October 27, 2012
Myanmar Lottery Android App
ဆော့ဖ်ဝဲလ်နာမည်က Myanmar Lottery ဆိုပြီး ပေးထားပါတယ်။ Version 1.0 ဖြစ်ပါတယ်။ Android OS version 2.2 နှင့်အထက် တင်ထားတဲ့ စမတ်ဖုန်း မှန်သမျှမှာ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။
ဆော့ဖ်ဝဲလ် လုပ်ပေးနိုင်တဲ့အပိုင်းက ကိုယ်ကံစမ်းထားတဲ့ ထီလတ်မှတ် ပေါက်မပေါက်ကို စစ်ဆေးပေးနိုင်ပါတယ်။ အွန်လိုင်းနဲ့ တိုက်စစ်တာမို့ ကိုယ့်ဖုန်းဟာ အင်တာနက်ချိတ်ထားဖို့တော့ လိုပါတယ်။ အကြိမ် (၂၇၄) ကြိမ်ကနေ စပြီး တိုက်စစ်နိုင်ပါတယ်။ နောက်ပြီး ဒီဆော့ဖ်ဝဲလ်မှာ ထီပေါက်စဉ်ကိုပါ ကြည့်နိုင်ပါတယ်။ ယခုလရဲ့ ထီပေါက်စဉ်ကို ထီဖွင့်တဲ့ရက် ညနေပိုင်းလောက်ဆိုရင် ကြည့်နိုင်ပါပြီ။
October 6, 2012
Embed Images in HTML with Base64 Encoding
HTML မှာ ပုံတွေထည့်ရင် ပုံမှန်အားဖြင့် img tag ထဲမှာ src ဆိုပြီး ပုံရဲ့ တည်နေရာကို ညွှန်းကြပါတယ်။ ဥပမာအားဖြင့်
<img src="images/logo.png"/>
အဲဒီနည်းလမ်းအစား နည်းနည်းလေးပိုပြီးထူးတဲ့ နည်းလမ်းတစ်ခုနဲ့ ပုံတွေကို HTML စာမျက်နှာထဲမှာ တစ်ပါတည်း ပေါင်းထည့်လို့ ရပါတယ်။ သဘောတရားကတော့ Base64 Encoding ကိုအသုံးချပြီး ပုံကို စာသားအဖြစ် Encode လုပ်ပြီး ပြောင်းလဲပါ့မယ်။ ရရှိလာတဲ့ စာသား(String)ဟာ ပုံကို အခြေခံပြီး ဖြစ်ပေါ်လာတဲ့ စာသားတွေ ဖြစ်ပါတယ်။ အဲဒီစာသားကို Decode ပြန်လုပ်လိုက်ရင် မူလပုံအတိုင်း ပြန်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ HTML စာမျက်နှာထဲမှာ အရင်လို ပုံရဲ့ တည်နေရာကို မညွှန်းတော့ပဲ အဲဒီစာသားတွေကို တစ်ခါတည်း ပေါင်းထည့်မှာဖြစ်ပါတယ်။ ပုံဆိုတာ မရှိတော့ဘူးပေါ့။ Webpage မှာ ပုံကနေပြောင်းထားတဲ့ စာသားတွေပဲ ပါပါတယ်။ အဲဒီစာသားတွေကို ပုံအဖြစ် ပြန်ပြောင်းပြီး ပြသမှာပါ။
နှစ်သက်ရာပုံကို Base64 Encoding နဲ့ Encode လုပ်နိုင်ဖို့အတွက် http://www.opinionatedgeek.com/dotnet/tools/base64encode/ ကိုသွားပါ။ နှစ်သက်ရာပုံကို Upload လုပ်ပါ။ အဲဒီအခါ အဲဒီပုံကို Encode လုပ်လို့ ရရှိလာတဲ့ စာသားတွေကို သူက ထုတ်ပေးပါလိမ့်မယ်။ အဲဒီစာသားတွေကို Copy ကူးထားပါ။ ကျွန်တော်ကတော့ မြန်မာနိုင်ငံအလံပုံကို Upload လုပ်ကြည့်ပါတယ်။ အဲဒီအခါ သူက အောက်ပါ စာသားတွေ ထုတ်ပေးပါတယ်။
ရပါပြီ။ Notepad ကိုဖွင့်ပြီး အောက်ပါအတိုင်း ရိုက်ထည့်လိုက်ပါ။
<html>
<body>
</body>
</html>
Insert Your Code Here ဆိုတဲ့နေရာမှာ အစောက Encode လုပ်လို့ရလာတဲ့ String တွေကို ထည့်ပေးလိုက်ပါ။ ပြီးရင် HTML ဖိုင်အနေနဲ့ သိမ်းလိုက်ပါ။ Browser တစ်ခုခုနဲ့ အဲဒီ HTML ဖိုင်ကို ဖွင့်ကြည့်လိုက်ပါ။ မြန်မာနိုင်ငံအလံပုံ ပေါ်နေတောတွေ့ရပါလိမ့်မယ်။ လုံခြုံရေးပိုင်း ဆိုင်ရာ လိုအပ်တဲ့ပုံတွေအတွက်လည်း အခုလိုနည်းလမ်းနဲ့ ကွန်ပျူတာထဲမှာ သိမ်းလို့ရပါတယ်။ ပုံတွေမသိမ်းဘဲ အခုလို string တွေချည်းပဲ သိမ်းထားမယ်ပေါ့။ လိုအပ်မှာ Decode ပြန်လုပ်ပြီး ပုံကို ပြန်ဖော်ကြည့်တာမျိုးတွေ စသည်ဖြင့် ဥာဏ် ရှိသလို အသုံးချနိုင်ပါလိမ့်မယ်။ အဆင်ပြေကြပါစေ။
January 27, 2010
Kaspersky ၀ယ်ပြီးတဲ့အခါ
Kaspersky ခွေ ၀ယ်ပြီးတဲ့အခါမှာ (သို့မဟုတ်) Acer Laptop ၀ယ်လို့ Kaspersky ခွေ ရလာပြီးတဲ့အခါမှာ ခွေထဲမှာပါလာတဲ့ serial number ကိုသုံးပြီး
http://www.thaikaspersky.com/2010eng/register_product.html
မှာ register လုပ်ပါ။ အဲဒီအခါမှာ Activation code ရလာပါလိမ့်မယ်။ အဲဒီ Activation code ကနေ Key file ထုတ်လို့ ရပါတယ်။ Key file ထုတ်ဖို့အတွက်
http://support.kaspersky.com/personalcabinet ကိုသွားပါ။ Customer ID အသစ်တစ်ခု လုပ်ပါ။ Customer ID ရပြီးသွားရင် login ၀င်ပါ။ အဲဒီအခါမှာ activation code ထည့်ပေးလိုက်ရုံနဲ့ Key file ကို download လုပ်နိုင်မှာဖြစ်ပါတယ်။
Core i7 အကြောင်း သိကောင်းစရာ
တစ်နေ့က မန္တလေးသွားပြီး အင်းဝကွန်ပျူတာဆိုင်မှာ ကွန်ပျူတာတွေ သွားဝယ်ပါတယ်။ ပစ္စည်းတွေ ၀ယ်နေရင်းနဲ့ လူတစ်ယောက်ရောက်လာပါတယ်။ သူက ဆိုင်က ၀န်ထမ်းတွေနဲ့ ရင်းနှီးပုံ ရပါတယ်။ စကားတွေ တဖွာဖွာပြောနေလေရဲ့။ သူပြောတဲ့စကားတွေထဲမှာ ကျွန်တော် ပြုံးမိတာလေး တစ်ခုပါတယ်။ သူက အခု အရင်လိုကွန်ပျူတာတွေ ၀ယ်မပေးတော့တဲ့အကြောင်း၊ Video Edit လိုင်းဘက် လုပ်နေတဲ့ အကြောင်းကို ပြောနေပါတယ်။ ကွန်ပျူတာတွေက အရင်လိုလည်းမဟုတ်တော့ဘူး၊ 775 တင်လည်း မကတော့ဘူး၊ နောက်ထပ်လည်း ဘာတွေထွက်မှန်းမသိတော့ စက်ဝယ်ပေးရတာ တော်တော်လေး ခေါင်းစားရတယ်လို့ ပြောပါတယ်။ ကျွန်တော်က အဲဒါကို ပြုံးမိတာပါ။ ဟုတ်ပါတယ်၊ သူပြောသလိုမျိုးပဲ၊ အခုအချိန်မှာ ပီစီတစ်လုံး ဆင်မယ်ဆိုရင် ရွေးစရာတွေက အများကြီးဖြစ်နေတာကိုး။
CPU ထဲက ကြည့်မယ်ဆိုရင် လောလောဆယ် ဈေးကွက်ထဲမှာ Socket 775 သုံးတာရယ်၊ Socket 1156 သုံးတဲ့ CPU ရယ်၊ ပြီးတော့ Socket 1366 သုံးတဲ့ CPU ရယ်ဆိုပြီး CPU သုံးမျိုး ရှိပါတယ်။ Pentium Dual Core, Core2 Duo နဲ့ Core2Quad တို့ဟာ Socket 775 ကို အသုံးပြုပါတယ်။ အခု နောက်ထွက်လာတဲ့ CPU တွေကတော့ Socket 1366 သုံးတာလည်း ရှိပါတယ်။ Socket 1156 သုံးထားတာလည်း ရှိပါတယ်။
Core i7
Socket 1366 ကိုသုံးထားတဲ့ i7 Bloomfield ရှိပါတယ်။ Socket 1156 ကိုသုံးထားတဲ့ i7 Lynnfield လည်း ရှိပါတယ်။ ဒါကြောင့် ဘယ် i7 ကိုသုံးရမှာလည်းဆိုတာက ရွေးချယ်စရာတစ်ခု ဖြစ်နေပါတယ်။ Bloomfield ကို သုံးမလား၊ Lynnfield ကို သုံးမလားပေါ့။ သေချာတာကတော့ Lynnfield ဟာ Bloomfield လောက်တော့ စွမ်းဆောင်ရည် မမြင့်ပါဘူး။
