားပါလိမ့်မည်။ သို့သော်လည်း မပြောတတ်ဘူးဆိုပြီး မပြောဘဲနေလျှင်လည်း ဘယ်တော့မှ ပြောတတ်မှမဟုတ်ပါဘူး။ Chatting ထိုင်ခြင်းသည် အချိန်ဖြူန်းဖို့မဟုတ်ပါ။ ဘယ်အကြောင်းအရာကို ပြောသည်ဖြစ်ပါစေ၊ ကိုယ်က အင်္ဂလိပ်ကို ကြိုးစားပြီး ရိုက်မယ်ဆိုရင် ကိုယ့်အတွက်လည်း အကျိုးရှိမယ်၊ ငွေကုန်ခံရကျိုး၊ အချိန်ကုန်ခံရကျိုး နပ်တယ်။ အင်္ဂလိပ်စာ မတိုးတက်တော့ ဘာဖြစ်လဲကွာဟု ပြောသူကလည်း ပြောကြပါသည်။ ဟုတ်ကဲ့..ဒီခေတ်ကြီးမှာ အင်္ဂလိပ်စာမကျွမ်းကျင်ရင်တော့......။
ကျွန်တော် Gtalk ကို တခါတလေ ပြောပါသည်။ ကျွန်တော်ဝင်လာပြီဆိုရင် လှမ်းနှုတ်ဆတ်ကြ၊ မေးခွန်းလေးတွေ မေးကြ လုပ်ကြပါသည်။ အဲဒီမှာ Myanglish နဲ့ လာပြောတဲ့သူဆိုရင် ကျွန်တော်က English လိုပြောပေးပါ လို့ request လုပ်ပါတယ်။ ဘယ်လိုမှ မရနိုင်တဲ့စကားလုံးကိုမှ Myanglish သုံးပေါ့။ ပြီးတော့ ကျွန်တော်က myanglish မဖတ်တတ်ပါဘူး။ ဖတ်လဲမဖတ်ချင်ပါဘူး။ ကျွန်တော် အင်္ဂလိပ်စာကိုမှ အထင်ကြီးတာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လူငယ်တွေပါ။ ပညာတွေ ဆက်လေ့လာကြရဦးမှာပါ။ ဘယ်ပညာရပ်နေနေ အင်္ဂလိပ်စာနဲ့ လွတ်ကင်းနိုင်တာမရှိပါဘူး။ အထူးသဖြင့် ကွန်ပျူတာစာအုပ်တွေဆိုရင် မြန်မာလိုထွက်တာက နည်းနည်းပါ၊ တကယ်ကောင်းတဲ့စာအုပ်တွေကျ အင်္ဂလိပ်လိုရေးထားတာပဲမဟုတ်လား။
Online ပေါ်မှာ e ကောင်းတဲ့သူတွေလည်း တော်တော်များများရှိပါတယ်။ သူတို့ပြောတာဆိုတာကိုလည်း အတုယူပါ။ ကိုယ်မသိတဲ့ words တွေပါလာပြီဆိုရင် မေးပါ။ သူငယ်ချင်း အချင်းချင်းလည်း အပြန်အလှန် လေ့ကျင့်ကြပါ။ Myanglish ကို တတ်နိုင်သမျှ မသုံးမိပါစေနဲ့။
ကျွန်တော်တို့က ငါတို့နိုင်ငံမတိုးတက်ဘူးလို့ ပြောနေကြပါသည်။ ကျွန်တော်တို့ကရော တိုင်းပြည်တိုးတက် အောင် ဘာတွေများ လုပ်ပေးနေကြသလဲ။
