Showing posts with label Graphic. Show all posts
Showing posts with label Graphic. Show all posts

September 19, 2009

Photo Compressing Techniques

တစ်ရက်က သူငယ်ချင်းတစ်ယောက်က Gmail မှာ ပုံတွေကို attachment လုပ်ပြီး ပို့နေတာကို မေးလ်က မထွက်နိုင်ဘဲ ဖြစ်နေလို့ အတော် ညည်းတွားနေရှာတယ်။ ကော်နက်ရှင်..ကော်နက်ရှင်နဲ့ ပါးစပ်ကလည်း တဖျစ်တောက်တောက် ပြောနေလေရဲ့။

ကျွန်တော်လည်း ဘေးကနေပြီး မနေနိုင်တော့ဘူး။ နေစမ်းပါဦးဟဆိုပြီး သူပို့တဲ့ ပုံတွေရဲ့ File size ကို ကြည့်လိုက်တယ်။ အမယ်လေး တစ်ပုံကို 2.5 MB လောက်တောင် ရှိသဗျ။ သူက ဒီဂျစ်တယ် ကင်မရာနဲ့ ရိုက်ထားတဲ့ပုံတွေကို ဒီအတိုင်းပို့နေတာတဲ့လေ။ အေး မင်းမေးလ်က မထွက်တာတောင်မှ နည်းသေးတယ်။ ပုံတွေကို size လျှော့ဦးလေကွာလို့ ပြောရတယ်။

ပုံတွေရဲ့ File Size ကို လျှော့ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Paint ပဲဗျ။ အဟဲ အံသြသွားလားမသိဘူး။ ဒီလိုပါ။ ကိုယ် size လျှော့ချင်တဲ့ပုံကို Paint နဲ့ ဖွင့်လိုက်ပါ။ ပြီးရင် Paint ရဲ့ Menu ထဲကနေ File>Save ကို ရွေးလိုက်ပါ။ တခြား ဘာမှလုပ်စရာမလိုပါ။ ဒါဆိုရင် file size က အလိုလိုလျော့သွားပါလိမ့်မယ်။ စမ်းသပ်ချက်အရ 2.5MB ရှိတဲ့ ပုံကို Paint နဲ့ လျှော့လိုက်တာ 656 KB ပဲ ရှိပါတော့တယ်။

ပုံတွေရဲ့ အရွယ်အစားကို ချုံ့ချင်တယ်ဆိုရင်တော့ Office တင်ထားတဲ့စက်တိုင်းမှာရှိနေတဲ့ Microsoft Office Picture Manager ကိုသုံးခြင်းပါပဲ။ အများအားဖြင့် Digital Camera နဲ့ရိုက်ထားတဲ့ ပုံတွေရဲ့ Dimension ဟာ အရမ်းကြီးလွန်းနေတတ်ပါတယ်။ ဥပမာ 3264*2176 အထိ ရှိနေနိုင်ပါတယ်။ အဲဒါကို Office Picture Manager နဲ့ Dimension ကို 640*480 အထိ ထားလိုက်ရင် File size က အရမ်းကို သေးသွားပါလိမ့်မယ်။

ချုံ့ချင်တဲ့ပုံကို Office Picture Manager နဲ့ဖွင့်ပါ။ ပြီးရင် Toolbar မှာရှိတဲ့ Edit Pictures ကိုနှိပ်ပါ။ ညာဘက် Panel ကနေ Resize ကိုရွေးပါ။ Predefined Width and Height ကနေ ကိုယ်အဆင်ပြေမယ့်ဟာကို ရွေးပါ။ ပြီးရင် OK နှိပ်ပါ။ ပြီးရင် File>Save ကို နှိပ်လိုက်ပါ။ ဒါဆိုရပါပြီ။

အဆင်ပြေကြပါစေ။

August 29, 2008

အရောင်များနှင့် ပေါင်းသင်းကြည့်ခြင်း

အရောင်တွေ အစိမ်းရောင်၊ အပြာရောင် စတာတွေကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့နေရတယ်။ ကွန်ပျူတာမှာလည်း အရောင်တွေ တွေ့နေရပြန်သေးတယ်။ အရောင်တွေမှာ အားတွေရှိတယ်ဆိုတာ ကျွန်တော် ဖတ်ခဲ့ဖူးပါတယ်။ အရောင်တွေပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ စိတ်တွေ ပြောင်းလဲတတ်တယ်ဆိုတာလည်း ဖတ်ခဲ့ဖူးတယ်။