i7 မှာ Core လေးခု ပါပါတယ်။ Core2Quad နဲ့ တူပါတယ်။ သို့ပေမယ့် မတူတာက HyperThreading ပါတဲ့ အတွက် နောက်ထပ် Virtual Core လေးခု ထပ်ရပါလိမ့်မယ်။ ဒါကြောင့် i7 ဟာ Core ရှစ်ခု ပါတဲ့ ပုံစံ ဖြစ်သွားပါတယ်။ ပြီးတော့ i7 ကစပြီး အရင် CPU တွေတုန်းမှာပါခဲ့တဲ့ FSB (Front Side Bus) ဆိုတာ မပါတော့ ပါဘူး။ FSB အစား QPI (Quick Path Interconnect) ဆိုတာ ပါလာပါတယ်။ FSB ဘာကြောင့် ပျောက်သွားတာလည်း ဆိုတော့ i7 မှာ Memory Controller ဟာ Chiptset ထဲမှာ မရှိတော့ပဲ CPU ထဲကို ရောက်သွားတာမို့ပါ။ ဒါကြောင့် i7 CPU ရဲ့ ဘူးခွံမှာ အရင် CPU တွေတုန်းက FSB က ဘယ်လောက် MHz ရှိပါတယ်လို့ ရေးထားတာကို တွေ့ရတော့မှာ မဟုတ်ပါဘူး။ စကားမစပ် i7 ရဲ့ QPI Speed ဟာ 25.6 GB/s ရှိပါတယ်။
i7 ရဲ့ ဘူးခွံမှာ Intel က ဦးစားပေး ရေးထားတာက Number of Threads ရယ် Frequency ရယ်ပါ။ Threads ဆိုတာကို တချို့ မကြားဖူးသေးရင်း ရှင်းပြချင်ပါသေးတယ်။ ဒီလိုပါ။
Program တစ်ခု အလုပ်လုပ်ဖို့အတွက် အနည်းဆုံး Process တစ်ခု လိုအပ်ပါတယ်။ ဥပမာ Microsoft Word ဆိုတဲ့ Program အလုပ်လုပ်ဖို့ နောက်က winword.exe ဆိုတဲ့ Process လိုပါတယ်။ Nero နဲ့ ခွေကူးနေတဲ့ အချိန်မှာတော့ nero.exe ဆိုတဲ့ Process နဲ့ imapi.exe ဆိုတဲ့ Process နှစ်ခု လိုအပ်ပါတယ်။ Thread ကတော့ အဲဒီ Process ထက် သေးပါတယ်။ Process တစ်ခုကို Thread ပေါင်းများစွာ ခွဲပြီး run ခိုင်းရင် Performance တက်လာပါတယ်။ သို့ပေမဲ့ အဲဒီလို Thread ခွဲရေးတာဟာ Programmer နဲ့ အဓိက သက်ဆိုင်ပါတယ်။ ဒါကြောင့် Program > Process > Thread ဆိုပြီး ယူဆနိုင်ပါတယ်။ i7 ဟာ တစ်ချိန်တည်းမှာ Thread ရှစ်ခုကို run ပေးနိုင်ပါတယ်။ ဒါကြောင့် မြန်တယ်လို့ ပြောကြတာပေါ့။
အောက်က ဇယားလေးကတော့ i7 နဲ့ Core2 Quad ကို ယှဉ်ပြထားတာပါ။ intel က ထုတ်ပေးထားတာပါ။
i5 အကြောင်းကို ဆက်လက် ဖော်ပြပေးပါဦးမယ်။ ဆရာ ဖိုးနိုင်ဝင်းကတော့ i7 ဟာ ဈေးကြီးပေးရပြီး တကယ့် high end တွေမှာသာ သုံးစွဲသင့်တဲ့ပုံစံမျိုးအနေနဲ့ PC Word မှာ ရေးသားထားပါတယ်။ i5 ကတော့ ဈေးသက်သာပြီး အဆင်ပြေတာမို့ i5 ခေတ် ဖြစ်လာလိမ့်မယ်လို့ သူက ရေးသားထားပါတယ်။
ကဲ i5 ခေတ်ကို ကျွန်တော်တို့ ဖြတ်သန်းကြရအောင်…
January 21, 2010
Windows 7 and System Reserved Partition
Windows 7 ကို Fresh installation အနေနဲ့ တင်လိုက်မယ်ဆိုရင် System Reserved Partition တစ်ခုကို Windows 7 က ဖန်တီးပေးသွားမှာပါ။ အဲဒီ Partition ထဲမှာ bootmgr နဲ့ boot လုပ်ဖို့အတွက် လိုအပ်တဲ့ file တွေကို ထည့်သွင်းပေးထားပါတယ်။ ပြီးတော့ bitlocker encryption အတွက်လည်း ရည်ရွယ်ထားတယ်လို့ Microsoft က ပြောပါတယ်။ System Reserved Partition ရဲ့ size ဟာ 100 MB ရှိပြီး သူ့ကို System, Active နဲ့ Primary partition အနေနဲ့ ဖန်တီးထားပါတယ်။ အဲဒီ 100MB partition လေး ရှိနေမယ်ဆိုရင် Windows တစ်ခုခု ဖြစ်ရင် Troubleshoot လုပ်တဲ့အခါမှာ Windows ခွေ သုံးစရာမလိုပဲ လွယ်လွယ်ကူကူ Troubleshoot လုပ်နိုင်သွားမှာပါ။
ကျွန်တော်ကတော့ အဲဒီ partition လေးကို စိတ်ဝင်စားပါတယ်။ ပါစေချင်တယ်ပေါ့။ သို့ပေမယ့် တချို့စက်တွေ မှာ အဲဒီ partition လေးပါပြီး တချို့စက်တွေမှာကျ Windows 7 က ဖန်တီးမပေးပါဘူး။ ဘာကြောင့်လဲဆိုပြီး လိုက်ရှာကြည့်တော့ Windows 7 တင်တဲ့အခါမှာ Hard Disk မှာ partition တွေ၊ volume တွေ ရှိမထားမှ ဖန်တီးပေးတယ်လို့ သိသွားပါတယ်။ လုံးဝ unallocated space ဖြစ်နေမှ ရတယ်တဲ့။
အဲဒါကြောင့် Windows 7 တင်တဲ့အခါမှာ အဲဒီ partition လေး ရဖို့အတွက် Hard Disk တစ်ခုလုံးမှာ ရှိတဲ့ Partition တွေ ဖျက်ပြီးမှ တင်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမဲ့ ဒါဟာ စက်အသစ်တစ်လုံးအတွက် ကိစ္စမရှိပေမဲ့ သုံးနေတဲ့စက်တစ်လုံးကို Windows 7 အဖြစ် Upgrade လုပ်မယ်ဆိုရင်တော့ ရှိပြီးသား Data တွေကို နေရာရွှေ့ ရမှာကတော့ အတော်လေး လက်ဝင်တဲ့ကိစ္စပါ။
ကဲ စာဖတ်သူရော System Reserved Partition ထည့်မလား၊ မထည့်ဘူးလား။
January 19, 2010
Windows XP 64 Bit All Versions
ရှာဖွေလေ တွေ့ရှိလေ ဆိုသလိုပေါ့။ ဖိုရမ်တွေမှာ ၀င်မွှေလိုက်တာ Windows XP 64 Bit ဆိုတာကိုတွေ့ပါတယ်။ ထူးခြားတာ တစ်ခုတွေ့လိုက်ပါတယ်။ All versions ( Windows XP x64 Retail, Windows XP x64 Corporate, Windows 2003 x64 Enterprise Retail , Windows 2003 x64 Enterprise Corporate, Windows 2003 x64 Standard Retail, Windows 2003 x64 Standard Corprate) ဆိုပြီး ခြောက်မျိုးပါ ပါတယ်။ ဒါပေမယ့်ပေါ့ဗျာ . . . အဲဒီထက်ပိုထူးတာက ဖိုင်ဆိုဒ်က 9MB ပါတဲ့ဗျာ။ ကျွန်တော်လည်း မယုံသင်္ကာနဲ့ ဒေါင်းကြည့်ပါတယ်။ ဒေါင်းလိုက်တော့ RAR ဖိုင်ရလာပါတယ်။ ဖြည်ကြည့်လိုက်တော့ နောက်ထပ် 9.28MB ရှိတဲ့ RAR တစ်ဖိုင်ထပ်ထွက်လာပါတယ်။ အဲဒါကို ဖြည်လိုက်တော့မှ 3.49GB ရှိတဲ့ ISO တစ်ခုရလိုက်ပါတယ်။ ကဲ . . . . မည်သို့မည်ပုံလုပ်လိုက်သည်မသိ ဆိုသလိုပေါ့။ DVD တစ်ချပ်စာ Windows 6 ခုကို 9MB လောက်နဲ့ဆိုတော့ . . အံ့သြမိပါတယ်။ အိုင်တီမန်း ပရိသတ်များ မယုံလို့ စမ်းကြည့်မယ်ဆိုရင်တော့ ကိုသူရိန်ဆီကိုပို့ပေးထားပါတယ်။ သူကနေ တစ်ဆင့်တောင်းနိုင်ပါတယ်။ ဒါမှမဟုတ် ကျွန်တော့်ဆီ ( leonhart(dot)blz(at)gmail(dot)com ) ကိုမေးပို့ပြီးတောင်းဆိုနိုင်ပါတယ်ဗျာ။
A litte Explanation about Joomla
Joomla ကိုသိထားခဲ့တာ ကြာလှပြီ။ Download ဆွဲ၊ Ebooks တွေ ရှာထားပြီးတော့မှ မလေ့လာဖြစ်ခဲ့ဘူး။ အခု ဒေါ့ကွန်းရပြီဆိုတော့ Joomla ကို သုံးမှ အဆင်ပြေတော့မှာလေ။ အခုလိုကျတော့လည်း Joomla ကို မိုးလင်းထိအောင် တစ်ထိုင်တည်း လေ့လာဖြစ်သွားတယ်။ (တွန်းအားရှိမှ လုပ်ဖြစ်သွားတယ်ဆိုတာ တကယ် မှန်တာပါပဲ)