ကျွန်တော်တို့ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုမှာ နေထိုင်နေကြတာပါ။ တိုင်းပြည်က ကိုယ့်ကိုဘာလုပ်ပေးနိုင်သလဲ ဆိုတာထက် ကိုယ်က တိုင်းပြည်အတွက် ဘာလုပ်ပေးနိုင်သလဲ ဆိုတာကိုသာ စဉ်းစားပါ။ NGO တစ်ခုမှာ Volunteer အနေနဲ့ပဲလုပ်မလား၊ ကလေးတွေကိုပဲ စာသင်ပေးဦးမလား စသည်ဖြင့် အစိုးရနဲ့ မဆက်ဆံဘဲ တဖက်တလမ်းမှ လုပ်ပေးနိုင်တာတွေ အများကြီးရှိပါတယ်။

December 6, 2007
ဘာဆက်လုပ်ကြမှာလဲ
မနေ့က မုံရွာကသူငယ်ချင်းတွေရောက်နေတယ်ဆိုလို့ သွားတွေ့တယ်။ ဘာလာလုပ်ကြတာလဲလို့မေးတော့ သင်တန်းလာတက်ကြတာတဲ့။ ဘာသင်တန်းတက်ကြမှာလဲလို့မေးတာ့ ဘာတက်ရမှန်းလည်းမသိဘူးကွာ.. မင်းပဲ ကြည့်လုပ်ပေးတဲ့။ ဟောဗျာ..ကိုယ်စိတ်ဝင်စားတာပဲ ကိုယ်တက်ပေါ့လို့ ပြောတော့ အာ..ကွန်ပျူတာနဲ့ ပတ်သတ်တာကတော့ အကုန်စိတ်ဝင်စားစရာကောင်းတာချည်းပဲကွ တဲ့။ အင်း..သူပြောတာလည်း ဟုတ်တာပဲ။
ကျွန်တော် အခုတစ်လောမှာ ဖြေရှင်းပေးနေရတဲ့ ပြသနာက ဒီပြသနာတွေပါပဲ။ ဘာဆက်လုပ်လို့ လုပ်ရမှန်း မသိဘူးကွာဆိုတဲ့ သူငယ်ချင်းတွေကို ရှင်းပြပေးရ၊ လိုက်ပို့ပေးရ စတာတွေပေါ့။ အခု ဒီဘလော့ဂ်လေးကို ဖတ်နေတဲ့သူတွေထဲမှာလည်း အဲဒီလို ကွန်ပျူတာနဲ့ပတ်သတ်ပြီး ဘာဆက်လုပ်ရမှန်းမသိသေးတဲ့သူတွေအတွက် ကျွန်တော့်အမြင်လေးတွေကို ရှယ်ယာလုပ်လိုက်ပါပြီ။
အဓိကကတော့ ကိုယ့်ဝါဿနာပါ။ ကိုယ့်ကိုယ်ကိုမေးကြည့်ပေါ့ ကိုယ်ဘာဝါဿနာပါလဲ။ A+ လား၊ Network လား၊ Software ရေးတဲ့အပိုင်းလား၊ Web Developer လုပ်ချင်တာလား၊ ဒါမှမဟုတ် Graphic Designer လား၊ Animation ပိုင်း စိတ်ဝင်စားသလား၊ Database ပိုင်း လုပ်ချင်တာလား၊ Audio ပိုင်း လုပ်ချင်သလား၊ Video Editing ပိုင်း လုပ်မှာလားပေါ့။ အများကြီးပဲရှိပါတယ်။ ကိုယ့်ကိုယ်ကို ဘာဝါသနာပါမှန်း မသိရင် ကိုယ်အမြဲတမ်းလုပ်ဖြစ်နေတဲ့အရာ ပြီးတော့ အဲဒီဟာလေးလုပ်နေရတဲ့အချိန်မှာ ထမင်းမေ့ဟင်းမေ့ ဖြစ်သွားတဲ့အလုပ်က ကိုယ်တကယ်စိတ်ဝင်စားတဲ့အလုပ်ပေါ့။