အ၀ါရောင်ဟာ နာကျင်မှုကို သက်သာစေလို့ ဆေးရုံတွေရဲ့ နံရံမှာ အ၀ါရောင်တွေ သုတ်လိမ်းလေ့ရှိကြပါတယ်။ အနီရောင်ဟာ အမှန်တရားရဲ့ သက်သေဖြစ်လို့ တရားရုံးတွေမှာ အနီရောင်ကို လိမ်းခြယ်ထားတယ်။ ဒါ့အပြင် အနီရောင်ဟာ အရမ်းပေါ်လွင်လို့ သတိပေးဆိုင်းဘုတ်တွေမှာ အနီရောင်ကို သုံးကြပြန်ပါသေးတယ်။ အနက်ရောင်ကတော့ ဗေဒင်ဆရာတွေရဲ့ အခန်းတွေမှာ သုံးကြပါတယ်။ အင်တာနက်မှာဆိုရင် Crack Website တွေဟာ အနက်ရောင် background ကို ခံလေ့ရှိပါတယ်။ Copyright ကို ချိုးဖောက်ထားတဲ့အကြောင်းကို အဲဒီ အနက်ရောင် background ကြီးက သက်သေပြထားသလိုပါပဲ။
ခရမ်းရောင်ကတော့ အလွမ်းရဲ့ သင်္ကေတအရောင်လို့ ရေးကြပါတယ်။ ရွှေရောင်ကတော့ မြင့်မြတ်တဲ့အရောင်၊ ဒါကြောင့် ရှေးဘုရင်တွေရဲ့ အသုံးအဆောင်၊ အ၀တ်အထည်တွေဟော ရွှေရောင်တွေ သုတ်လိမ်းထားတာပေါ့။
ဂရစ်ဖစ်ဒီဇိုင်နာတွေ၊ Web Designer တွေ၊ Application Program’s Interface Designer တွေအနေနဲ့ အရောင်တွေရဲ့အားကို မလေ့လာလို့ မရပါဘူး။ အရောင်တွေတွဲစပ်ပုံကို သိထားရပါမယ်။ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲသင့်သလဲ။ ဘယ်အရောင်ပေါ်မှာ ဘယ်အရောင် မသုံးသင့်ဘူးလဲ။ အဲဒါတွေကို သိထားရပါ့မယ်။ Website တွေဆိုလည်း အရောင်တွဲစပ်ပုံမှန်တဲ့ site တွေဟာ user နဲ့ ပိုပြီး sticky ဖြစ်ပါတယ်။ Program တွေဆိုလည်း Interface လှတဲ့ program တွေကို ကြာရှည်သုံးကြတယ်။ သုံးရတာ စိတ်ချမ်းသာစရာ ပိုကောင်းပါတယ်။

နာမည်ကျော်တဲ့ ဂရစ်ဖစ်ဒီဇိုင်းတွေကို လေ့လာကြည့်ရင် အရောင်တွေ သုံးတတ်လို့ ပိုပြီးလှပတယ်ဆိုတာ သိကြမှာပါ။ ဘာ effect မှ မပါချင်နေပါစေ၊ အရောင်တွဲတတ်ရင်ကို အဲဒီ ဒီဇိုင်းဟာ အတော်လေးကို ကြည့်လို့ ကောင်းနေပါပြီ။ ဂရစ်ဖစ်ဒီဇိုင်းမှာ ကျွမ်းကျင်ဖို့အတွက် အရောင်တွေကို နိုင်ရပါမယ်။ အရောင်တွေ မနိုင်ပဲနဲ့တော့ ဂရစ်ဖစ်ဒီဇိုင်းဆွဲလို့ရတောင်မှ လုံးဝကြည့်ကောင်းမှာ မဟုတ်ပါဘူး။