Joomla ဆိုတာ ဘာလဲလို့မေးလိုက်ရင် Content Management System ဆိုပြီး ပြောကြမှာပါ။ ကျွန်တော်က တော့ Joomla ဆိုတာကို လုံးဝမသိသေးတဲ့သူတွေ ပိုစိတ်ဝင်စားသွားအောင် Joomla ဆိုတာကကွာ Website လုပ်တဲ့ Website လို့ ပြောချင်ပါတယ်။ အတိအကျမမှန်ကန်ပေမဲ့ အဲဒီလိုသုံးလိုက်တာဟာ ပိုပြီး စိတ်ဝင်စားစရာ ကောင်းသွားမယ်လို့ ယူဆမိပါတယ်။
XAMPP တင်၊ Joomla installer ကို joomla.org ကနေ download ဆွဲ၊ Documentation တွေကိုလည်း အဲဒီကနေ ဆွဲလိုက်တယ်။ ဒီကြားထဲ joomla.org က ပေးတဲ့ တချို့ documentation တွေက odt format တွေ ဖြစ်နေလို့ ဖွင့်မရဘူး။ odt ဆိုတာ ဘာကြီးပါလိမ့်လို့ Google မှာ ရှာလိုက်တော့မှ open document ဆိုတာ သိခဲ့ပြီး openoffice နဲ့ ဖွင့်ရမှာဆိုတာ သိသွားပါတယ်။ OpenOffice ကြီးက File Size ကြီးတော့ down ရမှာ ပျင်းတာနဲ့ Online ပေါ်ကပဲ PDF ပြောင်းပြီး ယူခဲ့ရတယ်။
Joomla ကို install လုပ်ပြီးတော့ Control Panel ထဲ ၀င်တဲ့အခါ စိန်ခေါ်ခံရတော့ပဲ။ ဘာတွေမှန်းမသိဘူး။ Articles တဲ့၊ Section တဲ့။ သေချာ လုပ်ကြည့်တော့မှ Articles ဟာ blog တွေရဲ့ Post နဲ့ တူတာကို သိသွားပါတယ်။ အဲဒီထဲမှာ Section ကတော့ အကြီးဆုံးပေါ့။ အရင်ဆုံး Section ခွဲရတယ်၊ ပြီးတော့မှ အဲဒီ Section ထဲကို Categories တွေ ထည့်ရတယ်။ နောက်ဆုံးမှ Articles တွေကို Categories တွေထဲ ထည့်ရပါတယ်။ ဥပမာ ကွန်ပျူတာအရောင်းဆိုင်ရဲ့ Website ဆိုပါတော့။ သူ့မှာ Sales ပိုင်း ရှိမယ်၊ Contact ပိုင်းရှိမယ်။ Sales အတွက် Sales ဆိုတဲ့ Section ဆောက်ရပါတယ်။ ပြီးတော့ အရောင်းပစ္စည်းတွေကို အုပ်စုခွဲကြည့်လိုက်ရင် Motherboard, Hard Disk, Memory စသည်ဖြင့် ရှိမှာပေါ့။ အဲဒီတော့ Motherboard ဆိုတဲ့ Categories ဆောက်ပြီး Sales Section ထဲမှာ ထည့်ရပါတယ်။ နောက်ဆုံးကျမှ ဆိုင်ကရောင်းတဲ့ Motherboard တစ်ခုချင်းစီရဲ့ ပုံတွေနဲ့ description တွေကို Articles အနေနဲ့ ရေးပြီး Motherboard Categories ထဲမှာ ထည့်ရပါတယ်။ ဒါကြောင့်မို့
Section>Categories>Articles
ဆိုပြီး ယူဆနိုင်ပါတယ်။
Joomla ကိုသုံးရင် ကိုယ့် Site အတွက် အဲဒီလိုနည်းနဲ့ Data တွေကို စနစ်တကျ ထည့်ရပါတယ်။ Data ထည့်တဲ့ အပိုင်းပြီးသွားရင် Template ကို ကိုယ်ကြိုက်သလို ပြင်လို့ရပါတယ်။ သူ့ထဲ built-in ပါလာတာက Template သုံးခုတည်း ပါပါတယ်။ (အဲဒါတွေကလည်း တော်တော်လှပါတယ်) Template ပြင်နိုင်ဖို့ကတော့ CSS ရယ် XHTML ရယ်ကို တတ်ထားမှ ရမှာပါ။ တချို့ကလည်း အင်တာနက်ထဲကနေ အသင့်ရေးပြီးသား Joomla Template တွေကို သုံးကြတာရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုကျ Specific မဖြစ်တော့ဘူးလေ။
Joomla မှာက Web Site ရဲ့ Home page ကို Front end လို့ သုံးစွဲပါတယ်။ Front end ပေါ်မှာ ဘယ် Article ကို ပေါ်စေချင်တယ် ကိုယ်က သတ်မှတ်နိုင်ပါတယ်။
နောက် Menu Manager ကို သုံးပြီး Menu bar တွေ ထည့်နိုင်တယ်၊ ပြင်နိုင်ပါတယ်။ Menu မှာကျ Main Menu, Top Menu, User Menu ဆိုပြီး ထပ်ခွဲထားပါသေးတယ်။ Site မှာ မဖြစ်မနေ ထည့်ရမှာကတော့ Main Menu ပေါ့။ ကိုယ်က အဲဒီ Main Menu ထဲက Link ကို နှိပ်လိုက်ရင် Section သို့မဟုတ် Categories တစ်ခု ပေါ်စေချင်ပါတယ် ဆိုပြီး သတ်မှတ်နိုင်သလို External Link ဆီ သွားပါလို့လည်း သတ်မှတ်နိုင်ပါသေးတယ်။ သို့မဟုတ် ဘယ် Module ဆီသွားပါဆိုပြီး သတ်မှတ်နိုင်ပါတယ်။
Module ဆိုတာက Site ပေါ်မှာရှိတဲ့ အပိုင်းလေးတွေကို ခေါ်တာပါ။ ဥပမာအားဖြင့် Site တစ်ခုပေါ်မှာ ရှိတဲ့ Search ဆိုတဲ့ textbox လေးဟာလည်း Module တစ်ခုလို့ ခေါ်နိုင်သလို့ Site တစ်ခုပေါ်မှာရှိနေတဲ့ Navigation bar ဟာလည်း Module တစ်ခုပါပဲ။ Joomla မှာ အဲဒီလို Module တွေကို ထည့်နိုင်တယ်၊ ဖြုတ်နိုင်ပါတယ်။ Module တစ်ခုကို Site ပေါ်မှာ တင်ရင် Site ရဲ့ ဘယ်နေရာမှာ တင်မလဲဆိုတာ စဉ်းစားရတာကတော့ ကျွန်တော့်အတွက် တော်တော်ခေါင်းခြောက်ရပါတယ်။
Module နဲ့ တွဲပါလာတာက Component ပါ။ Joomla မှာ ပုံမှန်အားဖြင့် Articles တွေရဲ့အောက်မှာ Comments ရေးလို့ မရပါဘူး။ ရဖို့အတွက် JComments ဆိုတဲ့ Component လေးကို Joomla ထဲ ထည့်သွင်းလိုက်ရင် Article တွေရဲ့အောက်မှာ Comments ပေးလို့ ရသွားပါတယ်။
Module, Component , Plugins နဲ့ Template တွေကို Joomla ကိုယ်တိုင်က သူ့ Site မှာ Extension လို့ သုံးနှုန်းထားပါတယ်။ သူ့ site မှာ Extension ပေါင်း မြောက်မြားစွာပေးထားပါတယ်။ သို့ပေမဲ့ သူတို့ကတော့ Extension ကို Begineer တွေအနေနဲ့ မစမ်းသင့်သေးပါဘူးလို့ ပြောပါတယ်။ တကယ်တော့လည်း ဟုတ်ပါတယ်။ Joomla ရဲ့ Core ပိုင်းကို နိုင်ပြီဆိုတော့မှ Extension ဘက်ကို လှည့်သင့်ပါတယ်။ Joomla ရဲ့ Core နဲ့တောင် Site တစ်ခုဟာ လည်ပတ်လို့ ရနေပါပြီ။ Registration စနစ်တွေ တစ်ခါတည်း ထည့်သွင်းပေးပြီးသား၊ Email Activation တောင် ပါလိုက်သေးတယ်။ Login လုပ်ရတာတွေကို ကိုယ်က PHP နဲ့ ရေးစရာတောင် မလိုတော့ပါဘူး။ သူ့ထဲမှာ ထည့်ပေးပြီးသားပါ။ Searching လုပ်လို့ရအောင်လည်း သူက တစ်ခါတည်း လုပ်ပေးပြီးသားပါ။ Polls တွေ၊ Newsflash တွေ၊ Feed ထုတ်ပေးတာတွေ၊ Who is online စတာတွေဟာ သူ့ထဲမှာ တစ်ခါတည်း ပါပြီးသားပါ။