သူငယ်ချင်းက ဟေ့ကောင် ဒီသင်တန်းကောင်းတယ်။ ဟိုမှာ လစာဘယ်လောက်ရတယ် လို့ပြောလည်း မမက်မောပါနဲ့။ ရှင်းရှင်းပြောရရင် လစာမက်ပြီး မလုပ်ပါနဲ့။ ကိုယ်တကယ်ဖြစ်ချင်တာကိုပဲ ရွေးပါ။ ပညာကို ခုတုံးလုပ်ပြီး ငွေရှာတယ်ဆိုတာရှက်စရာကောင်းပါတယ်။ ကိုယ်ကသာ တကယ်တော်နေရင် အဲဒီငွေတွေက ကိုယ့်ဆီ အလိုလိုရောက်လာမှာပါ။
နောက်တစ်ခုရွေးရမှာက Local အတွက်လား၊ Global အတွက်လား။ နိုင်ငံခြားမှာဆိုရင်တော့ Programmer တွေ Web Developer တွေ Network Engineer တွေက အလုပ်အကိုင်ပေါပါတယ်။ ကိုယ်က တကယ်တတ်ထားဖို့လည်း လိုတဲ့အပြင် International Level Certificate တစ်ခုရထားရမယ်။ ပြီးတော့ e ကောင်းရမယ်။
နောက်တစ်ခုကဇွဲပါ။ အရေးကြီးပါတယ်။ တစ်ခုခုကို ရွေးချယ်ပြီးသွားပြီဆိုရင် အဲဒါကိုပဲ ဇောက်ချလုပ်ရမှာပါ။ ကိုယ်က Animation လုပ်နေတယ်၊ networking ကို သွားစိတ်မ၀င်စားနဲ့။ ကိုယ်လိုင်းမဟုတ်ရင် ကိုယ်နဲ့ဘာမှမဆိုင်သလို နေတတ်ရပါတယ်။ ကိုယ့်ကွန်ပျူတာမှာ တင်ထားတဲ့ software ကအစ Animation software မဟုတ်ရင် ဖြုတ်ပစ်လိုက်။ အဲသည်လိုကို စိတ်ပြတ်နိုင်ရမှာပါ။ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ပြောဖူးသလိုပေါ့။ ကွန်ပျူတာပညာရပ်တစ်ခုစီဟာ မြင်းတစ်ကောင်စီနဲ့ တူတယ်တဲ့။ အဲဒီတော့ တစ်ချိန်တည်းမှာ မြင်းတစ်ကောင်တည်းပဲစီးတဲ့။ နှစ်ကောင်စီးရင်တော့ ပေါင်ကားပြီး သေမှာတဲ့။
နောက်တစ်ခုကတော့ ကိုယ်တိုင်လေ့လာအားထုတ်လိုစိတ်ရှိမှုပါ။ သင်တန်းတွေမှာ သင်ပေးလိုက်တာနဲ့ လုံးဝ လုံးဝ မလုံလောက်ပါဘူး။ ကိုယ်တိုင် ဆက်ပြီးလေ့လာရမှာပါ။ စာအုပ်တွေဖတ်ရမယ်။ စီဒီခွေတွေ ၀ယ်ရမယ်။ အင်တာနက်သုံးရမယ်။ ကိုယ်တတ်ထားတဲ့နည်းပညာနဲ့ အဆက်မပြတ်အောင် အမြဲကြည့်နေရပါမယ်။ ပြီးတော့ ကိုယ်သင်တန်းတတ်တဲ့ဆီကနေပေးလိုက်တဲ့ ပညာကို အသုံးချနိုင်မယ့် နေရာကိုရှာပါ။ ဥပမာ A+ သင်တန်းတက်ပြီးသားဆိုရင် Service Center တစ်ခုမှာ ၀င်လုပ်တာမျိုးပေါ့။
နည်းနည်းရှည်သွားပြီဗျာ..ဆက်ရေးစေချင်ကြရင်တော့ နောက်မှ ဆက်ရေးပါ့မယ်။

Subscribe to:
Posts (Atom)