ကျွန်တော် ဟိုဟိုဒီဒီသွားတဲ့အခါ သတိထားကြည့်မိတာကတော့ လမ်းဘေးက ကြော်ငြာတွေပါပဲ။ သူတို့တွေ ဘယ်အရောင်နဲ့ ဘယ်အရောင်တွဲထားသလဲဆိုတာ ကြည့်တယ်၊ ပြီးရင် စိတ်ထဲမှာ မှတ်ထားလိုက်ပါတယ်။ ကျွန်တော်မှတ်ထားသလောက် ပြောရရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်စာလုံးရေးရင် အရမ်းပေါ်ပါတယ်။ လိုက်ဖက်တယ်။ ဥပမာအနေနဲ့ပြောရင် ပရီမီယာကော်ဖီ ရဲ့ banner တွေကိုပဲ ကြည့်ကြည့်ပါ။ အစိမ်းရောင်ပေါ်မှာကျတော့ အဖြူရောင်က ပေါ်ပါတယ်။ အစိမ်းနဲ့အဖြူဆိုတာ ကျွန်တော်တို့ဆီက လူတွေရဲ့ အမြင်ထဲမှာ လုံးဝလိုက်ဖက်ပြီးသားပါ။ ကျောင်းဝတ်စုံက အစိမ်းနဲ့အဖြူကိုး။

သတိ လမ်းပြင်နေသည်ဆိုတဲ့ ဆိုင်းဘုတ်ကို ရေးတဲ့သူဟာ အနီရောင်ပေါ်မှာ အဖြူစာလုံးနဲ့ပဲ ရေးသင့်ပါတယ်။ တခြားအရောင်တွေသွားသုံးလို့ မရပါဘူး။ အစိုးရဌာနတွေနဲ့ သက်ဆိုင်တာတွေကတော့ သူ့ဌာနနဲ့၊ သူ့အရောင်နဲ့သူ ရှိပြီးသားပါ။ သစ်တောဆိုရင် အစိမ်းရောင်ပေါ်မှာ အဖြူသုံးတယ်၊ မီးရထားဆိုရင် အ၀ါရောင်ပေါ်မှာ အနက်ရောင်သုံးတယ်။ ပညာရေးဆိုရင် အစိမ်းပေါ်မှာ အဖြူသုံးတယ်။ အိုင်တီလောကက လူတွေကတော့ သတ်မှတ်ထားတာမဟုတ်ပေမဲ့ အပြာရောင်ကို အ၀တ်များကြတာကို တွေ့ရပါတယ်။ သာသနာရေးကတော့ အ၀ါရောင်ကို သုံးပါတယ်။

တလောက နာဂစ်နဲ့ပတ်သတ်တဲ့ ဒီဇိုင်းလေးတစ်ခုကို အွန်လိုင်းပေါ်မှာ တွေ့ပါတယ်။ အဲဒီဒီဇိုင်းမှာ ငတ်ပြတ်နေတဲ့ပုံပေါက်နေတဲ့ ကလေးငယ်တွေရဲ့ ပုံကို background အနေနဲ့ ထားထားတယ်။ ပညာပါတာက အဲဒီကလေးငယ်တွေရဲ့ပုံတွေကို အဖြူအမည်းလုပ်ထားတာပါပဲ။ အဲဒါကြောင့် အဲဒီကလေးတွေပုံဟာ ပိုပြီး ခြောက်ကပ်သွားသလို၊ ပိုပြီး သနားစရာကောင်းသွားပါတယ်။

Gmail ဆိုရင်လည်း အပြာရောင်ကို ဦးစားပေးသုံးထားတဲ့အတွက် သုံးရတာ ပိုကောင်းတယ်လို့ ထင်ရပါတယ်။ ကျွန်တော်တို့ အရင်က သုံးခဲ့ဖူးသမျှ Free Mail တွေထဲမှာ Gmail လောက် Interface ကောင်းတာမျိုး လုံးဝမရှိခဲ့ဘူးပါဘူး။ ဒါကိုတော့ Free Mail သုံးသူတိုင်း ၀န်ခံကြမှာပါ။ Gmail မှာ သာလွန်တာက အပြာရောင်ရယ်၊ Arial Font ကို သုံးထားတယ်ရယ်၊ design ကလည်း ရှင်းလင်းတာကြောင့်ရယ်ပါ။

XP ကနေ Vista ကို ပြောင်းသုံးချင်တဲ့ လူတစ်ယောက်ကိုမေးကြည့်ပါ။ Vista ရဲ့ တခြားစွမ်းဆောင်ရည်တွေကို သိလို့ထက် Vista က ပိုလှလို့ သုံးချင်တာလို့ ဖြေကြမှာ မလွဲပါပဲ။ Vista က အနက်ရောင်ကို ဦးစားပေးထားတဲ့အတွက် သုံးရတာ လုံခြုံမှုရှိသယောင် ခံစားရလို့ပါပဲ။

အရောင်သီအိုရီအကြောင်း ဆက်လက်ရေးသားပါဦးမည်။

ကိုသူရိန်