နိဂုံးချုပ်ရရင်တော့ Joomla ကိုသုံးစွဲရင် Site တစ်ခု ဖန်တီးရတယ်ဆိုတာ အချိန်အကြာကြီး ယူစရာ မလိုတော့ပါဘူး။ ပြီးတော့ Site ထဲမှာထည့်ထားတဲ့ Content တွေကို Management လုပ်ရတာ အရမ်း လွယ်ကူသွားပါတယ်။ အခုအချိန်ဟာ Dreamweaver ထဲမှာ Site တစ်ခုလုံးကို အစအဆုံး ရေးရတဲ့ ခေတ်မဟုတ်တော့ဘူးလို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ Joomla ကို Web သင်တန်းကျောင်းတွေအနေနဲ့ Course တစ်ခုအနေနဲ့ကို ထည့်သွင်းပြီး သင်ကြားသင့်တယ်လို့တောင် ကျွန်တော်ကတော့ ထောက်ခံလိုက်ချင်ပါတယ်။
January 17, 2010
Hostmonster
အိုင်တီမန်းကို .com ဖြစ်လာဖို့အတွက် Domain Name ၀ယ်ရပါတယ်။ တစ်နှစ်စာကို 10.69 ဒေါ်လာနဲ့ အလှူရှင်က ငါးနှစ်စာ ၀ယ်ပေးပါတယ်။ Domain Name ကို လက်ရှိနာမည်ကြီးနေတဲ့ Godaddy ကနေ သူက ၀ယ်ပေးပါတယ်။ Hosting ကိုတော့ Hostmonster ကနေ သူက ၀ယ်လိုက်ပါတယ်။ Hostmonster ကနေ သူက ၀ယ်လိုက်တဲ့အကြောင်းပြောတော့ အစပိုင်း သိပ်ဘ၀င်မကျဖြစ်သွားပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ hosting ထဲမှာ နံပါတ်တစ်က justhost ပါ။ အဲဒီတော့ ကျွန်တော်လည်း justhost ကနေ ၀ယ်ချင်တာပေါ့။ ဒါပေမဲ့ အခုတော့ justhost ကို မကြိုက်တော့ဘဲ hostmonster မှ hostmonster ဖြစ်နေပါပြီ။ ဘာကြောင့်ပါလဲ ဆိုတော့…
Domain ကို Godday ကနေ ၀ယ်လိုက်တာဖြစ်လို့ hostmonster ကနေ hosting ၀ယ်ပြီးတဲ့အခါမှာ godaddy မှာ login ၀င်ပြီး hostmonster ရဲ့ namerserver ကို ပြောင်းပေးရပါတယ်။ godaddy မှာ hostmonster ရဲ့ nameserver ကို ရိုက်ထည့်ဖို့ ရှာလိုက်တာလည်း တော်တော်လေး ခေါင်းမူးခဲ့ပါတယ်။ ဘယ်လိုမှ ရှာမတွေ့ဘူး။ နောက်မှ godaddy က domain name ကို lock ချထားမှန်းသိတာ။ အဲဒီတော့မှ lock ကို ပြန်ဖြုတ်လိုက်တယ်။ lock ဖြုတ်လိုက်တော့မှ Nameserver ထည့်တဲ့ textbox က ပေါ်လာတာ။ အဲဒီမှာ နောက်ထပ် အဆင်မပြေ ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်ထင်တာက nameserver IP တွေ ထည့်ပြီးတာနဲ့ site ကို ချက်ချင်း access လုပ် နိုင်မယ်ထင်ခဲ့တာပါ။ လက်တွေ့မှာတော့ ချက်ချင်းမပြောင်းခဲ့ပါဘူး။ site ကို ခေါ်ကြည့်တယ်။ ဒီ domain ဟာ မရှိဘူးလို့ပဲ ပြောနေတော့ တော်တော်လေး စိတ်ပူသွားပါတယ်။ နောက်မှ DNS Propagation ကြောင့် အနည်းဆုံး 72 နာရီကြာမယ်ဆိုတာ သိတော့မှ စိတ်အေးသွားခဲ့ရပါတယ်။ (တကယ်တမ်းတော့ ဒီမှာ access ရဖို့အတွက် ၂၄ နာရီလောက်ပဲ ကြာခဲ့ပါတယ်)
အလှူရှင်က domain name နဲ့ hosting သာမကဘဲ Google apps ကိုပါ ၀ယ်ပေးလိုက်ပါတယ်။ ဒါကြောင့်မို့ webmail အတွက် hostmonster ကပေးတဲ့ webmail ကို သုံးစရာမလိုတော့ဘဲ google ရဲ့ Gmail ကို ကိုယ့် domain နဲ့ သုံးစွဲခွင့်ရသွားပါတယ်။ ဒါတောင် အလွယ်တကူ ရတာမဟုတ်သေးပါဘူး။ hostmonster ထဲ ၀င်ပြီး MX Server တွေရဲ့ IP တွေကို hostmonster ရဲ့ IP အစား Google ရဲ့ MX server name တွေကို ရိုက်ထည့်ပေးလိုက်မှ အဆင်ပြေသွားတာပါ။
Hostmonster ကို သဘောကျတာက တစ်ခုခု အဆင်မပြေလို့ မေးလိုက်ရင် အများဆုံး ဆယ်မိနစ်လောက်ပဲ။ ချက်ချင်းပြန်ဖြေပေးတယ်။ သေသေချာချာ ရှင်းရှင်းလင်းလင်းကို ပြန်ပြောပေးကြတာ။ ကျွန်တော်က Cpanel ကို ၀င်လို့မရဘူး။ Cpanel က port 2086 ကို သုံးထားတာမို့ မြန်မာပြည် ISP တွေက Ban ထားတဲ့အကြောင်းကို ပြောပြလိုက်တော့ သူတို့က Cpanel ကို တခြား port တစ်ခုနဲ့ access လုပ်ခွင့်ရအောင် လုပ်ပေးပါတယ်။ တကယ့်ကို ချက်ချင်းကို လုပ်ပေးလိုက်တာ။ Justhost ဆိုရင် Cpanel ကို မကျော်ဘဲ access လုပ်လို့ မရပါဘူး။ hostmonster က ရတယ်။ Justhost ၀ယ်ထားတဲ့သူတွေ Cpanel ကို access လုပ်ချင်ရင် CpanelProxy ကို သုံးကြရပါတယ်။
ဒီလင့်ခ်ကတော့ hostmonster ကနေ ၀ယ်ထားတဲ့ Package description ပါ။ အဲဒါတွေအတွက် တစ်နှစ်ကို 67 ဒေါ်လာပေးရပါတယ်။ သို့ပေမဲ့ hosting ၀ယ်တဲ့အတွက် domain တစ်ခုပါ အလကားရလိုက်ပါသေးတယ်။
Windows 7 မှာ Image Drive ဖန်တီးမရရင်
ပြဿနာက Nero 7 က စတာပဲ။ ကျွန်တော်က ကျွန်တော့်စက်ကို Windows 7 တင်လိုက်တယ်။ ပြီးတော့ Nero 7 ကို တင်တယ်။ ဘယ်လိုမှ တင်လို့မရဘူး။ အွန်လိုင်းက အသိတစ်ယောက်ကတော့ ကျွန်တော့်စက်မှာ တင်လို့ ရတယ်လို ပြောပြတော့ ဟိုက် Windows 7 က ငါ့ကျမှ ဘယ်လိုဖြစ်ရတာပါလိမ့်လို့ တွေးမိတယ်။ နောက် သေချာအောင် နေပါဦး ခင်ဗျားက Nero 7 ကို ဘယ် Version လဲလို့ မေးလိုက်တော့ Nero 7 Essential တဲ့။ ကျွန်တော် တင်လို့မရတာက Nero 7 Ultra Edition လေ။ ဘယ့်နှယ် Essential ကျ တင်လို့ရပြီး Ultra ကျ ဘာကြောင့် တင်မရတာပါလိမ့်လို့ စဉ်းစားကြည့်မိတယ်။ အဖြေတွေ့သွားပါတယ်။ Ultra Edition မှာ Image drive ပါပြီး Essential မှာကျ Image Drive မပါပါဘူး။ ပြသနာက အဲဒီ Image Drive က ပေးနေတာ။ Nero က တင်တဲ့ Image Drive ကို Windows 7 က လက်မခံဘူး။ ဒါကြောင့် Nero 7 Ultra Edition က Windows 7 မှာ တင်မရဖြစ်တာလေ။
ကျွန်တော်ကတော့ ဒါလေးများ Version မြင့်ရင် 7 က လက်ခံမှာပဲလို့ ယူဆပြီး Nero 8 တင်ပါတယ်။ တင်လို့တော့ ရပါရဲ့။ Image Drive ပါမလာဘူး။ မသေချာတာနဲ့ ဖြုတ်ပြီး Custom ရွေးပြီး တင်ကြည့်တယ်။ ဟုတ်တယ် Image Drive မပါဘူး။ အော် ဒါလေးများဆိုပြီး Nero 9 ကို တင်ပါတယ်။ ခွေတွေထဲပါတဲ့ဟာကို စိတ်မချလို့ Official Site ကနေကို Nero 9 ရဲ့ အမြင့်ဆုံးဗားရှင်းဖြစ်တဲ့ Enterprise Edition ကို တင်ပါတယ်။ ဟုတ်ကဲ့ Image Drive ပါမလာတော့ပါ။ Nero ဟာ version 8 ကနေစပြီး Image Drive ကို မထည့်တော့ပါ။
သူတို့က မထည့်တော့တာက အကြောင်းမဟုတ်ဘူး။ ကျွန်တော့်ခမျာ ရှိသမျှ စီဒီ၊ဒီဗီဒီခွေ အကုန်လုံးကို nrg format နဲ့ image ရိုက်ထားတာဆိုတော့ အခုလို image drive မရှိတော့ အဲဒီ image တွေကို mount လုပ်လို့ မရတော့ဘူး ဖြစ်သွားတာပေါ့။
အဲဒါနဲ့ပဲ Windows 7 နဲ့ Compatible ဖြစ်မယ့်၊ Virtual drive ဖန်တီးပေးနိုင်ပြီး nrg format ကို mount လုပ်နိုင် မယ့် ဆော့ဖ်ဝဲကို လှည့်ပတ်ရှာရပါတယ်။ အဲဒီမှာ Free ပေးတဲ့ Virtual Clone Drive ကို တွေ့ပါတယ်။ သူက Elaborate Byte (CloneCD ကို ထုတ်တဲ့ Company) ကထုတ်တာပါ။ သူကတော့ Windows 7 နဲ့ အဆင်ပြေပေမယ့် nrg file တွေကို mount မလုပ်နိုင်ပါဘူး။
အဲဒါနဲ့ပဲ နာမည်ကြီးတဲ့ UltraISO ကို တင်ကြည့်ပါတယ်။ Version 9 ပါ။ သူကတော့ Free မပေးပါဘူး။ keygen လေး လှည့်ပတ်ရှာပြီး စမ်းတင်ကြည့်ပါတယ်။ ဟော သူကတော့ Windows 7 နဲ့ အဆင်ပြေပါတယ်။ nrg ကိုလည်း mount လုပ်နိုင်ပါတယ်။ သို့ပေမယ့် Virtual Clone Drive လို image file ပေါ် Right Click ထောက်ပြီး mount လုပ်လို့တော့ မရပါဘူး။ image ကို mount လုပ်ချင်ရင် သူ့ကို ဖွင့်ပြီးမှ လုပ်ရပါတယ်။
ဘာပဲဖြစ်ဖြစ် အဲဒီ UltrISO ကိုဘဲ ကျွန်တော့်စက်ထဲမှာ တင်ထားလိုက်ပါတယ်။ နောင်လည်းပဲ သူ့ထက် ကောင်းတာမတွေ့သရွေ့တော့ သူ့ကိုပဲ သုံးနေဦးမှာပါ။
January 14, 2010
Download W3 Schools Website
W3 Schools ရဲ့ download link ကို http://mcyouthgroup.org/index.php?topic=152.msg293#msg293 မှာတွေ့လို့ ရှဲလိုက်ပါတယ်။
Part 1: http://www.multiupload.com/THE17C0RIV
Part 2: http://www.multiupload.com/THE17C0RIV
January 12, 2010
4shared Desktop
အခုဆိုရင် File တွေကို Upload လုပ်ကြတဲ့အခါမှာ အများအားဖြင့် Mediafire တို့လို Web based တွေကိုပဲ အသုံးများနေကြပါတယ်။ Web based တွေဟာ Connection မကောင်းတဲ့အခါမှာ တင်ရတာ အဆင်မပြေဘဲ connection ကောင်းတောင်မှ တစ်ခါတရံ error တက်လေ့ရှိပါတယ်။
အခု ဒီ 4shared Desktop ကို စမ်းသုံးကြည့်ပါလားလို့ တိုက်တွန်းချင်ပါတယ်။ MB ရာချီရှိတာတောင်မှ နေ့လည်ခင်း connection နဲ့ အေးအေးဆေးဆေး upload လုပ်လို့ရပါတယ်။ ကျွန်တော့်အထင် သူက 80 port ကိုမသုံးဘဲ တခြား Port တစ်ခုကို သုံးထားလို့ အရမ်းမြန်နေတယ်လို့ ထင်ပါတယ်။ ဒါ့အပြင် 4shared desktop ဟာ တခြား uploader နဲ့တောင် မတူပါဘူး။ upload လုပ်တာ အရမ်းမြန်တယ်၊ ပြုတ်သွားတာမျိုးလည်း မရှိဘူး။ အခုဆိုရင် upload လုပ်ချင်ရင် 4shared desktop ကိုပဲ Install လုပ်ပြီး တင်နေဖြစ်ပါတယ်။ နောင်လည်း ဒီအတိုင်းပဲ တင်သွားတော့မယ်။
http://www.4shared.com/file/50786419/76ca898d/4shared_Desktop_310.html ကနေ 4shared desktop ကို ရယူနိုင်ပါတယ်။
January 5, 2010
Windows 7 Keyboard Shortcuts
Windows 7 မှာ Keyboard Shortcuts အသစ်တွေ တော်တော်များများပါလာပါတယ်။ Shortcut တွေကို သိထားခြင်းအားဖြင့် အလုပ်လုပ်တဲ့အခါမှာ ပိုမိုမြန်ဆန်တာမို့ ဖော်ပြပေးလိုက်ပါတယ်။
Ctrl+Alt+Tab
Use the arrow keys to switch between open items.
Alt+Tab ကို အားလုံးသိကြမှာပါ။ ဖွင့်ထားတဲ့ Window တွေကို ပြောင်းချင်ရင် ကျွန်တော်တို့ သုံးခဲ့ကြတယ်။ အခု 7 မှာတော့ Ctrl+Alt+Tab ဆိုတာ ပါလာပါတယ်။ Alt+Tab လို နှိပ်ထားစရာ မလိုပါဘူး။ Ctrl+Alt+Tab ကို နှိပ်လိုက်တာနဲ့ လောလောဆယ်ဖွင့်ထားတဲ့ Window တွေကို Box တစ်ခုနဲ့ ပြပေး ထားပါလိမ့်မယ်။ ကိုယ်က ပြောင်းချင်တဲ့ဝင်းဒိုးပေါ်မှာ မောက်စ်နဲ့ တစ်ချက်နှိပ်လိုက်ရုံပါပဲ။
Ctrl+Mouse Scroll Wheel
Change the size of icons on the desktop.
Desktop ပေါ်နေတဲ့အချိန်မှာ Desktop ပေါ်က icon တွေရဲ့ အရွယ်အစားကို ပြောင်းလဲချင်ရင် Ctrl ကို ဖိထားပြီး Mouse က Scroll Wheel ကို လှိမ့်လိုက်ရုံနဲ့ ပြောင်းလဲနိုင်ပါတယ်။
Alt+Esc
Cycle through items in the order in which they were opened.
ဖွင့်ထားတဲ့ Window တွေကို တစ်ခုပြီးတစ်ခု ပြောင်းပေါ်ချင်ရင် သုံးလို့ရပါတယ်။ Alt+Tab လို ပုံစံမျိုး ပေမဲ့ Alt+Tab လို box ပေါ်မလာဘဲ တစ်ခုပြီးတစ်ခု ပြောင်းပေးသွားမှာပါ။
F4
Display the address bar list in Windows Explorer.
Windows Explore ဖွင့်ထားတဲ့အချိန်မှာ Address bar ကို ဖွင့်ချင်ရင် F4 ကို နှိပ်လိုက်ပါ။
Alt+Up Arrow
View the folder one level up in Windows Explorer
A ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ အဲဒီ A ထဲမှာရှိတဲ့ B ဆိုတဲ့ Folder လေးကို ဖွင့်လိုက်တယ်။ B ပွင့်သွားတယ်။ အဲဒီအချိန်မှာ A Folder အောက်ကို ပြန်ရောက်ချင်ရင် Alt နဲ့ Up arrow ကို နှိပ်လိုက်ပါ။
Windows logo Key + T
Cycle through programs on the taskbar.
Taskbar မှာ ပေါ်နေတဲ့ Program တွေ၊ Window တွေရဲ့ Preview ကို တစ်ခုချင်းစီ ကြည့်ချင်ရင် Windows logo Key နဲ့ T ကို တွဲနှိပ်လိုက်ပါ။
Windows logo Key + number
Start the program pinned to the taskbar in the position indicated by the number. If the program is already running, switch to that program.
ဆိုပါစို့။ Notepad ဖွင့်တယ်၊ ပြီးတော့ Calculator ဖွင့်ထားတယ်။ အဲဒီတော့ Taskbar မှာ Notepad icon နဲ့ Calculator ရဲ့ icon လေးပေါ်နေတယ်။ Notepad က ပထမ၊ ပြီးမှ Calculator က ဒုတိယ အနေနဲ့ ပေါ်နေတာ။ အဲဒီအချိန်မှာ Notepad ကို မြင်ကွင်းရှေ့ ပေါ်လာစေချင်ရင် Windows logo key နဲ့ 1 ကို နှိပ်ကြည့်ပါ။ Calculator ကို မြင်ကွင်းရှေ့ ရောက်စေချင်ရင်တော့ Windows logo key နဲ့ 2 ကို နှိပ်ကြည့်ပါ။
Shift+ Windows logo Key + number
Start a new instance of the program pinned to the taskbar in the position indicated by the number.
အစောကအတိုင်းပဲ။ Notepad ဖွင့်ပြီး Calculator ဖွင့်မယ်ဗျာ။ Shift ရယ် Windows logo key ရယ် 1 ရယ် နှိပ်ကြည့်လိုက်ပါ။ နောက်ထပ် Notepad အသစ်တစ်ခု ထွက်လာပါလိမ့်မယ်။ အဲဒီလိုပါပဲ။ Shift ရယ် Windows logo key ရယ် 2 ရယ် နှိပ်ကြည့်လိုက်ပါ။ Calculator အသစ် ပွင့်လာပါလိမ့်မယ်။
January 4, 2010
Gmail Account အခိုးမခံရခင်
Gmail Team ကနေပြီး Gmail account အခိုးခံရတဲ့အခါ ပြန်ဆယ်နိုင်ဖို့အတွက် ပြုလုပ်ပေးထားတာ ရှိပါတယ်။ သူက အခိုးခံရတဲ့ Account ပြန်လိုချင်ရင် Account creation date နဲ့ နောက်ဆုံးအသုံးပြုခဲ့တဲ့ password ကို မေးပါတယ်။ ပြန်ရနိုင်၊ မရနိုင်ကိုတော့ 100% အာမခံနိုင်ရဲ့လားတော့ မသိပါဘူး။
ဘာပဲပြောပြော Gmail အသုံးပြုသူ အားလုံးအနေနဲ့ တစ်ချိန်မှာ ကိုယ့် account လေးများ အခိုးခံလိုက်ရရင် ပြန်ဆယ်နိုင်ဖို့အတွက် အဲဒီမေးခွန်းတွေရဲ့ အဖြေကို သိထားဖို့ ကြိုးစားထားသင့်ပါတယ်။
Recovery ပြန်လုပ်တဲ့ Link ကတော့ ဒီမှာပါ။
https://www.google.com/support/accounts/bin/request.py?ara=1
January 3, 2010
Blogger+Twitter+Facebook
အခုအချိန်မှာကျ Facebook နဲ့ Twitter က အရမ်းခေတ်စားနေတာလေ။ အွန်လိုင်းမှာ ရှိသမျှလူ အကုန်လုံးများ Facebook ထဲ ရောက်သွားသလားတောင် မှတ်ရတယ်။
ကျွန်တော်လည်း ဘာရမလဲ။ Facebook ထဲ register လုပ်တာပေါ့။ ပြီးတော့မှ ဒုက္ခရောက်ပါလေရော။ Facebook က မေးတဲ့ What’s on your mind? မှာ ဘာရိုက်ထည့်ရမှန်း မသိဘူး။ တစ်ခုခုတော့ တစ်ခုခုပေါ့။ ရိုက်ပေးရမှာလေ။ ဒါပေမဲ့ ကိုယ်ပုံမှန်လုပ်ဖြစ်နေတာက Blog ရေးတာပဲ ဖြစ်နေတော့ ကိုယ့် Post လေးတွေပဲ ထည့်ရင် ပိုကောင်းမယ်လို့ ယူဆမိတယ်။ ဒါပေမဲ့ Post တစ်ခါတင်တိုင်း Blogger ထဲသွားတင်လိုက်ရ၊ Facebook ထဲသွားတင်လိုက်ရ၊ Twitter ထဲ သွားတင်လိုက်ရလုပ်နေရင် မလွယ်ဘူးလေ။
အဲဒါနဲ့ပဲ Blogger ထဲမှာ Post တင်လိုက်ရုံနဲ့ Facebook ထဲနဲ့ Twitter ထဲ ချက်ချင်းရောက်သွားမယ့် နည်းလမ်းကို ရှာဖွေကြည့်တော့ တွေ့သွားပါတယ်။
အောက်မှာ Post တင်လိုက်ရုံနဲ့ Facebook နဲ့ Twitter ဆီ ရောက်သွားတာလေးတွေကို နမူနာ ပြထားပါတယ်။
(၁) Blogger to Twitter
ကိုယ့် Blog မှာ Post တင်လိုက်ရုံနဲ့ Twitter ထဲရောက်သွားချင်ရင် feedburner.google.com မှာ login ၀င်ပြီး လုပ်လို့ရပါတယ်။ Twitter ထဲမှာ ကိုယ့် Post ရဲ့ Title နဲ့ ကိုယ့် Post ရဲ့ URL ကို Google ရဲ့ URL Shortner ဖြစ်တဲ့ goo.gl နဲ့ ပေါ်သွားမှာပါ။
(၂) Blogger to Facebook
Facebook ထဲကို login ၀င်ပြီး Application ထဲက Notes ထဲကို သွားပါ။ Setting ထဲမှာ ကိုယ့် blog ရဲ့ Feed URL ကို ရိုက်ထည့်ပြီး လုပ်ရင် ရပါတယ်။ Facebook ကတော့ ကိုယ့် Blog ရဲ့ Feed တစ်ခုလုံးကို ဆွဲယူ ပေးသွားမှာပါ။ ကိုယ်က Post အသစ်တင်တိုင်းလည်း Facebook မှာ အပြည့်အစုံသွားပေါ်မှာပါ။
ကိုယ့်ဆီကို လူတွေလာလည်အောင် လုပ်နေတာထက် လူတွေအများကြီးရှိနေတဲ့နေရာမှာ ကိုယ်က ရောက်အောင်သွားပြီး ကိုယ်ပေးချင်တဲ့ Message ကို ပေးတဲ့နည်းကို ပိုကောင်းတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။
အဆင်ပြေကြပါစေ။
December 29, 2009
Guide to Applying Digital Video
အင်တာနက်ဂျာနယ်မှာ အပတ်စဉ်ပါခဲ့တဲ့ ကိုဝဏ္ဏကျော်ရဲ့ လက်တွေ့အသုံးချ Digital Video လေ့လာမှု လမ်းညွှန် ဆောင်းပါးတွေကို စာအုပ်အဖြစ် ထုတ်ဝေထားခြင်း ဖြစ်ပါတယ်။ မူရင်း ဆောင်းပါးမှာ မပါရှိတဲ့ လိုအပ်တဲ့ပုံတွေကိုလည်း ထည့်ပေးထားပါတယ်။ ဒီစာအုပ်လေး ဖြစ်မြောက်ဖို့အတွက် ကူညီပေးခဲ့ကြတဲ့ အွန်လိုင်းမှ မိတ်ဆွေသူငယ်ချင်းများကို အထူးကျေးဇူးတင်ရှိပါတယ်။
ကိုဝဏ္ဏကျော်ကိုလည်း ဒီနေရာကနေ အားလုံးရဲ့ကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။ အများ သိစေဖို့အတွက် ရည်ရွယ်ပြီး ပြုလုပ်ထားတာမို့ ကိုဝဏ္ဏကျော် နားလည် ခွင့်လွှတ်ပေးနိုင်ပါစေလို့ ဆုတောင်းနေပါတယ်။
File name: Guide to Applying Digital Video
File Size: 1.86 MB
Download Link: http://www.4shared.com/file/182560833/e45e891d/Guide_to_Applying_Digital_Vide.html
December 27, 2009
Microsoft ICT Curriculum Roadmap
Microsoft က ဖန်တီးပေးထားတာပါ။ ကွန်ပျူတာလိုင်းမှာ ဘယ်ဟာပြီးရင် ဘယ်ဟာလုပ်ရမယ်။ ဘယ်လတ်မှတ်ရရင် ဘာဖြစ်နိုင်တယ်ဆိုပြီး လမ်းညွှန်ပေးထားတဲ့ လမ်းပြမြေပုံလေး တစ်ချပ်ပါ။ ကျွန်တော်ကတော့ Vinyl ထုတ်ပြီး အခန်းထဲမှာ ကပ်ထားလိုက်ပြီ။
Download PDF file
ဒါကတော့ မူရင်းလင့်ခ်ပါ။
http://www.microsoft.com/education/MSITAcademy/curriculum/roadmap/default.mspx
December 25, 2009
Beginner Guide to Digital Photography
တစ်နေ့ကပဲ Nikon Coolpix L19 ကင်မရာလေးတစ်လုံး ၀ယ်လာခဲ့ပါတယ်။ အရင်တုန်းကလည်း Digital Camera တွေကို ကိုင်တွယ်ခဲ့ဘူးပေမဲ့ စိတ်ကြိုက်ကလိခွင့်မရခဲ့ဘူး။ အခု ကိုယ့်ကင်မရာနဲ့ကိုယ် ဆိုတော့မှ စိတ်ကြိုက် ကလိကြည့်တယ်။ Manual စာအုပ်ဖတ်ပြီး အကုန်လိုက် စမ်းကြည့်တယ်။ ဓာတ်ပုံတွေ ရိုက်ကြည့်တယ်။ အဲဒီအခါမှ တစ်ချို့ပုံတွေက ကောင်းပေမဲ့ တစ်ချို့ပုံတွေကျ ၀ါးနေတာ၊ မှောင်နေတာ၊ လင်းလွန်းသွားတာမျိုးတွေ ကြုံရတဲ့အခါမှာ ဒါဘာကြောင့်ဖြစ်ရတာပါလိမ့်ဆိုပြီး ဓာတ်ပုံဆရာတွေ မေးကြည့်၊ အင်တာနက်ထဲ မွှေကြည့်တဲ့အခါမှာ အခုလို သိခဲ့ရပါတယ်။ တကယ်တော့ Digital Photography ဟာ အရမ်း အရမ်းကို နက်နဲကျယ်ပြန့်တဲ့ ပညာရပ်ကြီးတစ်ခုပါ။ ကျွန်တော်ဟာ အခုမှ Digital Photography ကို စတင် လေ့လာနေတာ ဖြစ်တာမို့ အခုရေးတဲ့ Post လေးဟာ Beginner တွေ အတွက်ပါပဲလို့ ကြိုတင် ပြောပါရစေ။ Pro များအနေဖြင့် မှားနေတာများရှိရင်၊ လိုအပ်တာများရှိရင် ပြင်ဆင်ဖြည့်စွက်ပေးကြပါလို့ မေတ္တာရပ်ခံပါရစေ။
အရင်က Digital Camera နဲ့ ဓာတ်ပုံရိုက်တယ်ဆိုတာ ချိန်ပြီး ခလုတ်နှိပ်လိုက်တာပါလို့ ထင်ခဲ့ပါတယ်။ ရတော့ ရပါတယ်။ ဒါပေမဲ့ ပုံကောင်းတစ်ပုံ မဖြစ်နိုင်ပါဘူး။ ဓာတ်ပုံမရိုက်ခင် Focus ပြတ်သားအောင် ချိန်ရပါတယ်။ အရင်ခေတ် ဖလင်ကင်မရာတွေတုန်းကတော့ Focus ပြတ်အောင် ချိန်ရတာ လက်ဝင်လှပေမဲ့ အခုခေတ် Digital Camera တွေကတော့ အဲဒီလောက် မခက်တော့ပါဘူး။
Focus ပြတ်၊ မပြတ် ဘယ်လိုသိနိုင်သလဲဆိုတော့ Object ကို ချိန်ပြီးရင် Shutter ခလုတ်ကို အဆုံးထိ မနှိပ်ဘဲ တစ်ဝက်ပဲ နှိပ်လိုက်ပါ။ အဲဒီအခါမှာ ကင်မရာရဲ့ LCD Screen မှာ Focus ပြတ်ရင် အစိမ်းရောင် လေးထောင့်လေး ပေါ်လာမှာဖြစ်ပြီး Focus မပြတ်ရင် အနီရောင်လေးထောင့်လေး ပေါ်လာမှာပါ။ အစိမ်းရောင် ဆိုရင် ရိုက်လို့ရပါပြီ။ အနီရောင် ဆိုရင်တော့ နေရာပြောင်းချိန်ပါ။
Digital Camera တိုင်းမှာ Auto mode ပါပါတယ်။ ဒါပေမဲ့ အဲဒီ Auto ကို ဓာတ်ပုံရိုက်တဲ့အခါတိုင်း မသုံးစွဲ သင့်ပါဘူး။ တစ်ချို့နေရာမှာ Auto တွေက မကောင်းတတ်ပါဘူး။ ဒါပေမဲ့ Manual ထားဖို့ကျတော့ Digital Photography Concepts တွေကို နားလည်ဦးမှ ဖြစ်မှာပါ။ ဒါကြောင့် အောက်မှာ Digital Photography ရဲ့ Basic Concepts တွေကို တတ်နိုင်သလောက် ရှင်းပြထားပါတယ်။ အောက်မှာ ပြောထားတဲ့ စကားလုံးတွေကို Digital Camera ရဲ့ Setting တွေထဲမှာ တွေ့နိုင်ပါတယ်။ ဒါမှမဟုတ် Digital Camera နဲ့ ရိုက်ထားတဲ့ပုံတစ်ပုံကို ကွန်ပျူတာမှာ Right Click နှိပ် Properties ခေါ်ပြီး Summary tab ထဲမှာလည်း တွေ့နိုင်ပါတယ်။
(၁) Shutter Speed
Shutter Speed ကို Point and Shoot Camera တွေမှာ ပြင်ဆင်လို့ မရပါဘူး။ Nikon D40 လို Digital Camera အကြီးစားတွေမှာသာ ပြင်နိုင်ပါလိမ့်မယ်။ Point and Shoot လို့ခေါ်တဲ့ လူသုံးများတဲ့ Digital Camera အသေးစားလေးတွေဟာ Shutter Speed ကို သူ့အလိုလို သတ်မှတ်ပြီး ရိုက်သွားပါတယ်။
Shutter Speed ကို Second နဲ့ တိုင်းတာပါတယ်။ 1/125 တို့ 1/62 တို့လိုမျိုးပါ။ 1/125 ဆိုရင် Shutter Speed ဟာ တစ်စက္ကန့်ရဲ့ အပုံ ၁၂၅ပုံ ၁ပုံ ရှိတယ်လို့ပြောတာပါ။ နေ့လည်ခင်းလိုမျိုး နေသာတဲ့အချိန်မှာ Shutter Speed ကို လျော့ရိုက်ပေးရပါတယ်။ 1/125 လောက် ထားရပါတယ်။ ဘာကြောင့်လဲဆိုတော့ နေ့ခင်း ဖြစ်တဲ့အတွက် ကင်မရာထဲကို အလင်းဝင်အားက များနေပါတယ်။ အဲဒီအချိန်မှာ Shutter Speed ကို နှေးလိုက်ရင် ကင်မရာထဲကို အလင်းတွေအများကြီးဝင်လာပြီး ရလာတဲ့ပုံဟာ burn သွားတာမျိုး ဖြစ်နိုင်ပါတယ်။ Indoor ရိုက်တာမျိုးဆိုရင်တော့ 1/62 ထားရင် ရပါတယ်။ လှုပ်ရှားနေတဲ့ ပုံရိပ်ကို ရိုက်မယ်ဆိုရင်တော့ Shutter Speed ကို မြန်ပေးရပါလိမ့်မယ်။ နောက်ပြီး အလင်းအားနည်းတဲ့အခါမှာတော့ Shutter Speed ကို နှေးပေး ရပါလိမ့်မယ်။ ဥပမာ 1/62 လောက် ထားပေးရပါတယ်။
(၂) Aperture
ကင်မရာမှာ Lens Diaphragm ဆိုတာ ပါပါတယ်။ သူက Shutter လေးဖွင့်လိုက်တဲ့အခါမှာ ဖလင်ပေါ်ကို ရောက်လာတဲ့ ပုံရိပ်ရဲ့ပမာဏကို ထိန်းချုပ်ပါတယ်။ အဲဒီ Lens Diaphragm ဟာ ၀င်လာတဲ့ပုံရိပ်ကို ဘယ်လောယ်အကျယ်ထိ လက်ခံမလဲဆိုတာကို Aperture ဆိုပြီး သတ်မှတ်ပါတယ်။ Aperture ရဲ့ တန်ဖိုးကို F-numbers နဲ့ တိုင်းတာပါတယ်။ F-stops (သို့မဟုတ်) Focal ratio လို့လည်း သုံးစွဲကြပါသေးတယ်။ F-numbers ကိုတော့ ကင်မရာရဲ့ Lens diameter ကို Focal length နဲ့ စားပြီး ရပါတယ်။
ဆိုလိုတာက လူတစ်ယောက်ကို အနီးကပ်ရိုက်ချင်တာမျိုးဆိုရင် Aperture တန်ဖိုးကို များပေးရပါတယ်။ (မှတ်ချက် Aperture တန်ဖိုးများရင် f-number ရဲ့တန်ဖိုး နည်းပါတယ်၊ သူတို့က ပြောင်းပြန် အချိုးကျပါတယ်) f-number ကို f3.0 ကနေ f5.5 လောက်အတွင်း ထားရပါတယ်။ အဲဒီလိုထားရိုက်မယ်ဆိုရင် ကိုယ်ရိုက်တဲ့လူရဲ့ ပုံကပဲ ကြည်နေပြီး နောက်က background က ၀ါးနေတဲ့ပုံလိုမျိုး ပုံကောင်းတစ်ပုံ ရနိုင်ပါတယ်။
ရှုခင်းတွေ၊ လူအုပ်စုပုံတွေ၊ တခြားသာမန်ပုံတွေ ရိုက်မယ်ဆိုရင်တော့ Aperture တန်ဖိုးကို နည်းပေးရတယ်၊ တစ်နည်းအားဖြင့် f-number ကို များပေးရပါတယ်။ f16 ကနေ f32 လောက်အထိ ထားလို့ရပါတယ်။
မနီးလွန်း မဝေးလွန်းရိုက်ချင်ရင်တော့ f8 ကနေ f11 လောက်အတွင်း ထားရိုက်ရင် ရပါတယ်။
မှတ်ချက်၊ အပျော်တမ်း ဒီဂျစ်တယ်ကင်မရာတွေမှာ Aperture တန်ဖိုးကို ပြင်လို့မရပါဘူး။ Auto ပါ။
(၃) Exposure
Exposure ကတော့ အလင်းနဲ့ တိုက်ရိုက်သက်ဆိုင်နေပါတယ်။ Exposure တန်ဖိုးကို များများ ထားပြီး ရိုက်ရင် ရလာတဲ့ပုံဟာ အလင်းများမှာဖြစ်ပြီး Exposure တန်ဖိုးကို နည်းနည်းထားရိုက်ရင်တော့ ရလာာတဲ့ပုံဟာ အလင်းနည်းနေမှာပါ။ အရမ်းလင်းနေတဲ့နေရာမှာ ဓာတ်ပုံရိုက်မယ်ဆိုရင် Exposure ကို လျော့ပြီး ရိုက်သင့်ပါတယ်။ Nikon L19 မှာတော့ Exposure ကို +2 ကနေ -2 အတွင်း ရပါတယ်။
(၄) ISO Speed
ISO Speed ကတော့ Film Speed နဲ့ အတူတူပါပဲ။ Film Speed မြန်တယ်ဆိုရင် အလင်းရရှိချိန် နည်းသွားပါလိမ့်မယ်။ ဒါကြောင့် အလင်းများပေးဖို့လိုတယ် သို့မဟုတ် အလင်းကို အာရုံခံနိုင်စွမ်း များဖို့လိုပါတယ်။ အဲဒါ ISO ပါပဲ။ ISO တန်ဖိုးများရင် အလင်းကို အာရုံခံနိုင်စွမ်းများတယ် ဒါကြောင့် အရမ်း မှောင်တဲ့နေရာတွေမှာ ဓာတ်ပုံရိုက်ချင်တယ် Flash ကိုလည်း မသုံးချင်ဘူးဆိုရင် ISO တန်ဖိုးကို များများ ထားပြီး ရိုက်လို့ရပါတယ်။ လက်ရှိကင်မရာအများစုကတော့ ISO ကို 1600 အထိ ထားလို့ရပါတယ်။
ဒီလောက်ဆိုရင် အနည်းငယ် လုံလောက်ပြီလို့ ထင်ပါတယ်။ နောင် အလျဉ်းသင့်ရင်လည်း ဆက်လက် ဖော်ပြပေး သွားပါလိမ့်မယ်။ terms တွေကို အဓိပ္ပာယ်ဖွင့်တဲ့အခါမှာ ကျွန်တော့်အနေနဲ့က ကိုယ်သိမဟုတ်ဘဲ စာသိနဲ့ နားသိပဲ ဖြစ်တဲ့အတွက် အရေးအသား ချောမွေ့မှာမဟုတ်ပါဘူး။ လိုအပ်တာလေးများ ရှိရင်လည်း Comments ပေးခဲ့ကြပါဦးလို့ ဖိတ်ခေါ်ပါရစေ။
Reference:
www.photography.com
en.wikipedia.org
Nikon Coolpix L19 Manual
December 24, 2009
HDTV & HDMI
အခုနောက်ပိုင်း Laptop တွေမှာ HDMI port ဆိုတာလေး ပါ ပါလာတာနဲ့ HDMI ဆိုတာ ဘာကြီးပါလိမ့်ဆိုပြီး အွန်လိုင်းပေါ်တက်ပြီး စပ်စုကြည့်မိပါတယ်။ အခု ကျွန်တော် ရှာတွေ့ခဲ့သလောက်လေးကို ဖောက်သည် ချလိုက်ပါတယ်။
HDMI ဆိုတာက High Definition Media Interface ရဲ့ အတိုကောက်တဲ့။ သူ့ကို HDTV တွေမှာ BlueRay Player တွေမှာ၊ Laptop တွေမှာ တွေ့နိုင်ပါတယ်တဲ့။ HD အတွက် HDMI ဆိုတာ ပေါ်လာတယ်လို့တောင် ပြောနိုင်ပါတယ်တဲ့။ ကျွန်တော်တို့ လက်ရှိသုံးနေကြတဲ့ TV တွေဟာ SD (Standard Definition) တွေဖြစ်ပြီး သူတို့ဟာ interlaced method ကို သုံးပြီး ပုံရိပ်တွေကို ဖော်ပြပေးနေကြပါတယ်တဲ့။ interlaced method ဆိုတာက ပုံရိပ်တစ်ခုလုံးကို ချက်ချင်းဖော်ပေးတာမဟုတ်ဘဲ တစ်လိုင်းပြီးရင် တစ်လိုင်းဖော်တဲ့ပုံစံနဲ့ သွားတာပါတဲ့။ ဒါပေမဲ့ အရမ်းမြန်တဲ့အတွက် လူမျက်စိက မမြင်တာပါတဲ့။
HDTV တွေကတော့ လုံးဝ digital တွေ ဖြစ်ပါတယ်တဲ့။ HDTV တွေဟာ Aspect ration ကို 16:9 အထိ ရပြီး resolution က 1920*1080 အထိရပါတယ်တဲ့။ (SD က 704*480 ပဲရပါတယ်) ပြီးတော့ HDTV တွေရဲ့ color ထွက်ကတော့ SD နဲ့ တခြားစီပဲတဲ့။ (ကြည့်ဖူးသူတွေ သိကြမှာပါ)
အဲဒီ HDTV တွေအတွက် HDMI ကြိုးနဲ့ HDMI port ဆိုတာ လိုအပ်လာပါတယ်တဲ့။ HDMI ကြိုးတွေဟာ audio ရော video ရော နှစ်မျိုးစလုံးကို သယ်ပို့ပေးနိုင်ပါတယ်တဲ့။ audio ကို 8 channel အထိတောင် သယ်ပို့ပေး နိုင်ပါတယ်တဲ့။
Laptop တွေမှာပါတဲ့ HDMI port ကတော့ output port ဖြစ်ပြီး အဲဒီ Laptop နဲ့ HDTV နဲ့ တွဲဖို့အတွက် ဖြစ်ပါတယ်တဲ့။ အခုဆိုရင် Desktop တွေမှာတောင် ပါလာပြီဖြစ်တဲ့အတွက် ကွန်ပျူတာနဲ့ HD ဇာတ်ကားတွေကို ခံစားနိုင်ပါပြီတဲ့။ (အင်း. Blueray ခွေရယ်၊ Blureray drive လေးရယ်၊ HDTV လေးရယ် ရှိရင်ပေါ့)
နောင်တစ်ချိန်မှာ VGA port, DVI port နဲ့ S-Video port တွေနေရာမှာ HDMI က နေရာယူသွားနိုင်ပါတယ်တဲ့။
ပြီးတော့ အရင်လို ကြိုးတွေ ရှုပ်တော့မှာမဟုတ်ဘူးတဲ့။ ဆိုလိုတာက HDTV နဲ့ HD DVD Player နဲ့ ဆက်သွယ်ဖို့ HDMI တစ်ကြိုးတည်းနဲ့ ပြီးတယ်တဲ့။ (မျက်မြင်ကိုယ်တွေ့ဟုတ်ဘူးနော်)
အဲ. ကျွန်တော်ဖတ်ကြည့်ပြီး သိခဲ့ရသလောက်တော့ အဲဒီလောက်ပါပဲဗျာ။ စာဖတ်သူထဲကလည်း HD အကြောင်း သိထားသူများရှိနေရင် ပညာဝေမျှပေးခဲ့ပါဦးဗျာ။
References:
www.hdmi.org
http://electronics.howstuffworks.com/hdmi.htm
http://hometheater.about.com/od/hometheatervideobasics/qt/hdmifacts.htm
http://askville.amazon.com/laptop-HDMI-port-connect-cable-box-receive-tv-channels/AnswerViewer.do?requestId=18786543
http://electronics.howstuffworks.com/hd-dvd.htm
December 22, 2009
Microsoft Answers
Microsoft site ကို မွှေရင်းနဲ့ တွေ့ခဲ့တာပါ။ သူ့ရဲ့ ဆောင်ပုဒ်လေးကို အရမ်းသဘောကျတယ်။ Real People, Real Answers တဲ့။ ရှိပြီးသား အမေးအဖြေတွေကိုလည်း ရှာလို့ရတယ်။ ကိုယ်အခက်အခဲဖြစ်နေတာတွေကိုလည်း မေးလို့ရသေးတယ်။ ကဲ.. စာဖတ်သူမေးခွန်းကို Microsoft က ဖြေပေးမှာနော်။ ပြေးကြည့်လိုက်ပါဦး။ Link က
answers.microsoft.com ပါ။
December 16, 2009
သင်တန်းတွေရဲ့အသက်ဟာ Course
Thesis တွေအတွက် software တွေရေးပြီးတော့ နောက်အလုပ်တစ်ခု ရောက်လာပြန်ပါရော။ သင်တန်းမှာ အသစ်ဖွင့်မယ့် Web Development အတန်းအတွက် Course တွေ ရေးရတာလေ။ ကျွန်တော်က HTML, XHTML, CSS, Javascript, XML ကို Web Essential လို့ထားပြီး PHP နဲ့ AJAX ကိုတော့ Web Development သင်တန်းမှာ သင်မယ်လို့ စိတ်ကူးလိုက်ပါတယ်။
အဲဒါနဲ့ပဲ Course တွေ စရေးဖို့ လုပ်ရပါတော့မယ်။ ပထမဆုံး HTML ပေါ့။ ဘယ်ကနေ Reference လုပ်ရမှန်း မသိဘူး။ နောက်မှ အော် W3 Schools ရှိသားပဲလို့ သတိရပြီး W3 Schools site တစ်ခုလုံးကို Download ဆွဲလိုက်ပါတယ်။ ပြီးတော့ HTML ကို အဲဒီထဲကအတိုင်းပဲ သင်မယ်လို့ ဆုံးဖြတ်လိုက်ပြီး Word 2003 လေးနဲ့ စာပြန်စီရပါတယ်။ အစပိုင်းက HTML ကို စာမျက်နှာနည်းနည်းလောက်နဲ့ ပြီးမယ်ထင်တာ အခု တကယ်စီလိုက်တော့ A4 စာမျက်နှာ ၈၀ ကျော်တာတောင် မပြီးသေးဘူး။ ကျွန်တော်က ဒီ Course စာအုပ်ကို ကိုင်တဲ့ ကျောင်းသားတစ်ယောက်အနေနဲ့ နောင်လည်း ဒီ Course စာအုပ်ကို အသုံးချလို့ရအောင် W3 Schools ထဲကဟာတွေကို လုံးဝမချန်ဘဲ ထည့်လိုက်ပါတယ်။ W3 Schools ဟာ Web အတွက်ဆိုရင်တော့ တကယ်လို့ ကောင်းလွန်းလှပါတယ်။ သူ့ရဲ့ Tutorial တွေဟာ အပိုမပါဘဲ လိုတိုရှင်းပါ။ အခုခေတ် စာများများ မဖတ်ချင်တဲ့ လူငယ်တွေအတွက်တော့ တကယ်ကို သင့်တော်လှပါတယ်။
Course ရေးရတာ လွယ်တဲ့အလုပ်တော့ မဟုတ်ပါဘူး။ အခုလို Reference လုပ်စရာရှိနေရင် လွယ်လွယ်နဲ့ ပြီးပေမဲ့ ကိုယ်တိုင်ရေးရရင် အရမ်းခက်ပါတယ်။ ဒါပေမဲ့ တစ်ခါပဲ။ ပြီးသွားရင် အဲဒီ Course စာအုပ်နဲ့ ဘယ်သူကပဲ သင်သင် အဆင်ပြေသွားတာပါ။ သင်တန်းတွေအနေနဲ့ Course ကို အလေးထားပေးသင့်ပါတယ်။ သင်တန်း တက်နေတဲ့အချိန်လေးအတွင်းမှာ သုံးရတဲ့ ပုံစံထက် နောင်လည်း အမြဲဖတ်နေလို့ရတဲ့ ပုံစံမျိုး ဖန်တီပေးသင့်ပါတယ်။ ကျောင်းသားကို လျော့တွက်ပြီး ဒါကတော့ မြင့်လွန်းတယ်ဆိုပြီး မထည့်တာမျိုးကလည်း မကောင်းပါဘူး။ အဲဒီလိုလုပ်ရင် ကျောင်းသားက တတ်မှာမဟုတ်တော့ဘူး။ ပြီးတော့ တစ်ချို့သင်တန်းတွေဆို ဘာပြီးရင်ဘာနှိပ်ဆိုပြီး step တွေကိုပဲ ရေးထားတာတွေကို တွေ့ဖူးတယ်။ Concept ကို မထည့်ဘူး။ ဒါလည်း မကောင်းပါဘူး။ တစ်ချို့သင်တန်းကတော့ ဖြစ်သလိုပါပဲ။ Course စာအုပ်ပေးတယ်ဆိုတာလောက်ပဲ အမည်ခံပြီး အထဲမှာ ဘာမှမယ်မယ်ရရ မပါဘူး။
ကျွန်တော်ဆို Application တွေအတွက်ဆို Help File ကို အားကိုးပြီး ရေးပါတယ်။ A+ Course ရေးခဲ့တုန်းကဆိုရင် Mike Meyer နဲ့ Scott Muller တို့ရဲ့ စာအုပ်တွေကို အားကိုးပြီး ရေးပါတယ်။ Network တုန်းကဆိုရင် Network+ 2005 ကို အားကိုးပြီးရေးပါတယ်။ ဒါပေမဲ့ စာတွေများတော့ ကျောင်းသားတွေက ငြီးငွေ့ကြပါတယ်။ ပြန်ပြင်ရတယ်။ အခုကျ Concept တစ်ခုပေး၊ ပြီးရင် Exercise လာတဲ့ ပုံစံမျိုးနဲ့ပဲ သွားပါတော့တယ်။
ဟိုးတစ်လောက ရေးမယ်လို့ပြောထားတဲ့ Post တွေကိုလည်း မရေးနိုင်သေးပါဘူး။ အဲဒီ Field တွေက ကျယ်လွန်းတော့ ဟာသွားရင်မကောင်းလို့ အေးအေးဆေးဆေး အချိန်ရမှပဲ ရေးပါတော့မယ်။ အိုင်တီမန်းကို အသစ်များတင်လေမလားဆိုပြီး ၀င်ဝင်ကြည့်နေတဲ့ စာဖတ်သူတွေကို အားနာလှပါတယ်။ အခုတစ်လောတော့ Post တွေ အရေးကျဲနေဦးမှာပါ။ ခေါင်းထဲမှာတော့ စီထားပါတယ်။ လာရင်တော့ စောင့်ရကျိုးနပ်စေရပါ့မယ်။ အသစ်တွေလေ။